အပိုင်း - ၃၈ (Zawgyi + Unicode)

22.4K 2.7K 388
                                    

#For Zawgyi

အချိန်က ည ဆယ့်တစ်နာရီကျော် ။

ချမ်းတစ်ယောက် အခန်းထဲမှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်လုပ်ရင်း တစ်ယောက်တည်းနဲ့ ယောက်ယက်ခတ်နေသည် ။ မကြာခင် ချမ်းဖြေဆိုထားတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထွက်တော့မည် ။ တစ်နေ့လုံး ဂနာမငြိမ်ဖြစ်နေတဲ့သူ့ကို လူကြီးတွေကတော့ အောင်စာရင်းအတွက် ရင်ခုန်နေတာပဲလို့ပဲ ထင်နေကြပုံရသည် ။

တကယ်က အောင်စာရင်းအတွက် ရင်ခုန်နေတာမဟုတ်ဘဲ အောင်စာရင်းထွက်တဲ့အပေါ် ဦးသာများ သူ့ထံပြန်ပြီး ဆက်သွယ်လာလေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ခုလို ထိုင်မရ ထမရ ပျာယာခတ်နေမိတာဖြစ်သည် ။

စာမေးပွဲကတော့ ကျိန်းသေပေါက်အောင်မယ်ဆိုတာ ကိုယ့်ဟာကိုယ်သေချာနေတာကြောင့် ဒါနဲ့ပတ်သက်ပြီး ချမ်းက နည်းနည်းမှစိုးရိမ်ကြောင့်ကြမှုမရှိပါ ။

အခု သူ့ခေါင်းထဲမှာ စိုးမိုးနေသည်က သူ့အောင်စာရင်းနဲ့ပတ်သက်ပြီး ဦးသာက မည်သို့မည်ပုံ တုန့်ပြန်လာမလဲဆိုတာကိုပဲ ဖြစ်သည် ။ ချမ်းမရှိတဲ့တစ်ရက်မှာ အိမ်ကိုလာပြီး အဝတ်အစားတွေရော အသုံးအဆောင်တွေပါ အကုန်သယ်ယူရွှေ့ပြောင်းသွားတဲ့အထိ နေစိမ့်တဲ့လူကြီးဟာ သူကိုယ်တိုင်စိတ်ရောကိုယ်ပါနှစ်ပြီး စာသင်ပေးခဲ့တဲ့ ချမ်းရဲ့အောင်စာရင်းကိုရော စိတ်မဝင်စားဘဲ သွေးအေးအေးနဲ့ လျစ်လျူရှုနိုင်ပါ့မလား ။

ပြဿနာတက်ပြီးတဲ့နေ့ကတည်းက ဦးသာနဲ့မတွေ့ရသည်မှာ ဒီနေ့နဲ့ပါဆို ၉ ရက်ရှိနေပြီ ။ အရမ်းလည်း တွေ့ချင်လှပါပြီ ။ ဒါပေမယ့် ဦးသာနဲ့တွေ့ရင် ဘယ်လိုတောင်းပန်ပြီး ဘယ်လိုဆက်ဆံရမယ်ဆိုတာကို ခုထိ စဉ်းစားလို့မရသေးတာကြောင့် အားယူရင်း အားယူရင်းနဲ့ အခုလို ၉ ရက်လောက်အထိ ကြာသွားရတာဖြစ်လေ၏ ။

ဒီရက်တွေထဲမှာ မေကလည်း ချမ်းကို စကားဟဟမပြောတာမို့ လေးငယ်ကိုသာ မျက်နှာချိုသွေးရင်း ဦးသာဘယ်မှာရှိနေတာလဲဆိုပြီး တီးခေါက်ကြည့်ပါသော်လည်း ငါဘယ်သိမလဲ ဆိုတဲ့ တုန့်ပြန်မှုကိုသာ မျက်နှာတင်းတင်းနဲ့ လေးငယ်ထံမှ ရခဲ့သည် ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now