Chapter(44)

8.5K 1.5K 145
                                    

Unicode

*****

"တကယ်ဆို ကျနော် လိုက်ပို့ပေးလိုက်လည်း ရသားပဲ မေမေရ "

တိမ်မင်းက မိခင်ဖြစ်သူကို စောဒကတက်သလိုပြောမိသည်။ဒေါ်ခင်မင်းသွယ်က သားလုပ်သူကို မျက်ခုံးလေးရှုံ့ကာကြည့်ရင်း "ပြောရခက်လေခြင်း"ဆိုသည့် အမူအယာကိုပြသည်။

"တိမ်ဟာလေ မေမေပြောပေါင်းလည်းများပြီ၊ကိုယ့်ဖက်ကပဲ မကြည့်နဲ့တဖက်ကိုလည်းထည့်ပြီးတွေးပေးရတယ်ဆိုတာလေ၊တိမ်ကလိုက်ပို့ရင် ဖြစ်တာမှန်ပေမယ့်တိမ်ကိုယ်တိုင်လိုက်သွားတဲ့အခါ ဟိုဖက်က ဝန်လေးစရာဖြစ်မှာပေါ့တိမ်ရဲ့။အားနာပြီးကျေးဇူးတင်ရ၊အိမ်ပေါ်ခေါ်ပြီးဧည့်ခံမယ်ဆိုရင်လည်း အလုပ်များပြန်ရော။ဟော..ဦးစိန်သောင်း ကို လိုက်ပို့ခိုင်းလိုက်တော့ တကူးတကဧည့်ဝတ်ပြုစရာလည်းမလိုသလို၊မှိုင်းအနေနဲ့လည်း အနေကျဉ်းကျပ်စရာ မရှိတော့ဘူး။ပြီးတော့ တိမ်က ဘုရားကိုးဆူသွားရဦးမှာ ရှိသေးတယ်မဟုတ်လား။အားလည်းမအားဘူးလေ။ဦးစိန်သောင်း လိုက်ပို့လိမ့်မယ်၊ကလေးဘာသာအေးအေးဆေးဆေးသွားပါစေ တိမ်ရယ် "

အန်တီ့ စကားက ကြောင်းကျိူးဆီလျော်နေတာကြောင့်သာ ငြိမ်နေပုံရတဲ့ ကိုကိုကြီးကို ခိုးကြည့်ရင်းမှိုင်း စိတ်ထဲက တော်ပါသေးရဲ့ လို့တွေးမိသည်။ဒီနေ့ ကိုကိုကြီး လိုက်လာလို့ လုံးဝမဖြစ်တာလေ။

ဆိုးတာက ကိုကိုကြီးတစ်ယောက် မှိုင်းစိတ်မကောင်းဖြစ်ခဲ့ရတာကို နားလည်ပေးတဲ့ပုံဖြင့် ဒီရက်ပိုင်းတွေမှာ လိုတာထက်ပိုပြီး မှိုင်းကိုပဲ အာရုံစိုက်နေခဲ့တာ ကြီးစိန်တောင်မှ "အလိုလေး"တ ရသည်အထိဖြစ်နေခဲ့သည်။

မနေ့ကလည်း ဖြစ်ချင်တော့ကာ ကြီးစိန်က ကြီးကြီးပွင့်ကြိုက်တတ်တယ်လို့ ပြောထားမိလို့ မြေပဲဆံလုံးတီးလေးတွေကို ထန်းလျက်ဖြင့်ကြိုကာ အညာအခေါ် မြေပဲဆူးပေါက်လုပ်ပေးသည်။ထိုမြေပဲဆူးပေါက်ကိုကျိူ ပြီးအအေးခံထားတဲ့လင်ဗန်းလေးကို ထမင်းစားပွဲပေါ်မှာ ကိုကိုကြီးကတွေ့သွားပါရောလား။

လား..လား..ဘယ်ပြောကောင်းမလဲ။မုန့် လုပ်ပေးတဲ့ ကြီးစိန်ရော၊စားချင်တယ်ပြောသည့် ကြီးကြီးပွင့်ရော၊ကြီးစိန်ကို ကူညီညာလုပ်နေသည့် မှိုင်းရော၊သိရဲ့သားနဲ့မတားလို့ဆိုပြီး နောက်ဆုံးအန်တီတောင်မကျန်ရ တစ်အိမ်လုံးကို ပွစိပွစိပြောနေလိုက်တာများ အန်တီကပဲ "တော်ပါတော့ တိမ်ရယ် "လို့ဝင်တားရသည်။

တိမ်ယံငွေခြည် မှိုင်းပြာရီ Where stories live. Discover now