ep 22

14.5K 1.5K 180
                                    

'' ကျွန်တော်က ခင်ဗျားတို့ကို စိတ်အနှောက်ယှက်ပေးနေတာမဟုတ်ဘူး ။ စိတ်ချရအောင် စစ်ဆေးနေတာ ။ မီးဖိုချောင်မှာ ဒီနေ့ကစပြီး ကျွန်တော်မှာယူထားတဲ့ ပစ္စည်းတွေကိုပဲ သုံးပေးပါ ''

အရမ်းအားနေပြီဆိုရင် မုန်းဟာမီးဖိုချောင်ထဲဝင်ပြီး ထမင်းချက်တွေကို ပြသနာသွားရှာလေ့ရှိတယ် ။ အချိန်တိုင်းသူဟာ အေးဆေးမနေနိုင်ဘူး။ တစ်ဆိတ်ရှိ မီးဖိုထဲကလူတွေကို အလုပ်ထုတ်ပစ်ဖို့ရာ ချောင်းနေတဲ့သူ ။

ထမင်းချက်အဒေါ်ကြီးသည် မုန်းကို မျက်ထောင့်နီကြီးနဲ့ကြည့်ကာ မကျေမချမ်းနဲ့ မဲ့ရွဲ့နေလိုက်သည် ။ ကျန်အလုပ်သမားနှစ်ယောက်ကလည်း ဘယ်သူ့ကြားဝင်ပါရမှန်းမသိဘဲ နံဘေးမှာကုပ်ကုပ်လေးရပ်နေသည် ။ အလုပ်သမားချင်းတူတူ ထမင်းချက်အဒေါ်ကြီးဖက်ရပ်တည်ပေးချင်ပေမယ့် မုန်းဆိုတဲ့ကောင်လေးက အိမ်ကြီးရှင်ရဲ့အလေးပေးဆက်ဆံခံရတဲ့လူမဟုတ်လား ။

'' အမလေးတော် ...........  သခင်လေးက နည်းနည်းအလေးပေးတာနဲ့ ကမ်းတက်လာပြန်ပြီ ။ ကိုယ့်နေရာနဲ့ကိုယ်မနေချင်ဘူး ။ ဒီမယ် မောင်ရင် မီးဖိုချောင်ကိစ္စတွေက မင်းနဲ့ မဆိုင်ဘူးဆိုတာ သိသင့်တယ်ထင်တယ် ''

'' ကျွန်တော်က မဆိုင်တဲ့နေရာ ၀င်ပါနေတာမဟုတ်ဘူး ။ ခင်ဗျားတို့ကို ဆရာကြီးဝင်လုပ်တာမဟုတ်ဘူး ။ မီးဖိုချောင်အတွက် အ၀ယ်စာရင်းတွေကို စီမံပေးရုံသက်သက်ပဲလေ ။ ခင်ဗျားတို့က ဘာကိုအဲ့လောက်ထိကြောက်နေတာလဲ ။ ဧကန္တ  မဟုတ်တာလုပ်ထားလို့များ လိပ်ပြာမလုံဖြစ်နေတာလား''

ပမာမခန့်ပြောဟန်နဲ့ မုန်းကခနဲ့လိုက်တော့ ထမင်းချက်အဒေါ်ကြီးသည် ဒေါသချောင်းချောင်းထွက်သွားပြီး အံကြိတ်လိုက်သည် ။ ထိုစဉ် ထမင်းစားခန်းထဲ လူရိပ်ဝင်လာတာကို မြင်လိုက်၍ အဒေါ်ကြီးသည် ချက်ချင်းလေသံပြောင်းသွားသည် ။

'' အဒေါ်တောင်းပန်ပါတယ် လူလေးရယ် ။ အဒေါ်တို့က မင်းအမိန့်ကို နာခံမှာမလို့ သခင်လေးကို အလုပ်ထုတ်ပစ်ဖို့တော့ မပြောပါနဲ့နော် ။ ဒီကထွက်ရရင် အဒေါ်တို့မှာ နေစရာ မရှိလို့ပါ ''

'' ခင်ဗျား ...... ရုတ်တရက်ကြီး ဘာလို့ ......''

မုန်း နားလည်သွားဟန်နဲ့ နောက်သို့လှည့်ကြည့်လိုက်တော့ သူ့ကိုလက်ပိုက်ကြည့်နေသည့် သခင်လေးကိုမြင်သွားသည် ။ အကုသိုလ်ဆိုတာမျိုးက အပေါင်းအပါနဲ့လာတယ်ဆိုတာ တကယ်မှန်သည် ။ သခင်လေးကိုလည်း ရှင်းပြချင်သည့်စိတ်မရှိသောကြောင့် မုန်း မျက်နှာကြောတင်းတင်းနဲ့ပင် သခင်လေးကိုစိုက်ကြည့်လိုက်သည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now