Chapter(9)

10K 1.7K 48
                                    


___________

Unicode

******

မကြည်သာတဲ့မျက်နှာနဲ့ ကြည့်နေတဲ့ အရီးမပုရှေ့မှာ မှိုင်းက အပြစ်သားလို ကုပ်ကုပ်လေးထိုင်နေရပါသည်။

အမေကတော့ မကျေမလည်ဖြစ်နေတဲ့ ယောင်းမဖြစ်သူကြောင့် အနည်းငယ်အနေရခက်စိတ်ညစ်နေဟန်ဖြင့် ပြတင်းပေါက်ဖက်ကို မျှော်ကြည့်နေကာ ဦးလေးကတော့ မိန်းမနဲ့ အစ်မသားအမိကြား ဝင်ပါလိုခြင်းအလျင်းမရှိဘဲကွမ်းအစ်ထဲက စိတ်ပြီးသားကွမ်းသီးတွေကိုသာအပြန်ပြန်အလှန်လှန် ညှပ်နေလေ၏။

"အဲဒီကို လိုက်လို့နေရမှာတော့ ဟုတ်ပါပြီ၊အစ်မကြင်ကရော ဘယ်လိုဆက်လုပ်မယ်စိတ်ကူးထားလဲ၊ ဒါနဲ့ တကယ်တမ်း ယုံရောယုံရပါ့မလား၊ဘွားခနဲ နတ်ဖန်ဆင်းသလိုပေါ်လာတာ "

မှိုင်းတစ်ယောက် ဒေါ်ခင်မင်းသွယ် အိမ်ကို လိုက်နေရမည်ဆိုသည့်အခါ အရီးမပုက မကြည်ဖြူသလို အသံထွက်လာပြီ။

တကယ်တမ်း ပါးစပ်ကပြောမယ့်သာပြောနေတာ မှိုင်းရဲ့ လုပ်အားက အိမ်အတွက် တစ်ထောင့်တစ်နေရာက အားဖြစ်စေတာတော့အမှန်။

ဒေါ်ကြင်သိန်း ရှိတယ်ဆိုပေမယ့် လူငယ်နှင့်လူကြီးတော့ကွာသေးတာလေ။မှိုင်းက ကလေးမက လူကြီးမကျ ဆိုတော့ ဘယ်သို့ဆိုဆို ခိုင်းစေလို့ရ၊စိတ်မလိုရင်လည်း ကြိမ်းမောင်းလို့ ကိစ္စ မရှိ။

ယောကျ်ားဖြစ်သူ ကိုလှရွှေကလည်း မိန်းမဖြစ်သူ စိတ်မကြည်လင် သောင်းကျန်းသည့်အခါ လွန်လာရင်အနည်းငယ် တားမြစ်တာကလွဲလို့ ကျန်တာ လျစ်လျူရှုထားတော့အရာအားလုံးက မပုစီမံရာသာဖြစ်၏။

ပြီးတော့ အဓိက အရေးအကြီးဆုံးအချက်က ဝင်ငွေလျော့သွားမှာပင်။ခုဆို နေ့စားပဲ ဖြစ်ဖြစ် မှိုင်းက ရေခဲစက်မှာ အလုပ်ရနေပြီ။ကျောင်းတက်ရမှာဆို ဒီအလုပ်ကဆက်လုပ်ဖို့ မလွယ်တော့။မလုပ်နိုင်လျှင် ဝင်မည့်ငွေက လျော့သွားမည်။

ဒီခေတ်ကြီးက အိမ်ရှိလူ အကုန် လက်လုပ်မှပါးစပ်လှုပ်နိုင်မည် မဟုတ်လား။ဒေါ်ကြင်သိန်းအလုပ်ဆိုတာကလည်း မိုးတွင်းကာလ ဇာတ်နားရသည့်အချိန်ဆို ထိုင်ရင်းမတ်တပ်ထမင်းငတ်ရမည့်အလုပ်မျိုး။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now