နေစောရှိရာ အပေါ်ထပ်ကို ရထာ တက်လာခဲ့သည်။ အခုရက်ပိုင်း နေစောသည် ကျောင်းလည်းမသွား၊ ဘာမှလည်းမလုပ်နိုင်ဘဲ ညစ်သောစိတ်တို့ရဲ့ ကြိုးဆွဲရာကနေရတဲ့ ရုပ်သေးရုပ်လေးဖြစ်နေသည်။ အရင်ကချစ်ခဲ့ဖူးတဲ့သံယောဇဉ်ကြောင့်မဟုတ်ဘဲ ဖြစ်နေဆဲသူငယ်ချင်းသံယောဇဉ်ကြောင့် ကိုယ့်သူငယ်ချင်းလမ်းမှားမရောက်အောင်၊ နောင်တတရားမှ ကင်းဝေအောင် အတတ်နိုင်ဆုံးဖြောင့်ဖျချင်သည်။ songကို ခွင့်တောင်းတော့ ကိုယ်မင်းကိုယုံတာမို့ နောက်တစ်ခါ ကိုယ့်ကိုမပြောလည်းရပါတယ်ဆိုပြီး နားလည်ခွင့်ပြုပေးသည်။ထိုကြောင့် songကို ရင်နှင့်တမျှချစ်ရပါသည်။
နေစော အခန်းရှေ့ရောက်တာနှင့် တံခါးခေါက်လိုက်သည်။ခဏဆိုသည့်အသံပြုပြီး ထိုအချိန်တစ်ခဏတာကြာလေမှ နေစောက တံခါးဖွင့်ကာ အခန်းရှေ့ထွက်လာသည်။
"ဘာလို့လဲ ရထာ"
"ပြောစရာရှိလို့ "
"ဧည့်ခန်းမှာ ထိုင်ပြောမလား"
"တော်ပြီ ဒီအတိုင်းပြောကျတာပေါ့"
"အင်း"
ယခုပြောမည့်စကားတွေက နေစောအတွက် ပြင်းထန်တဲ့စကားတွေဖြစ်မည်ဆိုတာ အစကတည်းက သိနေသည်မို့ သက်ပြင်းချပြီး အားယူမိသည်။ ဘယ်သူ့အတွက်မှမဟုတ်ဘဲ သူ့အတွက်သာမို့ အမုန်းခံပြီး ပြောရမှာပင်။ ဒါက မင်းအပေါ်ထားတဲ့ ငါ့ရဲ့သူငယ်ချင်းသံယောဇဉ်ပါ။
"မင်း deanအပေါ် ဘယ်လိုမြင်လဲ"
"ဟင်"
အမေးကို နေစောက နားမလည်သလို မျက်မှောင်ကုတ်သွားသည်။
"မင်း deanအပေါ် ဘယ်လိုစိတ်မျိုးနဲ့ပတ်သက်နေသလဲလို့မေးတာ"
"အာ သူငယ်ချင်း..."
"မလိမ်ပါနဲ့"
စကားမဆုံးခင် ဖြတ်ပြောလာသည့် ရထာ့စကားကြောင့် တံတွေးမြိုချမိသည်။ ဟင့်အင်း ဝန်မခံပါရစေနဲ့ ရထာ။ ငါ့အတွက် တကယ်ခက်ခဲလို့ပါ။ ဖြစ်နေတဲ့ ငါ့စိတ်ကိုပဲ ဖုံးကွယ်နေပါရစေ။ ငါလက်မခံပါရစေနဲ့ ရထာရယ်။
YOU ARE READING
ရေမြေခြား၍ ချစ်မိသော်လည်း...(ရမွေခွေား၍ ချစ်မိသော်လည်း...)(Completed)
Romanceလူမျိုးရေးခွဲခြားတတ်သည့် မင်းရထာဆိုတဲ့ကောင်လေးနှင့် အင်္ဂလန်သား song တို့..တွေ့ဆုံချစ်ကြိုက်မိသောအခါ