🌹50🌹

29.6K 1.3K 179
                                    

(Unicode Version)

ရက်၊ လ၊ နှစ်တွေက အကုန်မြန်လွန်းတယ်။ ငယ်ရွယ်စဉ်တုန်းက အချိန်ကုန်ဖို့ ရှည်ကြာလွန်းတယ်လို့ ကျွန်တော်တို့ ထင်ခဲ့ဖူးတယ်။

စာသင်ချိန်တစ်ခုက တော်တော်နဲ့ မကုန်နိုင်ဘူးဆိုပြီးတော့လည်း ညည်းညူဖူးမှာပေါ့။ ဒါပေမဲ့ အရွယ်ရောက်လာတာနဲ့အမျှ အဲဒီအမြင်က ပြောင်းလဲစပြုလာတယ်။

ကိုယ် လုပ်ချင်တာ လုပ်ဖို့၊ ကိုယ် ချစ်တဲ့သူတွေနဲ့ အတူပျော်ရွှင်ဖို့အတွက် အချိန်က မလုံလောက်တော့သလိုပဲ။ အဲဒါကြောင့် ငါးနှစ်တာအချိန်ကာလတစ်ခုက ကျွန်တော့်ရဲ့ပြက္ခဒိန်ပေါ်ကနေ ကုန်မှန်းမသိ ကုန်သွားခဲ့လေရဲ့။

"ဖေဖေ..."

အသံသေးသေးလေးနဲ့ ကျွန်တော့်ကို လှမ်းခေါ်လိုက်တဲ့သူက သားလေး ဇာနည်ဘုန်းပေါ့။ ချစ်စရာကောင်းတဲ့မျက်နှာလေးရယ် ဖြူဝင်းတဲ့အသားအရေနဲ့ ကျွန်တော်တို့နှစ်ယောက်အတွက် ရတနာတစ်ပါးလို တန်ဖိုးထားရတဲ့ သားလေးဆိုလည်း မမှားပါဘူး။

"ဘာဖြစ်လို့လဲ... သားလေး။"

သားလေးက ကျွန်တော့်ရင်ခွင်ထဲကို အတင်းတိုးဝင်ပြီး ငိုရှာတယ်။ ဘာဖြစ်မှန်းမသိတော့ ကျွန်တော်လည်း ပန်းပင်တွေ ရေဖျန်း‌နေတာကို ခဏရပ်ထားလိုက်ရတယ်။

"ဖေဖေဇာနည်က သားကို ရိုက်တယ်။"

"ဟုတ်လား။ ဘယ်နားကို ရိုက်လိုက်တာလဲ။ ဖေဖေ့ကို ပြပါဦး။"

သားလေးက သူ့ရဲ့လက်ဖဝါးနုနုလေးကို ဖြန့်ပြလေရဲ့။ လက်မှာ ဘာအရာမှ မရှိပါဘူး။

ဒါပေမဲ့ အချွဲစိန်လေး စိတ်ကျေနပ်အောင်လို့ ချော့ပြောပေးရတယ်လေ။

"ဖေဖေဇာနည်က သားကို ဘာလို့ ရိုက်လိုက်တာလဲ။"

မေးနေတုန်းမှာပဲ ဇာနည်နိုင့်အသံကို ကြားရပါလေရော။

"ဟိုကောင်လေး... မင်းက သွားတိုင်နေတယ်ပေါ့။ ဟုတ်လား။"

သူ့အသံကြားတော့ သားလေးက ကျွန်တော့်နောက်မှာ အမြန်ဝင်ပုန်းခဲ့တာပေါ့။ သူတို့နှစ်ယောက်ကလေ အမြဲအဲဒီအတိုင်းပဲ။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now