အပိုင်း ၃၆ (Z & U)

6.9K 545 22
                                    

Zawgyi

ကမ်းခြေရဲ့ အငွေ့အသက်ကို အရိပ် အလွန်နှစ်သက်သည်။လေပြည်လေး တဖြူးဖြူးနှင့်ကျယ်ပြောသည့် ရေပြင်ကြီးကို ငေးကြည့်နေရတာမျိုးကိုလည်း အရိပ် သဘောကျ၏။ဒါကြောင့် ကိုကို့ကို စိတ်ဆိုးမိစဉ်ကတောင် ငထက်ကို နားပူနားစာလုပ်ပြီး ဒီအထိရောက်အောင်လာခဲ့ခြင်းဖြစ်သည်။

ခပ်လှမ်းလှမ်းမှာ ဘောလုံးတစ်လုံးဖြင့် ကစားနေကြသော မိသားစုငယ်လေး။တိတိကျကျ ပြောရရင် မမ ရယ်၊ကိုအာကာရယ်၊သားငယ်လေးရယ်။နောက်..အရိပ်သိပ်ချစ်ရတဲ့ သမီးငယ်။ခုလိုလေး ပျော်ရွှင်နေရတာ မြင်ရပြန်တော့လည်း လွန်ခဲ့သော အချိန်တွေက အတ္တကြီးစွာ ဖုံးကွယ်မိခဲ့ခြင်းအပေါ် နောင်တရမိသည်။

အစကတည်းကသာ သမီးကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့လျှင် ဒီလို ပျော်ရွှင်မှုမျိုး အစောကြီးကတည်းက မြင်ရမှာ။ခုတော့ အရိပ်ရဲ့အတ္တ တစ်ခုအတွက်နဲ့ မမနဲ့ကိုအာကာလည်း ရေမြေခြားပြီး အိမ်ရာထူထောင်ခဲ့ရသလို ကိုယ့်မြေမဟုတ်လေတော့ အခက်အခဲလည်းများစွာရှိခဲ့ကြ၏။

ပခုံးပေါ် သိုင်းဖက်လာသည့် လက်တစ်စုံကြောင့် အတွေးစက ပြတ်တောက်သွားရသည်။ဘယ်သူရှိပါ့မလဲ။အရိပ်ရဲ့အိမ်ဦးနတ်ဖြစ်သော ကိုကိုပဲပေါ့။

"ဘာတွေတွေးနေတုန်း..ကလေး''

"ကိုကိုရယ်...အရိပ်က အသက် ၄၀ပြည့်တော့မှာလေ၊ဘယ်လိုဖြစ်လို့ကလေး ဖြစ်ရမှာလဲ.''

အရိပ်ရဲ့ အပြောကြောင့် ကိုကိုက ရယ်လေသည်။ကိုကို ရယ်နေရင် အင်မတန်ကြည့်ကောင်းပြီး တည်နေပြန်တော့လည်း ခန့်ခန့်ညားညားရှိလှသည်။သူများ ကြားရင် ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ် ထင်ကြမလားမသိ။ကိုကိုက ခုဆို ၄၀ကို တော်တော်ကျော်လာခဲ့ပြီလေ။ဒါပေမဲ့လည်း အရိပ်နဲ့ စတွေ့တုန်းကလို ချောဆဲ..ခန့်ဆဲပင်.။

"အရိပ် အသက်ကြီးလာသလို ကိုကို့အသက်ကရော ငြိမ်နေလို့လား။အဲ့တော့ ကိုကိုနဲ့ ယှဉ်သရွေ့ အရိပ်က ကိုကို့ကလေးလေးပဲ။ကလေးလေးဆိုတဲ့အသုံးကို နောက်ထပ် ၁၀နှစ် နှစ်၂၀ကြာသွားလည်း ကိုကိုက သုံးနေဦးမှာပဲ''

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now