ဒုန်းဟူသောအသံအကျယ်ကြီးထွက်ပေါ်လာပြီး ဆက်ကိုယ်လေးလေပေါ်မြောက်တက်သွားသည် ။ရပ်တန့်မသွားဘဲဆက်သွားနေသောကားလေးပေါ်မှာ ဆက်ကိုယ်လုံးက လိမ့်သွား၏ ။ နှစ်ပတ်သုံးပတ်လိမ့်သွားပြီးနောက် ပေါ့ပါးစွာပင် ကတ္တရာလမ်းပေါ် ပြန်ကျသွားသည် ။ ခေါင်းနှင့်လမ်း အရှိန်ပြင်းစွာ ရိုက်မိပြီးသော်လည်း မရပ်တန့်သေးဘဲဆက်လိမ့်သွားပြန်သည် ။
ဆက်ခန္ဓာကိုယ်လေး လိမ့်သွားရာလမ်းတစ်လျှောက် သွေးတွေက အထိန်းအကွပ်မဲ့စွာစီးဆင်းသွားသည် ။ ချမ်း ဖြစ်ပျက်သမျှအရာတွေကို အံ့သြထိတ်လန့်စွာ ကြောင်ကြည့်နေမိသည် ။ သူမချစ်ရသောသူသည် သူမရှေ့တွင်ပင် အကောင်းပကတိလမ်းလျှောက်နေရာမှ သွေးအလိမ်းလိမ်းဖြင့်မြေပြင်တွင်လဲလျောင်းနေချေပြီ ။
" ဆက်..... ''
သတိဝင်လာချိန် သူမအားကုန်ကုန်းအော်ကာ ပုံပုံလေးကျနေသော ဆက်ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်မိသည် ။ ပျော့ခွေနေသောခန္ဓာကိုယ်လေးက ပေါ့ပါးစွာပါလာ၏ ။
ခေါင်းတစ်ခုလုံးသွေးတွေရဲနေကာ သတိကင်းမဲ့နေပြီဖြစ်သောဆက်သည် သူမ၏နာကျင်မှုတွေကို မခံစားနိုင်တော့ကြောင်း သက်သေပြနေဟန် ။
" ဆက် ဘာမှ မဖြစ်ရဘူး.... ဆက် ဘာမှမဖြစ်ရဘူးကွာ..... ''
သူမရင်နင့်စွာရေရွတ်နေသည်ကို ဆက်မကြားနိုင်တော့.... ။
ခဏအကြာ လူတွေဝိုင်းလာသည် ။
ဆေးရုံကားသံတွေကိုလည်း ကြားလိုက်မကြားလိုက်... ။
သူမကတော့ ဆက်ကိုဖက်ရင်းသာငိုဆဲ ။ ဆေးရုံကားတွေရောက်လာပြီး ဆက်ကိုခေါ်သွားကြသည် ။ ချမ်းကမန်းကတန်းထကာ ကားပေါ်ပြေးတက်ပြီးလိုက်သွားမိသည် ။
ဆေးရုံသို့သွားနေစဉ်တစ်လျှောက်လုံး ဆက်ကို အောက်ဆီဂျင်ပိုက်တွေတပ်ရင်း လိုအပ်သောပြုစုမှုတွေအကုန်လုပ်သွားရသည် ။ ကွဲသွားသောခေါင်းက သွေးတွေမနားတမ်းစီးကျနေသောကြောင့် ဂွမ်းတွေနှင့်ဖိထားရသည် ။