🌹28🌹

11.4K 1K 43
                                    

(Unicode Version)

ကျောင်းလှုပ်ရှားမှုအစီအစဉ်တစ်ခုအနေနဲ့ ကျွန်တော်တို့(A)ခန်းက အမျိုးသားပြတိုက်ကို လေ့လာရေးခရီးထွက်ခဲ့ရတယ်။ တခြားကျောင်းက ကျောင်းသားကျောင်းသူတွေလည်း ရောက်နေကြတာဆို‌တော့ ‌အတော်လေးလူစည်ကားနေလေရဲ့။

"ဟဲ့... ဟိုကောင်လေးက ချောလိုက်တာ။"

အသံက ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ မိန်းကလေးအုပ်စုဆီကနေ ထွက်လာတာလေ။ ကျွန်တော့်ကို ရည်ညွှန်းပြီး ပြောနေကြတာလို့ သူရကတော့ ပြောတာပဲ။

အရင်ကလည်း ဒီလိုပြောတာကို ကျွန်တော် ခဏခဏကြားဖူးပါတယ်။ ဒါပေမဲ့ သူတို့က အခု ကျွန်တော့်အကြောင်း ပြောလိုက်၊ ခဏနေ တခိခိရယ်လိုက်နဲ့ဆိုတော့ ကျွန်တော့်မှာ ဘာများဖြစ်နေလို့လဲဆိုပြီး စိတ်ထဲ မလုံမလဲဖြစ်နေရတာပေါ့။

"ဟိုကောင်မလေးအုပ်စုကတော့ မင်းကို အသေကြွေနေပြီ ထင်တယ်။"

သူရကတော့ အပီအပြင်ကို လှော်ပေးနေပါလား။ အဲဒီအချိန်မှာပဲ ဆရာမတွေကို သွားကူညီပေးနေတဲ့ ဇာနည်နိုင်ကလည်း ပြန်ရောက်လာခဲ့တယ်။

"သူရ... ငါ့သူငယ်ချင်းကို ဘာတွေလိုက်စနေတာလဲ။ သူ့မျက်နှာတောင် နီရဲနေပြီ။"

ဇာနည်နိုင်က ကျွန်တော့်မျက်နှာအခြေအနေကို အကဲခတ်ပြီး ချက်ချင်းရိပ်မိသွားတာ။

"ငါ့ကြောင့် မဟုတ်ပါဘူးကွာ။ ဟိုနားက ကောင်မလေးအုပ်စုက သူ့ကို ကြည့်ပြီး ချောတယ်ပြောလို့ ရှက်နေတာပါ။"

သူရရဲ့စကားကို ကြားတော့ ဇာနည်နိုင်က ကျွန်တော့်ဘေးမှာ လာရပ်ပြီး ခန္ဓာကိုယ်နဲ့ ကွယ်ပေးထားပါလေရော။

'ဒါ သူများတွေ ပြောပြောနေကြတဲ့ သဝန်တိုတယ်ဆိုတာများလား။'

မှန်မမှန် မသေချာပေမဲ့ တစ်ကိုယ်တည်းအတွေးလေးနဲ့ ကျွန်တော် ကျိတ်ပျော်မိသေးတယ်။

"ဟဲ့... အခု ရောက်လာတဲ့တစ်ယောက်လည်း ချောတယ်နော်။ အရပ်လည်း အရှည်ကြီးပဲ။"

ဒီတစ်ကြိမ်မှာ သဝန်တိုရတာက ကျွန်တော် ဖြစ်သွားလေရဲ့။ သူ့ကို တခြားသူတွေက တစိမ့်စိမ့်ကြည့်ပြီး ဟိုပြောဒီပြော ပြောနေမှာကို ကျွန်တော် မလိုလားဘူး။

ကန့်သတ်ချက်များကို ကျော်လွန်၍                                (Beyond the Limits)Where stories live. Discover now