P 27

46.5K 6.8K 384
                                    

ဒေါ်စန္ဒာလင်း ဆီက နိုဗယ်လင်း၏ အတိတ်အကြောင်းကို ကြားခဲ့ရတော့ ဒွန်းနှလုံးသား အောက်ခြေဖျားမှာ အောင့်သက်သက် ခံစားခဲ့ရသည်။ သူ့ဘ၀လေးက သူများတွေပြောသလို ဘယ်မှာရိုးစင်းခဲ့လို့လဲ။

"ဒါဆို ကျွန်တော့မိဘတွေ နိုဗယ်လင်းကို မွေးစားဖို့လာခေါ်တော့ အန်တီရှိမနေဘူးပေါ့"

ဒေါ်စန္ဒာလင်းက ပါးပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီးမှ ဒွန်းကို ပြန်ဖြေသည်။

"ဟုတ်တယ် သား အဲ့ဒီတုန်းက အန်တီ့သမီး တက္ကသိုလ်တက်ရမှာမို့ ကျောင်းသွားအပ်နေတဲ့ အချိန်ပေါ့"

ဒွန်းက ခေါင်းကိုညိတ်ပြလိုက်ပြီး သက်ပြင်းတစ်ခုကို ချသည်။ သူသိချင်သည့် နိုဗယ်လင်း၏ အကြောင်းက သိရတော့လည်း ထွေထွေထူထူး မရှိခဲ့ပါ။ ဒါပေမယ့် အနိုင်ယူချင်တဲ့ စိတ်တွေ ဒွန်းဆီမှာ ရှိမနေတော့တာ သေချာသည်။ ဒီကောင်လေးက အနိုင်ယူခံရတာနဲ့ ပတ်သတ်ပြီး နေသားကျနေတာ။ အခုလိုဆိုတော့လည်း အံ့အားသင့်စရာ မရှိတော့ဘူး။

"ကျေးဇူးတင်ပါတယ်အန်တီ၊ ကျွန်တော် အခုသိရပါပြီ၊ ဒါပေမယ့် အန်တီပြောသလောက်ဆို နိုဗယ်လင်းက ခံစားတတ်တယ်ပေါ့၊ ကျွန်တော်တို့ဆီကို ရောက်လာကတည်းက သူက ဘာဆိုဘာမှ မထုတ်ပြသလို ကျွန်တော်တို့လည်း သူဘာခံစားနေရတာလဲ လုံး၀မသိရဘူး"

ထိုအခါ ဒေါ်စန္ဒာလင်းက ပြုံးသည်။ နူးနူးညံ့ညံ့ အပြုံးမျိုးထဲတွင် နာကျည်းချက်တစ်ချို့လည်း ပါနေသလိုပဲ။

"သူက ငယ်ငယ်ကလည်း သိပ်ပြီး ထုတ်ပြတတ်တာ မဟုတ်ပါဘူး သားရယ်၊ ဒါပေမယ့် အန်တီက သားသိတဲ့အတိုင်း အဲ့ဒီတုန်းက အကူကိရိယာလည်းမပါတော့ အကြားအာရုံမကောင်းဘူး၊ သူပြောရင်တောင် အလုံးစုံမကြားနိုင်ဘူး၊ ပြီးတော့ သူ့နဂို ပုံစံက အရမ်းကို အေးဆေးပြီး အမူအရာလည်း မပြဘူး"

ဒေါ်စန္ဒာလင်းက အဝေးကို ငေးကြည့်ပြီးမှ ဒွန်းဘက်လှည့်ကာ ပြုံးရင်း ဒွန်း၏ဘယ်ဘက် ရင်ဘတ်ကို လက်ညိုးဖြင့် ထောက်သည်။

"အန်တီက သူရဲ့ စကားတွေကို နားထောင်ဖို့မကြိုးစားဘူး၊ သူ့ရဲ့ အမူအယာတွေကို ဖတ်ဖို့ မကြိုးစားဘူး၊ သူနဲ့ရင်ဘတ်ချင်နီးဖို့ ကြိုးစားခဲ့တာ၊ နှလုံးသားနဲ့ နားထောင်ပြီး၊ နှလုံးသားနဲ့ပဲ ကြည့်ပါ၊ သူ့ခံစားချက်တွေကို မင်းရင်ထဲမှာ အကျယ်ကြီးကြားရလိမ့်မယ်"

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now