အပိုင်း( ၂၂ )

3.1K 220 1
                                    

မင်္ဂလာဦးညအခန်းသည် သီရိမြုံ၏အလယ်ထပ်၌ ပြင်ဆင်ထားသည်။ သွင်ရိပ်အခန်းထဲ၌ ကြံရာမရစွာ ထိုင်နေမိသည်။ ကိုရဲရင့်က ရေချိုးနေ၏။ သွင်ရိပ် စိတ်ရောလူရော အလွန်ပင်ပန်းပြီး နုံးချိနေသည်။ မမမှူးက အောက်ထပ်သို့ လုံးဝဆင်းမလာ။ ညစာလည်း ဆင်းမစားပေ။ သွင်ရိပ် မမကို မည်မျှထိ လွမ်းနေခဲ့လဲ ကိုယ်ကိုယ်ကိုယ်အသိဆုံး။ မမမျက်နှာကို တစိမ့်စိမ့်ကြည့်၍ သွင်ရိပ်ခံစားရသမျှ ပြောပြချင်သည်။ သွင်ရိပ်ဘဝသည် ရုတ်ချည်းဆိုသလို ဘာတွေ ဘယ်လို ပြောင်းလဲပြီလဲဟု မသိတော့။
“သွင်ရိပ် မအိပ်သေးဘူးလား၊ လာလေကွာ”
ကိုရဲရင့်က ရေချိုးပြီး အဝတ်အစားလဲဝတ်ရင်း လာအိပ်ရန် ခေါ်နေသည်။ သွင်ရိပ် မှန်စင်ရှေ့ ထိုင်ရင်း သူ့ဘက် လှည့်ကြည့်လိုက်သည်။ ကိုရဲရင့်မှာ အသားလတ်လတ်၊ ခန္ဓာကိုယ်အရပ်အမောင်းကောင်းပြီး ဗလတောင့်တောင့်မို့ သွင်ရိပ်ကြောက်လည်းကြောက်မိသည်။ သွင်ရိပ်ခန္ဓာကိုယ်နှင့်ယှဥ်လျှင် အရမ်းကြီးလွန်း၏။ သို့သော် မည်သို့ဖြစ်စေ သွင်ရိပ်အနိုင်ကျင့်တော့ မခံနိုင်ပါ။
“သွင်ရိပ် ကိုရဲရင့်ကို မချစ်ဘူး”
“ဒီညက ကိုယ်တို့မင်္ဂလာဦးညနော်၊ မလိုအပ်တဲ့စကားတွေ မပြောရင် ကောင်းမယ်”
ကိုရဲရင့်က ကုတင်ပေါ်၌ ခပ်စောင်းစောင်းထိုင်၍ စီးကရက်မီးညှိနေသည်။ စီးကရက်ငွေ့အချို့မှာ သွင်ရိပ်ဘက်သို့ လွင့်လာ၏။ သွင်ရိပ်မှာ ချောင်ပိတ်ခံရသော ကြွက်လို အခြေအနေမို့ စိတ်ညစ်မိသည်။.
“သွင်ရိပ် ကိုရဲရင့်နဲ့အတူ မအိပ်ချင်ဘူး၊ သွင်ရိပ် အစ်ကို့မိန်းမဖြစ်ဖို့ အခုထိ အသင့်မဖြစ်သေးဘူး”
ကိုရဲရင့်က ဒေါသထွက်သွားသလို အံကြိတ်လိုက်သဖြင့် မှေးရိုးမှာ အကြောတဖြိုင်းဖြိုင်းထလာသည်။ ဤမျှထိ စိတ်တိုလွယ်လွန်း၍ သွင်ရိပ် လန့်သွားမိသည်။ ချက်ချင်း ကြမ်းပြင်ပေါ်သို့ ဆင်း၍ ဒူးတုပ်ထိုင်ချကာ အသနားခံကြည့်လိုက်တော့ သူက မယုံသလို လှမ်းကြည့်လာ၏။ ကိုရဲရင့်က စီးကရက် မီးငြိမ်း၍ ခေါင်းတဆတ်ဆတ်ညိတ်ကာ ကုတင်ပေါ် လဲအိပ်ချလိုက်သည်။
“သွင်ရိပ်အိပ်ရင် မီးပိတ်လိုက်”
ကိုရဲရင့်က အေးဆေးအိပ်နေသဖြင့် သွင်ရိပ် ပြူးကြောင်ကြောင်လေး ကြည့်နေမိသည်။ ဘေး၌ ဝင်မအိပ်ရဲသဖြင့် ဒူးပေါ် လက်လေးယှက်တင်ကာ ထိုင်နေမိသည်။ ခဏကြာတော့ ကိုရဲရင့်က မောပန်းကာ ဟောက်နေ၏။ နစ်ခြိုက်စွာ အိပ်ပျော်နေသည်။ သွင်ရိပ် အခန်းမီးပိတ်၍ အပေါ်ဆုံးထပ်သို့ ခြေသံလုံစွာ တက်လာခဲ့သည်။ သွင်ရိပ် စိတ်တို့ အရမ်းလှုပ်ရှားနေ၏။ မှောင်ရိပ်ခိုရင်း အပေါ်ဆုံးထပ်ရောက်သွားတော့ ဟောခန်းကို ကျော်ကာ မမမှူးအခန်းဘက် လှည့်ထွက်လာသည်။
မမအခန်းမှာ မီးဖွင့်ထားသည်။ သွင်ရိပ် မမအခန်းတံခါးကို အသာအယာတွန်းဖွင့်လိုက်တော့ မမက ပြတင်းပေါက်အနီးရပ်နေရာမှ လှည့်ကြည့်လာသည်။ ဆံပင်ရှည်တို့ကို ဖားလျားချထားပြီး လက်ပိုက်ထားရုံမက သွင်ရိပ်ကို ဝါးစားတော့မည့်အကြည့်မျိုးဖြစ်၏။ သွင်ရိပ် မမကို အားပါးတရ ပြေးဖက်လိုက်သည်။ ပြီးတော့ ဝမ်းနည်းလွန်း၍ ရှိုက်ကြီးမိုက်ကြီး ငိုချလိုက်သည်။ မမက အတန်ကြာ ငြိမ်သက်နေရာမှ သွင်ရိပ်ပခုံးကို ဆုပ်ကိုင်ကာ ကြမ်းတမ်းစွာ ဆွဲခွာပစ်လိုက်သဖြင့် လန့်သွားမိသည်။
“မင်းအတွက် လက်ထပ်တယ်ဆိုတာ အဲဒီလောက် လွယ်ကူလွန်းတဲ့အလုပ်လား၊ ဟမ် မင်း နေ့သစ်နဲ့လည်း လွယ်လွယ်လက်ထပ်သလို ရဲရင့်နဲ့လည်း မင်္ဂလာထပ်ဆောင်ပြန်တယ်၊ မင်း ဘယ်လိုမိန်းမလဲ၊ တုံးအတာလား ဖြူစင်တာလား မဟုတ်ဘူးပဲ ရွံစရာကောင်းတယ်လို့ခေါ်တယ်၊ ငါ့ကို လာမထိနဲ့”
မမက သွင်ရိပ်ကို ကြမ်းတမ်းစွာ တွန်းပစ်လိုက်သဖြင့် သွင်ရိပ် ကုတင်ပေါ် ထိုင်လျက်သား လဲကျသွားသည်။ မွေ့ယာခံနေတော့ မနာသွားသော်လည်း စိတ်ထဲ နာကျင်သွားမိသည်။
“သွင်ရိပ် မမကို ချစ်တယ်ဆိုတာကလွဲပြီး ဘာမှမသိတော့ဘူး၊ မမနဲ့ ဝေးရမှာကြောက်တယ်”
မမက သွင်ရိပ်ကို မျက်ထောင့်နီဖြင့် ကြည့်နေ၍ သွင်ရိပ်ကြောက်လာရသည်။ မမ လက်လေးကို မရဲတရဲ လှမ်းဆွဲလိုက်တော့ မမက စိတ်လျှော့သလို သက်ပြင်းချကာ လက်ရုတ်လိုက်သည်။
“တို့က အဆက်အသွယ်မလုပ်တာနဲ့ပဲ မာမီက မင်းကို ဘာတွေများ အကြပ်ကိုင်ခဲ့လို့ ရဲရင့်နဲ့ လက်ထပ်လိုက်တာလဲ၊ တို့ကို ပြောပြကြည့်စမ်းပါ”
‘’မမက သွင်ရိပ်ကို ထားသွားတယ်၊ သွင်ရိပ်မေမေက ကိုရဲရင့်နဲ့ အတင်းအကြပ်လက်ထပ်ဖို့ ဖိအားပေးတယ်၊ မမက သွင်ရိပ်ဘက်မှမရှိတာ၊ သွင်ရိပ် ဘယ်သူ့ကို အားကိုးရမလဲ၊ မမသာရှိရင် သွင်ရိပ်က မမဆီကို ပြေးလာခဲ့မှာပေါ့၊ အခုတော့ မချစ်ဘဲနဲ့ မမမောင်ကို ယူလိုက်ရတယ်၊ ဟင့်အင်း သွင်ရိပ် သူနဲ့ မပေါင်းဘူး၊ မမမောင်လေးက အရမ်းကြောက်ဖို့ကောင်းတယ်၊ သွင်ရိပ် မမနဲ့ပဲ နေမှာ”
“တော်စမ်း၊ သူက တို့မောင်မဟုတ်ဘူး”
သွင်ရိပ် မမလက်လေးကို အားကိုးတကြီး ထပ်ဆုပ်ကိုင်လိုက်တော့ မမက အံကြိတ်သည်။
“ငတုံးမလေး၊ အခုလို ဖြစ်လာတာ တို့မာမီလည်လွန်းလို့မဟုတ်ဘူး၊ မင်း တုံးလွန်းလို့ပဲ၊ ထွက်သွား”
မမက ဒေါသတကြီး အော်ငေါက်တော့ သွင်ရိပ် ငိုမဲ့မဲ့လေး အခန်းပြင်သို့ ထွက်လာခဲ့သည်။ ခဏကြာတော့ မမအခန်းမှာ မီးပိတ်သွား၏။ အသံများမှာ တိတ်ဆိတ်သွားသည်။ သွင်ရိပ် မမအခန်းရှေ့တွင် ကြာမြင့်စွာ ရပ်နေမိသည်။ အတန်ကြာသော် မမအခန်းထဲ ပြန်ဝင်တော့ မမက ညအိပ်မီးရောင်အနီလေးအောက်၌ ဘေးစောင်းလေး ငြိမ်သက်စွာ အိပ်နေသည်။ သွင်ရိပ် မမဘေးတွင် ဝင်လဲအိပ်လိုက်ပြီး မမရင်ခွင်ထဲ တိုးဝင်ကာ အသာဖက်လိုက်သည်။ ပြီးတော့ စိတ်ချလက်ချ အေးချမ်းစွာ အိပ်စက်မိလေတော့သည်။
~
မနက်အစောကြီး မှူးနိုးလာခဲ့သည်။ ရုတ်တရက် လန့်သွား၏။ သွင်ရိပ်က မှူးခါးကို ဖက်ထားပြီး ရင်ခွင်ထဲ အိပ်နေသဖြင့် မှူး လှုပ်မရဘဲ အခက်တွေ့နေသည်။ သွင်ရိပ်က ဘယ်လိုကြောင့် မှူး၏ကုတင်ပေါ်တွင် အတူလာအိပ်နေရသလဲဟု စဥ်းစားရင်း သွင်ရိပ်မျက်နှာကို မှူးငုံ့ကြည့်နေမိသည်။ သွင်ရိပ်က ရုတ်တရက် တအင်းအင်းညည်းညူရင်း နိုးလာသဖြင့် မှူး မျက်လုံးမှိတ်ချကာ အိပ်ပျော်ချင်ယောင်ဆောင်လိုက်သည်။
သွင်ရိပ်က မှူးကို ဆတ်ခနဲ ပိုတိုးဖက်ပြီး မှူးပါးကို မျက်နှာလေးမော့နမ်းလိုက်သဖြင့် အမူအရာမပျက်အောင် မနည်းထိန်းလိုက်ရသည်။
“Morning Ma Ma”
သွင်ရိပ်က မှူးကို နှုတ်ဆက်၍ အပြင်သို့ ပြေးထွက်သွားသဖြင့် မှူး မျက်လုံးပြန်ဖွင့်ကာ လေးပင်စွာ ထထိုင်လိုက်သည်။ ပါးပေါ် စီးကျလာသော မျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်၍ ရေချိုးခန်းသို့ ထထွက်လာခဲ့သည်။ အားပါးတရရေချိုးပစ်လိုက်ပြီး အနီနုရောင်ပါတိတ်ဝမ်းဆက်ကိုဝတ် ဆံပင်ရှည်ကို တစ်ဝက်စည်းနှောင် ကြည့်ပျော်ရှုပျော်ပြင်ဆင်၍ တုတ်ကောက်ဖြင့် အောက်ဆုံးထပ်ဆင်းလာခဲ့သည်။
“အို! လှလိုက်တာမှူးလေးရယ်၊ မှူးအလှက သိပ်ကျက်သရေရှိတာပဲကွယ်”
မှူး ပြုံးလိုက်တော့ ကြီးကြီးမြက တက်ကြွစွာ မနက်စာဝိုင်းသို့ ခေါ်လာသည်။ သွင်ရိပ်က မီးဖိုချောင်၌ ရှိနေပြီး မနက်စာကူပြင်နေသဖြင့် မှူးစိတ်ရှုပ်သွားသည်။ မျက်နှာချင်းဆိုင်ချင်စိတ်မရှိပေ။
"သွင်ရိပ်လေးကလေ ကြီးကြီးမြကို ဝိုင်းကူပေးနေတာကွယ်၊ မှူးလေးကြိုက်တဲ့ မုန့်ဟင်းခါးကို သွင်ရိပ်ကူချက်ပေးထားတာ၊ ကြီးမြလက်ရာနဲ့ ယှဥ်နိုင်တယ်ကွယ့်”
မှူး ဟင်းခါးရည်ကို ကြည့်လိုက်တော့ အငွေ့တထောင်းထောင်းထကာ အနံ့မှာလည်း စားချင်စဖွယ် မွှေးပျံ့နေ၏။ ငါးဖယ်၊ ပဲကြော်၊ အိုးဘဲဥ၊ နံနံပင်၊ ငံပြာရည်၊ သံပုရာသီးစိပ်၊ ငရုတ်သီးမှုန့် စသဖြင့် အကုန်စုံစုံလင်လင်ပြင်ထားသဖြင့် မှူးမှာ စားချင်စိတ်ကို မာနလေးဖြင့် မျိုသိပ်ပစ်လိုက်သည်။
"မှူးမစားဘူး၊ ကြီးကြီးမြ မှူးကို ကော်ဖီဖျော်ပေးပါ''
မှူး ကြီးကြီးမြကို အော်ပြောလိုက်ရင်း စားပွဲဝိုင်း၌ တစ်ယောက်တည်း ထိုင်လိုက်သည်။ သွင်ရိပ်က မျက်နှာမကောင်းစွာ မျက်နှာချင်းဆိုင်ခုံ၌ ဝင်ထိုင်၍ ခပ်ငေးငေးလာကြည့်နေသဖြင့် မှူးမျက်စောင်းထိုးလိုက်သည်။ ထိုစဥ် ရဲရင့်က သွင်ရိပ်ဘေး လာထိုင်သဖြင့် စိတ်ရှုပ်လာ၏။
"ကိုယ်နိုးလာတော့ သွင်ရိပ်ကို မတွေ့လို့”
ကြီးကြီးမြက ကော်ဖီလာချပေးတော့ မှူးယူသောက်ရင်း သွင်ရိပ်ကို စောင်းကြည့်လိုက်သည်။
“အဲဒါက သွင်ရိပ် ကြီးကြီးမြကို မနက်စာကူပြင်ပေးဖို့ အစောကြီးထလာတာလေ၊ အစ်ကိုအိပ်နေသေးလို့ သွင်ရိပ်လည်း အိပ်ပါစေဆိုပြီး မနိုးတော့တာ''
သွင်ရိပ်စကားကြားတော့ မှူး နှာခေါင်းရှုံ့ပစ်လိုက်သည်။ အသက်ကြီးလာတော့ သွင်ရိပ်က လိမ်တတ်နေ၏။ ရဲရင့်အတွက် မုန့်ဖတ်၊ ဟင်းရည် ခပ်ထည့်ပေးကာ ဂရုစိုက်ပြနေသဖြင့် မှူးအံကြိတ်လိုက်သည်။ သွင်ရိပ်က မတတ်သာ၍ လုပ်ပေးနေရသော မျက်နှာလုပ်ပြနေတော့ မှူး အမြင်ကတ်လာသည်။ ဤမြင်ကွင်းကို မှူး ကြည့်ချင်စိတ်လည်း လုံးဝမရှိပါ။
"ဒီနေ့ မောင်မြင့်ခွင့်ယူထားလို့ ဈေးလိုက်ပို့ပေးမဲ့သူမရှိဘူး၊ မှူးလေးအားလားကွယ်''
“အားပါတယ်ကြီးကြီးမြ၊ မှူးပို့ပေးမယ်လေ၊ ကားပေါ်မှာ စောင့်နှင့်တော့မယ်”
မှူး ရွှေရောင်တုတ်ကောက်ယူ၍ အသာထိန်းရင်း ခြံထဲ ဆင်းကာ ကားပေါ် လာစောင့်နေလိုက်သည်။ ခဏကြာတော့ ကြီးကြီးမြက သွင်ရိပ်နှင့်အတူ ဈေးဆွဲခြင်းဆွဲကာ ထွက်လာသည်။
"ကြီးကြီးမြရေ သွင်ရိပ်ရှေ့မှာ ထိုင်လိုက်မယ်နော်''
သွင်ရိပ်က ကားရှေ့ခန်းတံခါးလာဖွင့်၍ ဝင်ထိုင်လိုက်သဖြင့် မှူး စိတ်ရှုပ်စွာ ကြည့်နေမိသည်။
“မင်းမလိုက်ရပါဘူး၊ သစ်ခွခြံမသွားဘူးလား”
“သွင်ရိပ်နားထားပါတယ်၊ ကိုရဲရင့်က မသွားနဲ့ဦးဆိုလို့ မမတို့ကြီးမြတို့မရှိဘဲ သွင်ရိပ်တစ်ယောက်ထဲနေခဲ့ရမှာ နည်းနည်းအနေခက်လို့ပါ၊ လိုက်ပါရစေနော်၊ မထားခဲ့ပါနဲ့”
သွင်ရိပ်က ထိုင်ခုံခါးပတ်ကို ဆက်တပ်ရမလို ဖြုတ်ရမလို မျက်နှာငယ်ဖြင့် ပြောနေသဖြင့် မှူး မောင်းထွက်လာခဲ့သည်။ သွင်ရိပ် ဤလိုမျက်နှာအမူအရာလုပ်လျှင် မှူးမှာ မတင်းမာနိုင်တော့။ သွင်ရိပ်တွင် ဘာအပြစ်မှမရှိမှန်းလည်း မှူးသိသည်။ မှူးက သွင်ရိပ်ကို မာမီ့အကြံမှ မကာကွယ်ပေးနိုင်ခဲ့တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမလား။ ဤအခြေအနေကို မှူးမုန်းသည်။
စျေးရောက်တော့ ခပ်လှမ်းလှမ်းတွင် ကားပါကင်ထိုး၍ မှူးတို့ စျေးထဲ ဝင်လာခဲ့ကြသည်။ စျေး၌ လူများမှာ ကြိတ်ကြိတ်တိုးနေ၏။ အသားငါးတန်းများ၌ ညှီနံ့များ နံသဖြင့် ခပ်မြန်မြန် ဖြတ်သွားကြသည်။ ကုန်စိမ်းများလည်း တစ်နေ့တခြား စျေးတက်လာကြောင်း ကြီးကြီးမြက ညည်း၏။ သွင်ရိပ်က နောက်မှ စျေးခြင်းတောင်းဆွဲရင်း ဘာဝယ်ညာဝယ်ပြောလည်း မကြားချင်ယောင်ဆောင်၍ မှူး အကြိုက်စိတ်ကြိုက်ရွေးဝယ်သဖြင့် သွင်ရိပ်က နှုတ်ခမ်းစူသည်။ ခြေညောင်းတယ်ဟု ညည်းနေသေး၏။
"မမ သွင်ရိပ်အချဥ်ပေါင်းစားချင်တယ်၊ မမလို့’’
“သွင်ရိပ်ကို မဝယ်ကျွေးဘူးလား၊ မမ အချဥ်ပေါင်းစားချင်ပါတယ်ဆို”
‘’အို! မင်းဘယ်လိုဖြစ်နေတာလဲ၊ နားညည်းလိုက်တာ၊ ဟိုမှာ ယင်တဝီဝီနဲ့ အနံ့ကလဲဆိုး မသန့်ရှင်းလို့ မဝယ်ကျွေးတာ၊ စျေးလိုက်လာပြီး တိတ်တိတ်နေ မဟုတ်ရင် ရောင်းစားပစ်လိုက်မယ်''
သွင်ရိပ်က မျက်နှာလေးညှိုးကာ ထပ်မပူဆာတော့သဖြင့် မှူး ကြီးကြီးမြနှင့်အတူ ဘုရားပန်းများ ရွေးဝယ်နေလိုက်သည်။ သွင်ရိပ်က စျေးခြင်းတောင်းဆွဲ၍ တကောက်ကောက်လိုက်ရင်း နေမြင့်တော့ ရုပ်ပျက်လာသည်။ စျေးထိလာပြီး ဘာမှလည်း မစားရပါလားဟု မကြားတကြားပြောနေသေး၏။ ကုန်စိမ်းပစ္စည်းများ၍ မနိုင်မနင်းဖြစ်နေတော့ သနားသော်လည်း ပညာပေးထားလိုက်သည်။ ကြီးကြီးမြက အမြင်မတော်၍ ကူဆွဲပေးနေသဖြင့် မမြင်ယောင်ဆောင်ထားလိုက်သည်။ ရုတ်တရက် တစ်စုံတစ်ဦးက မှူးလက်ကို လာဆွဲလိုက်သဖြင့် မှူးလှည့်ကြည့်လိုက်သည်။ ယမင်းဖြူဖြစ်နေ၏။
"မယမင်းလည်း သွင်ရိပ်တို့လိုပဲ ဈေးလာတယ်ထင်တယ်''
သွင်ရိပ်က ယမင်းကို ဝမ်းသာအားရ နှုတ်ဆက်၏။ မှူးကတော့ လက်ကို ဆောင့်ရုန်းပစ်လိုက်သည်။
"ဟုတ်တယ်သွင်ရိပ်ရဲ့၊ ကြီးကြီးမြရေ မှူးကို ပြောစရာရှိလို့ ယမင်း ခဏခေါ်သွားမယ်နော်''
"ငါ့မှာ နင်နဲ့ ပြောစရာမရှိဘူးယမင်းဖြူ၊ ငါနဲ့ ကင်းကင်းနေ”
"ဒီသူငယ်ချင်းနှစ်ယောက်ရန်ဖြစ်ထားတယ်ထင်ပါရဲ့၊ ကလေးတွေကျလို့ကွယ်”
ယမင်းက မှူးကို တောင်းပန်သလို ကြည့်နေတော့ မှူးအံကြိတ်ပစ်လိုက်သည်။
"မှူး ကားပေါ်မှာ ပြန်သွားစောင့်နေလိုက်မယ်၊ ကြီးကြီးမြတို့ ဈေးဝယ်ပြီးရင် လိုက်လာပေး”
မှူး ကြီးကြီးမြကို ပြော၍ စျေးထဲမှ ထွက်လာသည်။ ယမင်းက မှူးနောက်လိုက်လာ၏။ ကားဘေးရောက်တော့ မှူး လက်ပိုက်၍ ယမင်းကို ခပ်တည်တည်ကြည့်လိုက်သည်။
"ငါ့ကို နင်စိတ်ဆိုးနေမယ်ဆိုတာသိပါတယ်၊ အဲဒီနေ့က နင့်မာမီအတင်းမေးလို့ ငါမတတ်သာဘဲ ပြောလိုက်ရတယ်၊ ငါ နင့်မာမီကို ကြောက်တာ နင်လဲ သိသားပဲဟာ၊ ငါ ဘယ်လိုလိမ်ရမှာလဲ၊ တကယ်တော့ ငါမပြောတောင် နင်တို့အကြောင်းက တစ်နေ့မဟုတ်တစ်နေ့ ပေါ်မှာပဲလေမှူးရယ်၊ ငါ့ကို နားလည်ပေးပါနော်၊ စိတ်မဆိုးလိုက်ပါနဲ့ဟယ်”
"ငါ နင့်ကို ဘာမှမပြောချင်တော့ဘူး၊ နင်သွားပါတော့''
"ငါ့ကို အဲလိုမပြောပါနဲ့ဟာ၊ ငါတို့က အချစ်ဆုံးသူငယ်ချင်းတွေလေ၊ နားလည်ပေးပါမှူးရယ်”
ယမင်းက မှူးသူငယ်ချင်းမဟုတ်ဘဲ ဒက်ဒီနှင့်မာမီ၏သူငယ်ချင်းဟု ပြောရလောက်အောင် ဟိုးငယ်စဥ်တည်းက မှူးမိဘစကားကို မသွေဖယ်ဘဲ နားထောင်သည်။ သူ့မှာ မှူးမိဘကို မလွန်ဆန်နိုင်။ မာမီက သူလျှိုအဖြစ် လွတ်ထားသလားဟုပင် မှူးမြင်လာသည်။ မှူး ဘယ်သူ့မှ မယုံကြည်တော့ပါ။
~
ဤနေ့မှာ တစ်အိမ်လုံး သန့်ရှင်းရေးလုပ်ရမည့်ရက်ဟု ကြီးကြီးမြက မနက်တည်းမှ ပြောထားသည်။ အခြားအိမ်ဖော်မလေးနှစ်ဦးနှင့်ကြီးကြီးမြက အလယ်ထပ်နှင့်အောက်ထပ်ကို တာဝန်ယူပြီး သွင်ရိပ်ကတော့ အပေါ်ဆုံးထပ်ကို တာဝန်ယူသည်။ မနက်တည်းမှ ဘုရားဆောင်၊ TVခန်း၊ စတိုခန်း၊ ဟောခန်းတွင် ကြမ်းတိုက်၊ မှန်တိုက်ဖြင့် သွင်ရိပ်မှာ မောဟိုက်နေသည်။ ကြီးကြီးမြက သွင်ရိပ်ကို မခိုင်းသော်လည်း မမ၏မိဘများ အမြင်ကြည်ရန် သွင်ရိပ်ရို့ကျိုးစွာ နေရသည်။ ဒက်ဒီအတွက် ဌားထားသော သူနာပြုဆရာမက အချိန်မှန်လာကြည့်ပေးပြီး ဆရာမမရှိချိန် သွင်ရိပ်ကပဲ ဂရုစိုက်ပေးသည်။ ယောက္ခမအချစ်ကို ကြိုးစားယူရင်း သွင်ရိပ်မှာ မျက်နှာနိမ့်နိမ့်နေရသည်။ ကိုရဲရင့်ကိုတော့ သွင်ရိပ်ခင်ပွန်းအဖြစ် စိတ်ထဲ အသိအမှတ်မပြုခဲ့ပေ။ ဒက်ဒီနှင့်မာမီရှေ့တွင်သာ အပေါ်ယံဂရုစိုက်ပြပြီး နောက်ကွယ်၌ ခပ်ရှောင်ရှောင်နေသည်။ အထိလည်းမခံ။ ညတိုင်း မမအိပ်ပျော်ချိန်စောင့်၍ မမအခန်း၌ သွားခိုးအိပ်သည်။ မမ မနိုးခင် အစောကြီးထ၍ မသိသလိုပြန်နေလိုက်သည်။ မမကတော့ သိမည်မဟုတ်။ သွင်ရိပ်ကို မျက်နှာချင်းပင် မဆိုင်ပါ။
မမက စိတ်ကူးပေါက်သလို အချိန်အခါမရွေး အပြင်သို့ ထသွားတတ်သည်။ တစ်ခါတလေ ကိုရဲရင့်နှင့် အလုပ်အကြောင်း တစ်ခွန်းစနှစ်ခွန်းစပြောတတ်၏။ မမက တစ်ခါတရံလည်း ပျောက်သွားတတ်သည်။ သန်လျင်သို့ ရောက်နေသလား၊ ဘာများလုပ်နေသလဲကို မခန့်မှန်းတတ်ပါ။ သွင်ရိပ်မှာ မမကို နေ့တိုင်း မျှော်ရသည်။ သစ်ခွခြံသို့ပင် နေ့စဥ်မရောက်ဖြစ်တော့။ ရောက်လျှင်လည်း နေ့တစ်ဝက်ဖြင့် အိမ်ပြန်လာဖြစ်သည်။ မမမှူး၏မာမီက အခြားယောက္ခမများကဲ့သို့ မျက်လုံးဒေါက်ထောက်ကြည့်ပြီး အပြစ်လိုက်ပြောခြင်းမျိုးတော့မရှိ။ သူ့ဟာသူပင် ကြော့မော့အောင် ပြင်ဆင်၍ အပြင်ထွက်နေသည်နှင့် သွင်ရိပ်ကို ကြည့်နေရန်မအားပေ။ ကြည့်ရန် အားနေချိန်မျိုးမှာတော့ အနေအစားနည်းနည်းကြပ်သည်။ အပြစ်ဖို့မခံရအောင် အိမ်၏ဝေယာဝစ္စများ စေတနာပါပါလုပ်ပေးရင်း အရိပ်အကဲကြည့်နေရသည်။
====
ဆက်ရန်။
#ကြွေ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now