နိုနိုလေး၏ တောရွာ ခရီးစဉ် (၁)
_____________________ဦးလေးနောင်၏ သာသနာ့ဘောင်၀င်သည့် ရက်တစ်ရာပြည့်နေ့အတွက် ဒွန်းတို့ မောင်နှမသုံးယောက် ဦးလေးနောင်နှင့် ကြီးကြီးရှိရာ ရွာလေးသို့ အလှူလည်းလုပ်ရင်း အလည်အပတ်ပါ ထွက်ကြရန် တိုင်ပင်ဖြစ်ကြသည်။
ရွာလမ်းလေးက ဖြောင့်ဖြူးသော်လည်း ချိုင့်ခွက် အနည်းငယ်ရှိသည်ကြောင့် ဒွန်းတစ်ယောက် ကားကို ဖြည်းဖြည်းချင်း ထိန်းမောင်းခဲ့ရသည်။ သူ့ဘေးတွင် ထိုင်နေသော ကောင်လေးကတော့ စပါးခင်းကို တအံ့တဩ လိုက်ကြည့်နေသည်။
ဘုန်းကြီးကျောင်းက ရွာအစွန်နားမှာ ရှိသည်ဖြစ်ရာ ဒွန်းသိပ်တော့ မမောင်းလိုက်ရပါ။ ရောက်ရောက်ချင်းပဲ ဘုန်းကြီးကျောင်းထဲမှာ ယောဂီ၀တ်စုံနှင့် တံမြက်စည်းလှည်းနေသည့် ကြီးကြီးကို အရင်ဆုံး တွေ့ရသည်။
"ကြီးကြီးရေ"
"ဟယ် ဒွန်းတို့လာပြီ၊ နိုနိုလေးရော ပါလား"
"ပါပါ့ဗျာ၊ ဟိုမှာ အခုမှနိုးလို့ အိပ်ချင်မူးတူး ဖြစ်နေတယ်"
ဒွန်း လက်ညိုးထိုးပြသည့် ကားရှိရာကို ကြီးကြီးက သွား၍ နိုဗယ်လင်းကို ဆီးကြိုသည်။ နိုဗယ်လင်းက ကြီးကြီးကို မြင်တော့ တည်ငြိမ်စွာပဲ လက်လှမ်းပေးထားသည့် ရင်ခွင်ထဲကို ခေါင်းလေးတိုး၀င်သည်။ ထိုမြင်ကွင်းကို ဘယ်တော့ကြည့်ကြည့် ဒွန်းနေခတစ်ယောက်ကတော့ မရိုးခဲ့ပါဘူး။
"အမလေး နိုနိုလေး၊ လာပါဦး ကလေးရယ်၊ စိတ်ချမ်းသာနေတယ်ပေါ့လေ၊ ခန္ဓာကိုယ်လေးတောင် ပြည့်လာသလိုပဲ"
ဘုရားရှိခိုးပြီး ထွက်လာသည့် ဦးဇင်းကလည်း ဒွန်းတို့ကို မြင်သည့်အခါ ၀မ်းသာအားရ ဆီးကြိုသည်။ တရားရိပ်မှာ အေးချမ်းနေသည်ကြောင့်လား မသိ၊ ကြီးကြီးရော ဦးဇင်းပါ ကျန်းမာကြလေသည်။
"ဒကာလေးတို့ စောလာချည်လား၊ ဒကာမလေးကတော့ နောက်ကျမယ်ပြောတယ်၊ သူက မန္တလေးက လာရတာကိုး"
"တင်ပါ့ဘုရား၊ တပည့်တော်တို့နှစ်ယောက်က မနက်အစောကြီးကတည်းက မောင်းလာခဲ့တာဆိုတော့ ဒီအချိန်တော့ ရောက်မယ်လို့ တွက်ထားခဲ့တာ"
YOU ARE READING
2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) Completed
RomanceJust listen to the heart, everything will be okay