Chapter(26)

8.8K 1.6K 50
                                    

Unicode

******

"မေမေ ခဏ နားလိုက်ပါ ၊အိမ်ပြန်ချင်ပြန်လိုက်မလား အောက်မှာ ဦးစိန်သောင်း ရောက်နေပြီပဲ "

"မေမေက ရပါတယ် သားရယ်၊တိမ်သာ ကျောင်းနောက်ကျနေပြီ၊သွားလိုက်လေ သား...ဒီရောက်ပြီဆိုမှတော့အရမ်းစိတ်မပူရတော့ဘူး ထင်ပါရဲ့ "

ဒေါ်ခင်မင်းသွယ် က ညိူးငယ်နေဟန်ဖြင့် ယခုအချိန်ထိစိတ်လှုပ်ရှားမှုကဖိစီးကာ လူက ခွေယိုင်နေဆဲ။ဒါပေမယ့် အတန်းဖျက်ကာ လိုက်ပို့ရသည့် သားဖြစ်သူကိုသာ စိတ်မချနိုင်စွာပဲပြန်လွှတ်သည်။

"အင်း...ဒါဆို ကျနော် ကျောင်းခဏ သွားလိုက်မယ် မေမေ၊ဒီအတိုင်းဆို ဒီကလေးကို ညပိုင်းစောင့်အိပ်ဖို့ တခုခုစီစဉ်မှရမယ်ထင်တယ်။မေမေကတော့ အိမ်ပြန်အိပ်မှပဲဖြစ်မယ်။ဒေါ်စိန်ကို ဖုန်းဆက်ပြီး ဒီည အိမ်မပြန်ပဲ စောင့်အိပ်ဖို့ပြောထားဦးနော် မေမေ "

တိမ်မင်းက လက်ကနာရီကို ကြည့်ရင်း ယခုအချိန်ထိ စိတ်နဲ့လူမကပ်သော မိခင်ကို စိတ်မချနိုင်စွာ စီမံရလေသည်။မသွားခင်ဆေးရုံကုတင်ပေါ်မှာ ပိုက်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ ကောင်လေးရဲ့ မျက်နှာလေးကို တချက်လှမ်းကြည့်မိသည်။

ဒီမနက်ပိုင်း ဆေးရုံရောက်ပြီးမှ သုံးကြိမ်ခန့် အန်သည်။ဒီလိုအခြေအနေဖြင့် ရုတ်တရက်ကြုံရတဲ့အခိုက်မှာ တိမ်မင်း မသိစိတ်က ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိရသည်။ကိုယ့်မျက်စိရှေ့အောက်မှာ စာသင်နေရင်းဖျားနေတာကို မသိလိုက်တဲ့အထိဆိုတော့...။

တကယ်ဆို သူနည်းနည်း ကြို သတိထားမိလိုက်ဖို့ကောင်းသည်။အခန့်မသင့်လျင်သေသွားနိုင်သည်အထိ ဖြစ်နေသောဝေဒနာကို တချက်မှ မညည်းညူပဲတောင့်ခံနေခဲ့သောထိုကောင်လေးကိုလည်း တော်တော် စိတ်ပေါက်မိသည်။

ဒီလိုတွေးနေရင်းမှာပဲ ကိုယ့်ကိုကိုယ် သတိထားမိပြီး တိမ်မင်း စိတ်အလိုမကျ ဖြစ်ရပြန်၏။

တိမ်မင်းတို့ကတခြားတယောက်အပေါ်မှာကိုယ့်လုပ်ရပ်ကိုယ် အပြစ်မကင်းတဲ့ ခံစားမှုမျိူးကို ဘယ်တုန်းက တွေးတတ်သွားတာတဲ့လဲ...အဟက်!

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now