အပိုင်း( ၈ )

3.7K 293 2
                                    

အနီရောင်နှင်းဆီပန်းပွင့်ကြီးများ ဘုရားတွင် ကပ်လှူပူဇော်၍ သွင်ရိပ် ခြံထဲသို့ ဆင်းလာသည်။ ကိုကိုက ကားရေဆေးနေ၏။ ခြံရှေ့ ခပ်လှမ်းလှမ်း၌ ရပ်ကွက်ထဲမှ ကလေးများ ဆော့နေကြသည်။ အချဥ်ပေါင်းသည်က ခြံရှေ့မှ ဖြတ်သွား၏။ ထီသည်ဦးလေးကလည်း မိုက်နှင့် အော်၍ ရောင်းနေသည်။
သွင်ရိပ် ကိုကို့နောက်သို့ ခြေသံဖွဖွသွားကာ နောက်မှ မမှီတမှီဖြင့် ကိုကို့မျက်လုံးကို လက်နှစ်ဖက်ဖြင့် ပိတ်လိုက်သည်။
"ဒီအိမ်မှာ ခင်ဗျားလေးနဲ့ကျုပ် နှစ်ယောက်တည်းပဲရှိတာကို၊ လာစမ်း”
ကိုကိုက သွင်ရိပ်လက်တစ်ဖက်ဆွဲချုပ်ပြီး ကားရေဆေးသည့်ရေပိုက်ဖြင့် လှမ်းထိုးတော့ သွင်ရိပ်ကိုယ်လေး ရေစိုရွှဲသွားသည်။ ကိုကိုက ရယ်ပြီး ရေပန်းနှင့် မျက်နှာကို အဆက်မပြတ် ရေထိုး၏။ သွင်ရိပ် လက်ဖြင့် လှမ်းကာထားမိသည်။
“ဟာ…ကိုကိုကလည်း စိုကုန်ပြီ အဟင့် ခုနလေးပဲ ရေချိုးထားသေးတာ”
"ဟားဟား ကြွက်မလေးနဲ့ တူတူပဲ၊ ကြွက်စုတ်လေး”
သွင်ရိပ် လက်တွင် ပတ်ထားသည့်နာရီကို ရုတ်တရက် သတိရသွားသည်။
"ဟာ သွားပါပြီ၊ နာရီရေစိုကုန်ပြီ၊ ကိုကိုရပ်ဦး''
သွင်ရိပ် အိမ်ထဲသို့ ပြေးဝင်လာကာ နာရီချွတ်၍ ပဝါဖြင့် ရေသုတ်နေမိသည်။
"တော်သေးတာပေါ့၊ နာရီက ရေစိုခံလို့ ကိုကိုကလေ တော်တော်ဆိုးတာပဲ၊ လူကြီးဖြစ်ပြီးတော့ ကလေးလိုဆော့နေသေးတယ်”
သွင်ရိပ် ပွစိပွစိရေရွတ်နေစဥ် နာရီဆွဲယူခံလိုက်ရသည်မို့ အလန့်တကြားနောက်လှည့်ကြည့်မိသည်။ ကိုကိုက သွင်ရိပ်နာရီကို သေချာစူးစိုက်ကြည့်သည်။ ပြီးတော့ သွင်ရိပ်ကို မျက်ထောင့်နီဖြင့် ကြည့်လေသည်။
"သွင်ရိပ်၊ မင်း ဒီနာရီ ဘယ်ကရတာလဲ၊ ဟမ် မင်း ကိုကို့ကို မှန်မှန်ပြောစမ်း”
ကိုကိုက သွင်ရိပ်လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသောကြောင့် နာသလို လန့်လည်းလန့်သည်။ ကိုကို့ကို ကြောက်မိပါသည်။ ကိုကိုသည် မျက်နှာနီကာ ဒေါသကြီးနေ၏။
"သွင်ရိပ် ကိုကိုမေးနေတယ်လေ၊ ဒီနာရီဘယ်ကရလဲ၊ မင်းခိုးလာတာလား ဟမ် ပြောလေသွင်ရိပ်ချို''
သွင်ရိပ် ကြောက်စိတ်ဝမ်းနည်းစိတ်ပေါင်းပြီး မျက်ရည်ကျလာကာ ခေါင်းဆက်တိုက်ခါမိသည်။
"မမမှူး၊ မမမှူးပေးတာပါကိုကို”
ကိုကိုမျက်နှာအကြီးအကျယ်ပျက်ကာ သွင်ရိပ်လက်မောင်းကို လွတ်ပေးလေသည်။ တောက်တစ်ချက်ခေါက်၏။ သွင်ရိပ် ကိုကို့ကို မော့ကြည့်တော့ ကိုကိုက နာရီကို ငုံ့ကြည့်ရင်း မျက်ရည်ကျနေသည်။ ပြီးတော့ ရုတ်တရက် ကြမ်းပြင်ပေါ် ထိုင်ချပြီး မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင် ငိုနေသဖြင့် သွင်ရိပ်လန့်သွားရသည်။ သွင်ရိပ် ကိုကိုရှေ့ ဒူးထောက်ထိုင်ချ၍ ကိုကို့ပခုံးကို ဆုပ်ကိုင်မိ၏။
"ကိုကို မငိုပါနဲ့နော်၊ မမက ညီမလေးလို သဘောထားပြီး လက်ဆောင်ပေးတာပါ၊ သွင်ရိပ်အမှားပါ ၊ သွင်ရိပ် ကိုကို့စကားနားထောင်ရမှာ မမမှူးနဲ့ မပတ်သက်ဘဲနေရမှာ သွင်ရိပ်တောင်းပန်ပါတယ်နော်”
ရှေ့ရက်တွေတုန်းကတောင် ကိုကိုအလုပ်သွားမှ သွင်ရိပ် ဒီနာရီဝတ်ဖြစ်သည်။ ဒီနေ့ကျမှ ဘာလို့လျှာရှည်ပြီး ကိုကိုရှိရက်နဲ့ ဝတ်မိမှန်းမသိပါ၊၊ ကိုကိုကြည့်ရတာ မမမှူးနဲ့ ပတ်သက်ရင် အရမ်းသဝန်တိုတတ်လွန်းတယ်။
ကိုကိုက သွင်ရိပ်လက်ကို ဖယ်ကာ ထထွက်သွားတော့ သွင်ရိပ်အူကြောင်ကြောင်လေးကျန်ခဲ့သည်။ ကိုကိုပစ်ချထားခဲ့သည့်နာရီကို ပြန်ကောက်ပြီး သွင်ရိပ်သက်ပြင်းချမိသည်။
သွင်ရိပ် ဒီနာရီလေးကိုတော့ သိမ်းထားပါရစေ။ မမဆီက ရတဲ့ တစ်ခုတည်းသောလက်ဆောင်မို့ပါကိုကို။ မမကို ရင်ခုန်မိတယ်ဆိုတာ သွင်ရိပ်မငြင်းပါဘူး။ သွင်ရိပ်နှလုံးသားကို ထိန်းချုပ်လို့မှမရတာ။ ဒါပေမဲ့ သွင်ရိပ် ကိုယ့်စိတ်ကိုယ်နိုင်ပါတယ်။ ဘယ်တော့မှ ကိုကို့ကို သစ္စာမဖောက်ပါဘူး။
~
စီးကရက်တစ်ချက်ဖွာရှိုက်၍ ပြာခွက်ထဲသို့ ထည့်လိုက်သည်။ ဖဲချပ်တွေကို ဖျတ်ခနဲကြည့်၏။ စိတ်ပျက်ညည်းညူသံများ ထွက်ကာ ဖဲချပ်များကို စားပွဲပေါ် ပစ်ချ၏။ ဒေါ်တေးမာလာ ပွဲတိုင်း ရှုံးနေ၏။ ဒေါ်မြင့်မာချိုက ပိုက်ဆံထုပ်များကို ခပ်ပြုံးပြုံးသိမ်းသွားတော့ ဒေါ်တေးမာလာစိတ်ပျက်နေသည်။
"ပွဲတိုင်း မင်းတို့လင်မလားပဲ နိုင်နေတာဟုတ်ကောဟုတ်ရဲ့လား၊ ကျုပ်မသင်္ကာတော့ဘူး”
ကစားဖော်ကစားဘက်များက မကျေနပ်စွာပြောတော့ သူတို့လင်မယားမှာ မသထီစရာကောင်းအောင် ပြုံးနေကြသည်။ ဦးမျိုးနိုင်က ပိုက်ဆံထုပ်များကို ရေတွက်နေ၏။
"ဒါကတော့ ထုံတဲ့သူခံပဲလေကွာ၊ ဖဲကစားတယ်ဆိုတာ ဉာဏ်ရှိဦးမှ”
"ရှင်ဘာပြောတယ်၊ ပြောချင်တာက ရှင်တို့ ကလိမ်ကကျစ်ကျခဲ့တယ်ပေါ့လေ၊ တေးမာလာကို ဒီီလိုလာလုပ်လို့ရမယ်ထင်နေလား”
ဒေါ်တေးမာလာ၏စကားကို ဒေါ်မြင့်မာချိုက တခစ်ခစ်ရယ်၏။
"ရှုံးမဲမဲနေတာလားဒေါ်တေးမာလာ၊ ကုန်သွားရင် လစ်လိုက်တော့၊ ကျန်တဲ့သူဆက်ကစားမယ်”
ဒေါ်တေးမာလာက စိတ်တိုစွာ ဆေးလိပ်ပြာခွက် စားပွဲပေါ် ဆောင့်ချလိုက်သည်။
"ကိုမျိုးနိုင် ခင်ဗျားဖဲလိမ်ရိုက်နေတယ်မလား၊ ခင်ဗျားလူကြီးလူကောင်းဖြစ်ပြီး ဒါဘာလဲ ဘာငြင်းချင်သေးလဲ”
ကစားဖော်တစ်ဦးက ဦးမျိုးနိုင်ဝှက်ထားသည့် ဖဲချပ်များ တွေ့ကာ ထပေါက်ကွဲသည်။ ဦးမျိုးနိုင်၏အင်္ကျီကော်လံကို ထဆွဲတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ ဦးမျိုးနိုင်က ထိုလူကို လက်သီးဖြင့် ဦးစွာထိုးလိုက်သည်။ ဤလူမှာ မူးနေသဖြင့် မှောက်သွား၏။ တခြားသူများမှာ ကြောက်ကာ နောက်ဆုတ်သွားကြသည်။ ဒေါ်တေးမာလာက ထောင်ထားသော အရက်ပုလင်းဖြင့် ဦးမျိုးနိုင်ကို ရိုက်သည်။ ဒေါ်မြင့်မာချိုက မြင်ကာ ဝင်ခံ၏။ ဒေါ်မြင့်မာချိုခေါင်း၌ သွေးများ ဒလဟော စီးကျကာ လဲကျသွားတော့ ဒေါ်တေးမာလာအမူးပြေသွားတော့သည်။
~
သွင်ရိပ် ထမင်းစားပွဲဝိုင်း၌ တစ်ယောက်တည်း ထိုင်နေမိသည်။ ဖွယ်ဖွယ်ရာရာများ ချက်ပြုတ်ပြင်ဆင်သော်လည်း အားပါးတရစားမည့်သူမရှိ။ စားချင်စိတ်မရှိတော့သဖြင့် TVကြည့်တော့ ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှုမရ။ အတွေးများရှုပ်လာသည်။
ကိုကို အခုတလော သွင်ရိပ်ကို စကားမပြောပါ။ လိုအပ်တာပဲ ခပ်တန်းတန်းဆက်ဆံကာ အရင်လိုနွေးထွေးမှုမရှိတော့။ ကိုကို့မျက်နှာအရိပ်အကဲကြည့်ပြီး နေရသူမို့ သွင်ရိပ်စိတ်မောင်းဖြစ်သည်။ ထိုစဥ် ဖုန်းဝင်လာ၏။ သွင်ရိပ် သက်ပြင်းသဲ့သဲ့ချ၍ ဖုန်းထကိုင်လိုက်သည်။
“ဟယ်လို”
"သွင်ရိပ်၊ မမပါ”
မမမှူးအသံမို့ မယုံနိုင်စွာ ဖုန်းကို ပြန်ကြည့်မိသည်။ သွင်ရိပ်သိပ်ပျော်မိပြီး စိတ်လှုပ်ရှားသည်။
"မမ၊ ဘာကိစ္စရှိလို့လဲဟင်''
“မင်း ဟိုနေ့ ပြန်သွားပြီးတည်းက မမကို မဆက်သွယ်ဘူးနော်၊ မမက မျှော်နေတာ”
မမက အသံချိုချိုလေးဖြင့် သွင်ရိပ်ကို ညှို့သည်။ မမမျှော်နေတယ်ဆိုသည့်အပြောမှာ သွင်ရိပ်ကို ချွဲနေသလို နူးညံ့ကာ တင်းထားသည့်စိတ်ဓာတ်များ အရည်ပျော်ကြကုန်၏။
"ဟို အဲဒါကလေ”
"ပြောပါကွယ်၊ သွင်ရိပ် မမကို ယုံတယ်မို့လား”
"သွင်ရိပ် မမကို အမှန်တိုင်းပဲ ပြောပါ့မယ်၊ မမနာရီပေးလိုက်တာ ကိုကိုအရမ်းစိတ်ဆိုးပြီး သွင်ရိပ်ကို
စကားမပြောတော့ဘူး၊ သွင်ရိပ်တို့က ရိုးရိုးသားသားလို့ရှင်းပြတာလည်း လက်မခံဘူး၊ သွင်ရိပ်စိတ်ညစ်တာပဲသိတယ်မမရယ်၊ သွင်ရိပ်က ကိုကို့မျက်နှာကြည့်ပြီး နေရသူမို့ အခုလိုဖြစ်တော့ အားငယ်တယ်၊ ကိုကိုက သွင်ရိပ်ကို စိတ်ဆိုးပြီး နှင်ချရင် ဒုက္ခပါပဲ”
သွင်ရိပ်စကားဆုံးတော့ မမ၏ အူမြူးစွာ ရယ်သံကြားလိုက်ရသည်။ သွင်ရိပ် နှုတ်ခမ်းစူလိုက်၏။
"မမက သွင်ရိပ်ကို လှောင်နေတာလား၊ သွင်ရိပ် အခုတကယ်စိတ်ညစ်နေတာနော်”
“မလှောင်ပါဘူး၊ သွင်ရိပ်ရဲ့အတွေးတွေက ဖြူစင်လို့ သဘောကျပြီး ရယ်မိတာ”
မမက သဘောကျတယ်ဆို၍ သွင်ရိပ်လိုက်ပြုံးမိ၏။ ထိုစဥ် ခြံရှေ့၌ ကားသံကြား၍ ကိုကိုပြန်လာပြီအထင် မမကို အမြန်နှုတ်ဆက်ကာ ဖုန်းချလိုက်သည်။ အိမ်ရှေ့သို့ အပြေးထွက်သွားကြိုတော့ မမရတီရောက်နေသည်။ သွင်ရိပ် ကိုယ်ရှိန်သတ်ကာ ခေါင်းငုံ့ပြီး ရပ်နေမိ၏။
"သွင်ရိပ် မေမေဆေးရုံတင်ထားရတယ်၊ အရေးပေါ်သွေးလိုနေလို့ နင့်ကိုလာခေါ်တာ သွေးအမျိုးအစားက ရှားလို့ ချက်ချင်းရှာဖို့ မလွယ်ဘူး၊ နင်နဲ့ သွေးတူမလားမသိနိုင်လို့ သွေးစစ်ရအောင် ငါနဲ့ လိုက်ခဲ့”
မမရတီက အလောတကြီးပြောနေ၏။ သွင်ရိပ် မေမေ့ကို စိတ်ပူသွားသည်။
"သွင်ရိပ်လိုက်ခဲ့ပါ့မယ်”
သွင်ရိပ် မမရတီနှင့်အတူ ဆေးရုံလိုက်လာကာ မေမေဘာမှမဖြစ်ရန် ဆုတောင်းနေမိသည်။ ဆေးရုံရောက်တော့ သွေးစစ်သည်။ ရလာဒ်အဖြေစောင့်၏။ ကံကောင်းစွာ မေမေနှင့်သွေးအမျိုးအစားတူနေသည်။ သွေးပေါင်လည်း ပြည့် သဖြင့် သွင်ရိပ် မေမေ့ကို သွေးလှူရန်ဆုံးဖြတ်လိုက်သည်။
~
ရဲစခန်း၌ စခန်းမှူးနှင့်စကားပြောပြီးတော့ ယမင်းနှင့်မှူး အချုပ်ခန်းရှေ့သို့ ရောက်လာသည်။ သံတိုင်နောက်ဝယ် စိတ်ပျက်လက်ပျက်ထိုင်နေသော မာမီ့ကို တွေ့တော့ မှူးမျက်နှာလွဲမိတော့သည်။ ယမင်းက မှူးလက်ကိုင်ကာ တိုက်တွန်းနေတော့ မှူး အော်ငိုပစ်ချင်စိတ်ထိန်းထားမိသည်။ မာမီက မှူးဆီ ဝမ်းသာအားရ ပြေးလာသည်။
"မှူး မာမီ့ဆီ လာတယ်နော်၊ မာမီဝမ်းသာလိုက်တာကွယ်''
မှူးအံကြိတ်၍ မာမီ့ကို စိတ်ကုန်စွာ ကြည့်မိသည်။
"ရှက်ဖို့ ကောင်းလိုက်တာမာမီရယ်၊ ဒီအသက်အရွယ်ကျမှ ရုံးရောက်ဂတ်ရောက်နဲ့ မှူး အခု ရှက်လို့ သေတော့မယ်၊ မာမီဟာလေ မရိုးနိုင်ရဘူး”
"မာမီလည်း ဒီလိုဘယ်ဖြစ်ချင်မလဲမှူးရယ်၊ မြင့်မာချိုတို့က ဖဲလိမ်ရိုက်တာကိုး၊ မာမီဒေါသထွက်သွားတာပေါ့၊ တေးမာလာကို လာကျောလို့ရမလား”
"မာမီဒီလောက်ဖြစ်နေတာ မာမီ့ချစ်ယောက်ျားက ဂရုမစိုက်ဘူးမို့လား၊ လာမကြည့်ဘူးမို့လား”
မှူး စိတ်တိုတိုဖြင့် အော်ပစ်လိုက်တော့ မာမီက သက်ပြင်းချသည်။
"မှူးဒယ်ဒီအလုပ်များတာ မှူးလည်း သိရက်နဲ့ သူက ဒီလိုအသေးအမွှားကိစ္စလေးတွေကို ဂရုမစိုက်နိုင်ဘူးလေကွယ်၊ မှူးဒယ်ဒီသိရင်လည်း ရှေ့နေလွတ်ပေးရုံပဲ တတ်နိုင်မှာ”
မှူး နှုတ်ခမ်းမဲ့ပစ်လိုက်သည်။
"မာမီတစ်ယောက်လုံးထောင်ကျမလိုဖြစ်နေတာ အသေးအမွှားကိစ္စပေါ့လေ၊ သူဆေးရုံတင်ရတုန်းက မာမီပဲ ဂရုစိုက်ပေးခဲ့တယ်မဟုတ်လား၊ မာမီ့အလှည့်ကျတော့ အလုပ်မအားလို့ပေါ့၊ ဒါလား ချစ်လို့ ယူထားကြတဲ့လင်မယား ဒါမိသားစုလား ဒါက ဒယ်ဒီပေးတဲ့မေတ္တာတွေတဲ့လား”
မာမီက သံတိုင်ကြားမှ မှူးလက်တစ်ဖက်ကို အားကိုးတကြီး ဆုပ်ကိုင်သည်။
"ဒါတွေပြောမနေပါနဲ့မှူးရယ်၊ မာမီ့ကို ကူညီနော်၊ မာမီထောင်မကျချင်ဘူး၊ ဒီမှာလည်း ကြာကြာမနေနိုင်ဘူး၊ မာမီ့ကို ဒီထဲက အမြန်ဆုံးထုတ်ပေး မာမီ့မှာ မှူးပဲရှိတယ်၊ မာမီ မှူးကို အားကိုးမယ်”
မှူး ခေါင်းကိုပဲ တဆတ်ဆတ်ညိတ်ပြလိုက်သည်။ အခု မာမီ့ကို အပြစ်တင်ချင်စိတ်လည်း မရှိတော့လို့ ဘာဆိုဘာမှပြောချင်စိတ်မရှိတော့တာမို့ နှုတ်ဆိတ်လိုက်၏။ ရဲစခန်းမှ ပြန်လာတော့ မှူးမှိုင်နေမိသည်။ ယမင်းက ကားမောင်းရင်း မှူးကို လှည့်ကြည့်လှည့်ကြည့်လုပ်နေ၏။
"မှူး သူတို့ဘက်က တရားစွဲထားတာရုတ်သိမ်းပေးအောင် နင် ဘယ်လိုလုပ်မှာလဲ”
"ဘယ်လိုလုပ်ရမှာလဲ၊ လျော်ကြေးပေးပြီး တောင်းပန်ရမှာပေါ့ဟာ၊ မာမီကတော့ အမြဲတမ်း ငါ့ကို လူတကာကို တောင်းပန်ရအောင်လုပ်နေတာပဲ၊ တကယ်စိတ်ဆင်းရဲတယ်၊ ဒါနဲ့ ငါတို့ လိုလိုမယ်မယ် ရှေ့နေတစ်ယောက်လောက်ဌားထားရင် ဘယ်လိုလဲ၊ မိသားစုရှေ့နေကို ဖုန်းဆက်လို့ ရပေမဲ့ ဦးမင်းသော် အလိုက်တသိလုပ်ပေးရမှာ မဟုတ်လား၊ ငါက သူ့မိန်းမအတွက် လိုက်အကူအညီတောင်းနေရဦးမှာလား”
ယမင်းက ခတ္တစဉ်းစားနေပြီးမှ မှူးလက်ကို ဖတ်ခနဲ ရိုက်သည်။
‘’ငါသိတဲ့ ရှေ့နေပေါက်စတစ်ယောက်တော့ရှိတယ်၊ နင်သိပါတယ်၊ စိုင်းမြတ်သူလေ”
"ငါမသိပါဘူး’’
ယမင်းက ခပ်ဟဟရယ်သည်။
"နင်ကတော့လုပ်ပြီ၊ ကျောင်းတုန်းက နင့်ကို အသေရရအရှင်ရရလိုက်ကြိုက်တာလေ၊ ဥပဒေမေဂျာက ရှမ်းကောင်လေး အခုသူ ရှေ့နေဖြစ်နေပြီ၊ ငါနဲ့ အဆက်သွယ်ရှိတယ်''
မှူး ငြိမ်နားထောင်နေမိသည်။ မှူး ဘာမှပြန်မပြောတော့ ယမင်းက အားနာသည့်မျက်နှာဖြင့် လှည့်ကြည့်လာ၏။
"မှူး တကယ်တော့လေ နင့်မာမီနဲ့ ပြဿနာဖြစ်တဲ့သူက ငါ့ယောကျ်ားရဲ့ဒေါ်လေး ဟို သွင်ရိပ်ရဲ့အမေ”
"သွင်ရိပ်အမေလား”
"ဟုတ်တယ်၊ ငါနင့်ကိုတကယ်အားနာပါတယ်၊ နင်တစ်ခုခုလုပ်မယ်ဆို ငါ့မျက်နှာနည်းနည်းထောက်နော်မှူး၊ တောင်းပန်ပါတယ်ဟာ''
မှူး အံ့ဩမိသည်။ မျက်နှာငယ်စွာ ပြောနေသည့်ယမင်းကို မျက်စောင်းပိတ်ထိုးလိုက်သည်။ ယမင်းက မှူးကို သီရိမြုံစံအိမ်သို့ လိုက်ပို့ပေး၍ ကြီးမြနှင့်စကားပြောကာ ခဏကြာတော့ ပြန်သွားသည်။ မှူး ဧည့်ခန်း၌ ဦးမင်းသော်ပြန်အလာကို ထိုင်စောင့်နေမိသည်။ ကြီးကြီးမြက ဖုန်းဆက်ပေးသော်လည်း စက်ပိတ်ထားသည်။ မှူး ထိုင်စောင့်ရင်း အိပ်ပျော်သွားရသည်။ ဦးမင်းသော်က ယောင်မှား မပေါ်လာခဲ့ပေ။
~
သွင်ရိပ် အခန်းနံပါတ်၂၀၃ဟု ရေးထားသည့် အခန်းရှေ့၌ အူတူတူရပ်နေမိသည်။ ဓာတ်လှေကားဘက်မှ ပြေးလာသည့် ခြေသံကြောင့် လှည့်ကြည့်မိ၏။ ကိုကိုက ပြေးလာနေသဖြင့် သွင်ရိပ်အားရှိသွားသလို မျှော်လင့်ချက်မျက်ဝန်းတို့ဖြင့် ကြည့်မိသည်။ ကိုကိုက သွင်ရိပ်ပခုံးကို ဆုပ်ကိုင်၏။
"သွင်ရိပ်သွေးလှူလိုက်တာဆို အဆင်ပြေရဲ့လား၊ ကိုကိုစိတ်ပူနေတာ”
"ဟုတ်၊ ပြေပါတယ်ကိုကို’’
"ညတည်းက ကိုကိုလိုက်လာမလို့ပဲ၊ အလုပ်ပြီးတဲ့အချိန်က အရမ်းညနက်သွားလို့''
ကိုကိုက စိတ်အေးသွားသလို သက်ပြင်းချပြောတော့ သွင်ရိပ်ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ဒါနဲ့ သွင်ရိပ်က အခန်းထဲမဝင်ဘဲ ဘာလို့ ဒီမှာရပ်နေတာလဲ”
သွင်ရိပ် မျက်နှာညှိုးငယ်သွားသည်။
"သွင်ရိပ်ကို မြင်ရင် မေမေစိတ်ဆိုးမှာ ကြောက်လို့ပါ''
"မဟုတ်တာ၊ လာ ကိုကိုရှိတယ်၊ တူတူဝင်ရအောင်၊ ဘာမှမကြောက်ပါနဲ့”
ကိုကိုက အခန်းတံခါးတွန်းဖွင့်ကာ ဆွဲခေါ်၏။ သွင်ရိပ် မငြင်းသာဘဲ ကြောက်လန့်စွာပါသွားသည်။ မေမေ့ခေါင်း၌ ပတ်တီးအဖွေးသားနေရာယူထားသည်။ ကုတင်ပေါ် မှီထိုင်နေကာ မမရတီနှင့် ရယ်မောစွာ စကားပြောနေသည်။ သွင်ရိပ်တို့ကိုမြင်တော့ မေမေ့မျက်နှာထားတည်သွားလေသည်။
"အန်တီချို သက်သာရဲ့လား”
ကိုကိုက ဖော်ဖော်ရွှေရွှေမေးတော့ မေမေက ခေါင်းတစ်ချက်ညိတ်ပြသည်။ အပြုံးအရယ်မရှိ။ ကြိုဆိုမှုမရှိ။ သွင်ရိပ် သိပ်မျက်နှာငယ်ရသည်။
"သွင်ရိပ်ဘာမှမစားရသေးဘူးမဟုတ်လား၊ ဒီမှာ ခဏနေခဲ့နော်၊ ကိုကို ရတီနဲ့သွင်ရိပ်စားဖို့ စားစရာတစ်ခုခုသွားဝယ်လာခဲ့မယ်”
ကိုကိုက သွင်ရိပ်ကို ထား၍ ထွက်သွားတော့ သွင်ရိပ်အူတူတူရပ်နေမိသည်။ မေမေက ထိုင်ပါဟု တစ်ခွန်းမှပြောသလို ကြိုဆိုမှုမရှိတော့ လှုပ်မျှမလှုပ်ရဲပေ။ ဝမ်းနည်းမှုသာ ကြီးစိုးနေ၏။
"ညည်းငါ့ကိုသွေးလှူလိုက်တယ်ဆိုပြီး ငါကျေးဇူးတင်မယ်မထင်နဲ့၊ သမီးအဖြစ် လက်ခံမယ်လို့လည်း မျှော်လင့်မနေနဲ့သွင်ရိပ်ချို”
မေမေ ဤမျှထိ ပြောဖို့ လိုပါရဲ့လား။ သမီးအဖြစ် လက်မခံဘူးဟုသိသော်လည်း ပါးစပ်က အကြိမ်ကြိမ်ထုတ်ပြောခံရတော့ ရင်ထဲ အောင့်အောင့်သွားရသည်။
"ရပါတယ်၊ သွင်ရိပ်ကို သမီးအဖြစ် အသိအမှတ်မပြုလည်း ရပါတယ်၊ သွင်ရိပ်သွေးနဲ့ မေမေအသက်ရှင်နေပေးတာပဲသွင်ရိပ်ကျေနပ်လှပါပြီ''
ထိုစဥ် အခန်းတံခါးခေါက်သံသုံးချက်ကြားလိုက်သည်။ ပြီးတော့ တံခါးမှာ ကျွီခနဲပွင့်လာ၏။ အခန်းထဲသို့ မိန်းမတစ်ဦး ကြော့ရှင်းစွာ ဝင်လာသဖြင့် လှည့်ကြည့်လိုက်သည်။ မမမှူးဖြစ်၏။ မယမင်းနှင့်အမျိုးသားတစ်ဦး ထပ်မံဝင်ရောက်လာတော့ သွင်ရိပ်ဘေးထောင့်ကပ်ကာ နေရာဖယ်ပေးလိုက်သည်။ လူနာသတင်းမေးသည့်ပုံမရဘဲ မမမှူးမျက်နှာက မောကျောကာ အထက်စီးဆန်နေ၏။
"မင်းတို့ ဘယ်သူလဲ၊ ဘာကိစ္စလဲ”
မေမေက မမမှူးကို ကြည့်ပြီး မေးသည်။ မမက သွင်ရိပ်ကို တချက်လှည့်ကြည့်လာ၏။
"ကျွန်မက ဒေါ်တေးမာလာရဲ့သမီးတေးယစ်မှူး၊ အန်တီနဲ့ ညှိနှိုင်းချင်တာလေးရှိလို့”
မမက အတူပါလာသည့်ယောက်ျားကို မျက်ရိပ်ပြသည်။ ထိုလူက သူဆွဲလာသည့်အထုပ်ကို စားပွဲပေါ်တင်ပေးသည်။
"ကျွန်တော်က ရှေ့နေစိုင်းမြတ်သူပါ၊ ဒေါ်တေးမာလာရဲ့အမှုကို ကျေအေးပေးဖို့ တောင်းဆိုပါတယ်၊ ဒေါ်မြင့်မာချိုတို့အတွက် နစ်နာကြေးပါ၊ မနည်းလောက်ပါဘူး”
မမရတီက ရှေ့နေကြီးပေးသည့်ပိုက်ဆံထုပ်ကို ဖွင့်ကြည့်ကာ ခပ်ဟဟရယ်သည်။
"ငွေပေးလိုက်ရုံနဲ့ ကျေအေးရမယ်ပေါ့၊ ငါတို့က မသုံးနိုင်မစွဲနိုင်ထင်လို့လား၊ ငွေနဲ့ မြူဆွယ်နေရအောင် အပေါစားအဆင့်အတန်းမဟုတ်ဘူး”
"ကျွန်မမြင်တာတော့ ငွေကို အရမ်းကြိုက်တဲ့ပုံပဲ၊ အိုက်တင်ခံနေရအောင် ဘာထပ်လိုချင်သေးလဲ၊ ဝေ့ဝိုက်မနေဘဲ ပွင့်ပွင့်လင်းလင်းပြောပါ''
မမမှူးက စိတ်မရှည်သလိုပြောလိုက်တော့ မေမေက ရယ်သည်။
"မင်းအမေကိုယ်တိုင်ဒူးထောက်ပြီး တောင်းပန်တာလိုချင်တယ်၊ မင်းအမေက အချုပ်ခန်းမှာဆိုတော့ ကိစ္စမရှိပါဘူး၊ မင်းက မင်းအမေအစားငါ့ကိုတောင်းပန် တရားစွဲတာ ပယ်ဖျက်ပေးမယ်”
မေမေ့စကားကြောင့် မမမှူးဒေါသထွက်သွားလေသည်။
"ဒီမှာအန်တီ၊ ရှင် လူကြီးဖြစ်ပြီး လူကြီးစကားပြောပါ”
မမက လက်သီးကျစ်ကျစ်ဆုပ်ထား၏။ သွင်ရိပ် မမလက်သီးကို ထပ်၍ ဆုပ်ကိုင်ပေးလိုက်တော့ မီးဝင်းဝင်းတောက်နေသည့်မျက်လုံးဖြင့် သွင်ရိပ်ကို လှည့်ကြည့်လာသည်။ သွင်ရိပ် မမရှေ့ပိတ်ရပ်၍ ဒူးထောက်ထိုင်ချလိုက်သည်။
"သွင်ရိပ်တောင်းပန်ပါတယ်၊ မမအစား သွင်ရိပ်ဒူးထောက်ပြီးတောင်းပန်ပါတယ်၊ မေမေကျေအေးပေးလိုက်ပါနော်”
"သွင်ရိပ်ချို၊ ညည်းဘာဝင်ရှုပ်ပြန်တာလဲ၊ ဖယ်စမ်းအေ”
"ဟင့်အင်း၊ မေမေ ဒီလောက်နဲ့ လက်ခံလိုက်ပါနော်၊ မမကို စိတ်ဆိုးအောင် မလုပ်ပါနဲ့”
"မှူးက ကျွန်မသူငယ်ချင်းပါဒေါ်လေးချို၊ ကိုထက်နှင့်ကျွန်မမျက်နှာကို ထောက်ပြီးဖြစ်ဖြစ် ကျေအေးပေးပါ၊ ဒေါ်လေး ကျွန်မသူငယ်ချင်းကို အခက်တွေ့အောင်မလုပ်ပါနဲ့”
မယမင်းက ကြားဝင်၍ မေမေ့ကို ဖျောင်းဖျသည်။ မမမှူးက မယမင်းကို တစ်ခုခုကပ်ပြော၍ သွင်ရိပ်လက်ဆွဲကာ အခန်းထဲမှ ခေါ်ထုတ်လာသည်။ ခပ်ဝေးဝေးရောက်တော့ သွင်ရိပ်လက်ကို လွတ်ပေးသည်။
"မင်းဘာလို့ တခြားသူရှေ့မှာ လွယ်လွယ်လေးဒူးထောက်နိုင်ရတာလဲ၊ မာနမရှိဘူးလား”
"ဒူးထောက်လို့ အားလုံးအဆင်ပြေမယ်ဆို သွင်ရိပ်လုပ်နိုင်ပါတယ်၊ ပြီးတော့ တခြားသူမှမဟုတ်တာ သွင်ရိပ်ရဲ့မေမေလေ''
မမက ခုံတွင် ဝင်ထိုင်တော့ သွင်ရိပ် မမဘေးတွင် အတူထိုင်လိုက်သည်။ မမက ခေါင်းငုံ့ကာ အတန်ကြာ စဥ်းစားနေ၏။ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပုံရ၏။ ပြီးတော့ တစ်နေရာသို့ စူးစိုက်ကြည့်နေပြန်သည်။ သွင်ရိပ် မမကြည့်နေသည့်နေရာသို့ ကြည့်ရန် ခေါင်းလှည့်တော့ မမက တားသည်။ သွင်ရိပ်မျက်နှာကို ဆွဲလှည့်၏။ မမလက်ဖဝါးမှာ သွင်ရိပ်ပါးပြင်ကို အုပ်ကိုင်ထားတော့ သွင်ရိပ်အူတူတူလေး မမကို ကြည့်မိသည်။ မမနှုတ်ခမ်းမှာ ပြုံးရိပ်သမ်းလာပြီး မဲ့ပြုံးအဖြစ် ပြောင်းသွားသည်။
"မမ ဘာဖြစ်လို့လဲဟင်''
မမမျက်နှာသည် သွင်ရိပ်မျက်နှာအနီးသို့ တိုးကပ်လာသဖြင့် မျက်လုံးပြူးကျယ်သွားရသည်။ အသက်ရှူရန်ပင် မဝံ့မရဲဖြစ်လာပြီး ကမ္ဘာကြီးသည် သွင်ရိပ်အပေါ်ကျလာသလို။ မမ၏ပြည့်ဖူးဖူးနှုတ်ခမ်းသည် သွင်ရိပ်နှုတ်ခမ်းကို ထိကပ်လာချိန် နူးညံ့မှုဖြင့် သိမ်းပိုက်ခံရသည်။ ဖော်ပြရန်ခက်သော ရင်ဖိုလှိုက်မောမှု ဗို့အားတစ်သိန်းတို့ကြောင့် အားအင်မဲ့ကာ ဆွဲငင်ခံလိုက်ရသည်။ တိမ်ငွေ့တိမ်စိုင်ထဲ နစ်ဝင်သွားသလို မမ၏အနမ်းသည် သွင်ရိပ်၏first kissကို လှပနူးညံ့စွာ ပုံဖော်ခဲ့၏။
"ဘုတ်''
ပစ္စည်းတစ်ခုပြုတ်ကျသံကြောင့် သွင်ရိပ် အလန့်တကြားလှည့်ကြည့်တော့ ကိုကိုက သွင်ရိပ်တို့ကို အံ့အားသင့်စွာ ငေးကြည့်နေ၏။
=
#ဆက်ရန်
#ကြွေ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now