🌹19🌹

11.6K 1K 17
                                    

(Unicode Version)

တရွေ့ရွေ့နဲ့ အတန်းတင်စာမေးပွဲနောက်ဆုံးနေ့ကို ကျွန်တော်တို့ ရောက်ရှိလာခဲ့တယ်။ မမေ့အောင်လို့ သေချာကျက်မှတ်ခဲ့ရတာတွေကို ခေါင်းထဲက ထုတ်ပစ်လို့ ရသွားပြီလေ။

စိတ်နဲ့ကိုယ်က လွတ်လပ်ပေါ့ပါးနေရောပဲ။

"ဇာနည်နိုင်... အခြေအနေဘယ်လိုလဲ။ ဖြေနိုင်တယ်မလား။"

စာမေးပွဲခန်းကနေ ပြန်ထွက်လာချိန်မှာ ရပ်စောင့်နေတဲ့ ဇာနည်နိုင့်ကို ကျွန်တော် လှမ်းမေးလိုက်မိတယ်။ ဒါပေမဲ့ သူက ဘာမှပြန်မဖြေဘဲ ကျွန်တော့်ကို ငေးကြည့်နေလေရဲ့။

မျက်နှာကလည်း မရွှင်မပျနဲ့။ သူ့ကို ကြည့်ပြီး ကျွန်တော် စိတ်ပူလာမိတာပေါ့။

"ဘာဖြစ်နေတာလဲ... ဟေ့ကောင်။ မဖြေနိုင်လို့လား။"

မေးခွန်းတွေက မခက်ပေမဲ့ ခြေချော်လက်ချော်ဆိုတာမျိုးက ဖြစ်တတ်တယ်မလား။ တွေးကြည့်လေ၊ စိတ်ပူရလေပါပဲ။

"ဖြေနိုင်ပါတယ်။"

အဲဒီအဖြေကို ကြားလိုက်ရမှ ကျွန်တော် သက်ပြင်းချနိုင်ခဲ့တာ။ သက်ပြင်းချသံရဲ့နောက်က ကပ်ပါလာတာက ဒေါသပေါ့။

"ဒါဆို မင်းရုပ်က ဘာဖြစ်နေတာလဲ။"

"ဘာမှမဖြစ်ပါဘူး။ ငါ ဒီနေ့ စိတ်သိပ်မကြည်လို့။"

အခုတစ်လော သူ စိတ်မကြည်ဘဲ ဒေါသဖြစ်လွယ်နေမှန်း ကျွန်တော် သတိထားမိတယ်။ ပြီးရင် အဲဒီဒေါသတွေကို မြတ်နိုးအပေါ်ကိုပဲ ပုံချပစ်ခဲ့တာ။

ဘာဖြစ်နေတာလဲလို့ မေးကြည့်တော့လည်း မဖြေဘူး။

"မင်း အခုတစ်လော ဘာဖြစ်နေတာလဲ။ ငါ့ကို ပြော..."

ကျွန်တော့်စကားမဆုံးခင် သူက လှမ်းခေါ်ခဲ့တယ်။

"ဘုန်းရှိန်ထက်..."

"ဟင်... ဘာလဲ။"

"ဒီနေ့ မင်း တိမ်လွှာ့ကို ဖွင့်မပြောလို့ မရဘူးလား။"

သူ့ပုံစံက အလေးအနက်ထားနေတဲ့ပုံစံမျိုး။ တိမ်လွှာ့ကို ဖွင့်ပြောမဲ့ကိစ္စက သူနဲ့ ဘာဆိုင်လို့လဲ။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now