" ပတ္တမြားဆက်... ''ခပ်ပြတ်ပြတ်ခေါ်သံကြောင့် ဆက်ကိုယ်လေး တုန်တက်သွားသည်အထိ လန့်သွားမိသည် ။ ချမ်းလည်းထို့အတူပင် ။ သူမတို့နှစ်ယောက်ရှိနေသောပုံစံက သေချာပေါက် ကောင်းချီးပေးမည့်အခြေအနေတော့မဟုတ်ခဲ့ ။
ချမ်းက သူမကိုယ်ပေါ်မှ အလူးအလဲထသည် ။ ဆက်လဲထို့အတူပင် ။ နှစ်ယောက်လုံးကုတင်ပေါ်မှာ ငုတ်တုတ်ကလေးတွေထိုင်ကာ ဒေါ်မိမိတာဆီမှ ထွက်လာမည့်စကားသံကို တုန်လှုပ်စွာ စောင့်စားနေခဲ့ကြသည် ။
ဆက် အာခေါင်တွေပင်ခြောက်နေလေပြီ ။ လက်တွေတုန်သလိုလို ခြေတွေတုန်လာသလိုလို ဖြစ်နေသည် ။ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်နေမိသည် ။ သူမသည် ယခုအခြေအနေတွင် ချမ်းရှေ့မှ မားမားမတ်မတ်ရပ်တည်နိုင်မည့် သတ္တိရှိမနေချေ ။
" ဆက် အကျင့်တွေပျက်နေတာလား... ဘယ်လိုကြောင့် ချမ်းကိုအနိုင်ကျင့်နေရတာလဲ... ကိုယ့်ထက်တစ်ရက်လေးဘဲကြီးကြီး လေးစားရမယ်လို့ မေမေပြောမထားဘူးလား... အရွယ်တွေလဲမငယ်တော့ဘူး အခုထိဆော့လို့ကောင်းကြတုန်း... မပြောချင်တော့ဘူး... ''
ဆက်ခေါင်းလေးထောင်လာ၏ ။ မေမေကသူမတို့နှစ်ယောက်ကို ရိုးရိုးသားသားလို့ထင်သွားသည်လား ။ အင်း... ဖြစ်နိုင်သည် ။ ရှေးရိုးစွဲတစ်ယောက်ဖြစ်သော မေမေသည် သူမသမီးက မိန်းကလေးတစ်ယောက်အား ချစ်မြတ်နိုးနေသည်ကို ရိပ်မိပုံပင် မရပါချေ ။
ဆက်ဘာမှပြန်မပြောဘဲ ရယ်ကျဲကျဲလေးသာလုပ်နေမိသည် ။ တကယ်တမ်းကတော့ ဘာပြန်ပြောရမည်ကိုမသိသောကြောင့်သာ ။
" အောက်မှာ မောင်သွင်ဟန်သာရောက်နေတယ်ဆက်... ခဏဆင်းခဲ့ဦး သူ့အမေလည်းပါတယ်... ''
ဆက်စိတ်ညစ်သွားမိသည် ။ မေမေကတော့ပြောစရာရှိတာပြောပြီးသည်နှင့် ပြန်ဆင်းသွား၏ ။ ဆက်စိတ်ထဲမှာ တစ်မိနစ်လောက်အတွင်းမှာ ရင်ခုန်ခြင်း ၊ ထိတ်လန့်ခြင်း ၊ စိတ်ပျက်ခြင်းတွေ ဆက်တိုက်ဖြစ်သွား၏ ။