အပိုင်း( ၁၉ )

3.8K 262 5
                                    

နေ့သစ်က ရိုက်ကူးရေးအဖွဲ့သားများနှင့် စကားပြောနေသဖြင့် မှူးလှမ်းကြည့်ရင်း ကော်ဖီတစ်ခွက်ကို ဧည့်စားပွဲ၌ ချပေးလိုက်သည်။ နေ့သစ်က မှူးကို မြင်တော့ နှုတ်ဆက်ရန် အနားသို့ ရောက်လာသည်။ ရိုက်ကူးရေးပစ္စည်းများ စုံလင်လှသဖြင့် မှူး လိုက်ကြည့်နေမိသည်။
"ဘယ်တော့ စမှာလဲနေ့သစ်”
"ဆင်တင်တွေအားလုံးအဆင်သင့်ဖြစ်နေပါပြီ၊  မော်ဒယ်လ်က ခုနကမှ ရောက်လာလို့ မိတ်ကပ်ပြင်နေတာလေ၊ ခဏနေပြီးတော့မယ်ထင်တယ်''
"ရဲရင့်မန်နေဂျာနဲ့ တိုင်ပင်ပြီး နေ့သစ်အဆင်ပြေသလိုလုပ်လိုက်နော်၊ သူ့ကိုတော့ မှူးစိတ်ကူးလေးတွေ ပြောပြထားတာရှိတယ်၊ မှူးက ဒီအပိုင်းတွေ သိပ်နားမလည်လို့ အများကြီး ဝင်မပါတော့ဘူး”
"မှူးစိတ်ချပါ၊ ကိုယ်အကောင်းဆုံးလုပ်ပေးမယ်”
နေ့သစ်က ပြုံးပြုံးလေးပြောတော့ မှူး ကြော်ငြာပိုစတာအတွက် စိတ်အေးသွားရသည်။ ဒက်ဒီအိပ်ရာထဲ လဲနေတုန်း လုပ်ငန်းစုကြီး ပြိုလဲမသွားအောင် တတ်နိုင်သောဘက်မှ မှူးကူညီပေးရမည်။ ဤအရာသည် မှူးတို့မိသားစု၏စီးပွားရေးဟု မှူးသိသည်။ မှူးမကြိုးစားလျှင် မည်သူကမှ ကြိုးစားလုပ်ကြမည်မဟုတ်။
ဖုန်းမြည်လာသဖြင့် မှူး ထုတ်ကြည့်လိုက်သည်။ သူငယ်ချင်းယမင်းဖြူဖြစ်နေ၏။ အလုပ်တွင်မို့ မှူးချပစ်လိုက်သည်။ ယမင်းက ထပ်ခေါ်လာ၏။ နေ့သစ်က လှမ်းကြည့်နေသဖြင့် မှူးဖုန်းကိုင်လိုက်သည်။
"ကိစ္စရှိလို့လားယမင်း၊ မရှိရင် နောက်မှပြန်ဆက်လိုက် ငါမအားသေးဘူး”
"နေဦး၊ နင်ဖုန်းမချနဲ့နော်မှူး မချနဲ့လို့”
မှူး ဖုန်းချလိုက်မည်စိုးရိမ်ကာ ယမင်းအသံမှာ အလောတကြီးထွက်လာလေသည်။
"မနေ့ညက သွင်ရိပ် မိုးမိပြီး အခုနေမကောင်းဖြစ်နေတယ်”
ယမင်းစကားကြားပြီးချင်း မှူး ရင်ထဲ လှုပ်ခတ်သွားရသည်။ စိုးရိမ်စိတ်လေး ကြီးထွားလာ၏။
"ဟုတ်တယ်မယ်မင်းကြီးမရေ၊ အဲဒါ ကလေးကို နင်ဂရုမစိုက်လို့ဖြစ်ရတာ၊ တစ်ချိန်းလုံး ယောင်ပြီး မမမမနဲ့ ခေါ်နေတာ၊ သွင်ရိပ်ကို ပစ်မထားပါနဲ့မှူးရယ်၊ ငါတောင်းဆိုတာပါတယ်ဟာ၊ သူ့ခမျာ နင့်မျက်နှာကို အရိပ်အကဲကြည့်နေရပြီး တုန်နေအောင် ချစ်ရှာတာ၊ စိတ်ဒဏ်ရာဖြစ်သွားလိမ့်မယ်''
"နင်လိုရင်းပြောလို့မရဘူးလားမိကျောင်းမရယ်၊ သွင်ရိပ်က အခုဘယ်မှာလဲ၊ သူ့အိမ်မှာလား”
"မဟုတ်ဘူး၊ ငါ့အိမ်မှာပဲ၊ နင်မြန်မြန်လာခဲ့ဟာ”
မှူး ဖုန်းချ၍ ရွှေရောင်တုတ်ကောက် အားပြုကာ ဖုန်းကို အိတ်ထဲ ထည့်လိုက်သည်။
"မှူး ဘယ်သူဘာဖြစ်လို့လဲ”
"သွင်ရိပ်နေမကောင်းဖြစ်နေတယ်တဲ့လေ၊ အဲဒါမှူးလိုက်သွားမလို့”
"ဟုတ်လား၊ ဒီကောင်မလေး မနေ့က မိုးရေထဲထွက်ပြေးတာကိုး၊ အခုတော့ဖြစ်ပြီ''
"သွင်ရိပ်မိုးမိတာ ဘယ်လိုသိတာလဲ”
မိုးမိတယ်ဟု မှူးမပြောရဘဲ နေ့သစ်က သိနေသဖြင့် မှူး စိတ်မရှင်းစွာ မေးလိုက်သည်။ နေ့သစ်က ပျာယာခတ်သွားပြီး အူကြောင်ကြောင်မျက်နှာဟန်ပေါက်နေ၏။
“မနေ့က မိုးအရမ်းရွာတော့လေ၊ ခန့်မှန်းလိုက်တာ ဟဲ”
အစီအစဥ်မကျ၊ အဓိပ္ပါယ်မရှိဟု သိသော်လည်း ဆက်ပြောချင်စိတ်မရှိသဖြင့် မှူး လှည့်ထွက်လာခဲ့သည်။ ကိုယ်တိုင်ကားမောင်းလာ၏။ မှူး သွင်ရိပ်နှင့် မတွေ့ဖြစ်သည်မှာ ကြာပြီ။ အမြဲစိတ်ထဲရှိသော်လည်း ဒက်ဒီလေဖြတ်သွား၍ တာဝန်ယူရမည့်ကိစ္စများနေသဖြင့် သွင်ရိပ်ကို အချိန်မပေးမိပါ။ ဖုန်းလည်း ကြာကြာမပြောဖြစ်ပါ။ ညဘက်ကျလျှင် မှူးပင်ပန်းနေ၍ ဖုန်းအကြာကြီးမပြောနိုင်။ သွင်ရိပ်က မှူးကို နားလည်လိမ့်မည်ဟု မှူးထင်သည်။
ယမင်းတို့အိမ်ရောက်တော့ ယမင်းက မှူးကို ခြံဝ၌ပင် ထွက်ကြိုနေ၏။ မှူးကို ကားပေါ်မှ အတင်းဆွဲခေါ်နေ၍ လဲကျမလို ဖြစ်ရသည်။ ခြေထောက်ပိုနာလာ၍ ယိုင်သွားရ၏။
"အမြန်လာပါဟာ၊ နင့်ကလေးကလေ ဘာမှလဲ မစားဘူး၊ ဆေးလဲမသောက်ဘူး၊ ငါစိတ်ညစ်လို့သေတော့မယ်''
"ဖြည်းဖြည်းလုပ်ပါ၊ ငါထွက်မပြေးပါဘူး၊ ခြေထောက်နာတယ်ဟ၊ ကျိုးနေပါတယ်ဆိုမှ”
"ဆောရီးဟာ ငါမေ့သွားလို့ အရမ်းနာသွားလား”
မှူး တုတ်ကောက်အရင်ယူ၍ ယမင်းဖြူကို မျက်စောင်းထိုးကာ လက်ကို ဆောင့်ရုန်းလိုက်သည်။ ယမင်းက စူပုပ်ပုပ်ဖြင့် ရှေ့မှ ထွက်သွားသဖြင့် မှူး တုတ်ကောက်ထောက်ကာ နောက်မှ လိုက်သွားသည်။ ယမင်းက သူမ၏သားကြီးအခန်းကို ဖွင့်ကာ မှေးငေါ့ပြ၏။ မှူးကြည့်လိုက်တော့ သွင်ရိပ်က တစ်ယောက်အိပ်ကုတင်၌ ကွေးကွေးလေး အိပ်နေသည်။
“သွင်ရိပ်ကို ဖိုးသားအခန်းမှာ ပေးအိပ်ထားတာလား၊ ဖိုးသားကရော”
“သားကြီးက ကျောင်းသွားတယ်၊ မနေ့ညက ငါကိစ္စရှိလို့ သွင်ရိပ်တို့အိမ်ဘက်ရောက်သွားတယ်လေ၊ တစ်ယောက်တည်း အိမ်မှာ အဖျားတက်နေတယ်၊ ငါလဲ ဆေးခန်းဝင်ပြပေးပြီး ငါ့အိမ်ခေါ်လာလိုက်တာ''
မှူး အခန်းထဲ ဝင်၍ ကုတင်ပေါ် အသာဝင်ထိုင်ကာ သွင်ရိပ်နဖူးကို အသာထိကြည့်တော့ အပူငွေ့မှာ လက်ကို လာရိုက်ခတ်သည်။
“ဘာလို့ တစ်ယောက်ထဲဖြစ်နေရတာလဲ၊ ဒေါ်မြင့်မာချိုက သွင်ရိပ်ကို ဂရုမစိုက်ဘူးလား”
"ငါနင့်ကိုပြောပြဖူးတယ်လေ၊ သွင်ရိပ်က အမေချစ်တာမခံရပါဘူးလို့၊ အရင်ကဆို သူ့အမေက ခါးခါးသီးသီးပဲ၊ အခုတောင် သွင်ရိပ်က လုပ်တတ်ကိုင်တတ်နဲ့ ဝင်ငွေရှိလာပြီး အိမ်ကို ထောက်ပံ့ အကြွေးကူဆပ်ပေးလို့ သမီးဖြစ်သွားတာ၊ သူ့အိမ်မှာ လာနေဖို့ ပြန်ခေါ်တာ၊ အဲဒါကလဲ ပေးနိုင်ကမ်းနိုင်လာလို့ အပေါ်ယံကောင်းပြတာမျိုးပေါ့ဟယ်၊ သွင်ရိပ်ကလဲ တုံးအရှာတာပြောမနေနဲ့၊ ရသမျှ သူ့အမေကိုပဲ ပေးတာအပ်တာ၊ သူကိုယ်တိုင်ကျ စျေးပေါအင်္ကျီရွေးဝယ်ဝတ် ဖြစ်သလိုစားနဲ့ သွင်ရိပ်ကောင်းကောင်းဝတ်ထားရင် အဲဒါငါအမြင်မတော်လို့ ဝယ်ပေးထားတာတွေ၊ နင့်ကလေးကလေ တော်တော်အနစ်နာခံပြီး တုံးအလွန်းတယ်၊ နင် ကယ်မှဖြစ်တော့မှာမှူးရဲ့၊ ဒီအတိုင်းသာဆို သွင်ရိပ်ရှာသမျှ ဟိုသားမိနှစ်ယောက်က သုံးဖြုန်းပြီး သွင်ရိပ်ကတော့ လူမွှေးလူယောင်ပြောင်မှာမဟုတ်ဘူး''
“သွင်ရိပ်က ဒီလောက်ထိတောင် အနိုင်ကျင့်ခံနေရတာလားယမင်းရယ်”
‘’အဲထက်တောင် ဆိုးသေးတယ်၊ သွင်ရိပ်အရစ်ကျနဲ့ဝယ်ထားတဲ့ကားကို ရတီချိုက တောင်းတော့ ပေးလိုက်တယ်လေ၊ သူကိုယ်တိုင်ကျ ကြုံရာဖယ်ရီ တက္ကစီနဲ့ သွားနေတာပဲကြည့် ကားပျက်ရင်တော့ သွင်ရိပ်က ပြင်ရတာ၊ သွင်ရိပ်က အဲဒီကားကို စီးချင်ရင်တော့  သူဝယ်ထားတဲ့ကားကိုတောင် မျက်နှာငယ်လေးနဲ့ အောက်ကျနောက်ကျပြန်တောင်းစီးရတာ၊ နင် အဲဒီအိမ်မှာ တစ်ရက်လောက်သွားနေလိုက်ရင် ဘယ်သူက ဘာဆိုတာ သိသွားလိမ့်မယ်၊ ငါ သွင်ရိပ်ကို သိပ်သနားတာပဲ၊ သူ့ခမျာ မိခင်မေတ္တာငတ်လွန်းလို့ ငွေနဲ့ပေးဝယ်နေရသလိုပဲ၊ နင်ကပါ သွင်ရိပ်ကို ဥပေက္ခာမပြုထားပါနဲ့မှူးရယ်၊ သွင်ရိပ်ကလေ နင့်ကို တော်တော်အားကိုးပြီး ချစ်ရှာတာ၊ ငါ သွင်ရိပ်နဲ့ တစ်အိမ်ထဲအတူနေဖူးတော့ သိတယ်ဟာ၊ နင် စင်္ကာပူရောက်နေတုန်းကဆိုရင်လေ သူအခက်အခဲကြုံရတိုင်း နင့်နာမည်တပြီး ငိုသလို သူပျော်စရာကြုံရတိုင်းလည်း နင့်နာမည်တပြီး ပြုံးနေတာ၊ ရိုးသားလွန်းတဲ့ကောင်မလေးပါ”
မှူး သွင်ရိပ်ကို ဂရုဏာသက်စွာ ငုံ့ကြည့်နေမိသည်။ ဘာမှမပြောတော့ဘဲ ယမင်းပြင်ထားသည့် ရေဇလုံထဲမှ ပဝါဖြူကို ရေညစ်ကာ သွင်ရိပ်နဖူးပေါ် တင်ပေးလိုက်သည်။
"ငါ ကြက်သားဆန်ပြုတ်သွားနွေးပြီး ယူလာခဲ့မယ်၊ နင်ဝင်အောင်တိုက်နော်၊ ငါတိုက်တာတော့မရဘူး''
ယမင်းဖြူထွက်သွားတော့ မှူး သွင်ရိပ်လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ လက်ဖျားလေးများ အေးနေသဖြင့် နွေးအောင် လက်ဖဝါးချင်းထိထားလိုက်သည်။
"အဟင်း...ဟင်း...မမ''
သွင်ရိပ် နှုတ်ဖျားမှ ကယောင်ကတမ်း တမ်းတမ်းတတညည်းလာသည်မှာ မမဖြစ်နေ၏။ ဤကလေးလိုအပ်နေသူမှာ မှူးဖြစ်နေသတဲ့။ မှူးက ဤကလေးကို ဘာများလုပ်ပေးနိုင်မလဲ။ မှူးသက်ပြင်းရှိုက်လိုက်သည်။ သွင်ရိပ် နဖူး၌ ရေစိုဝတ် သုံးလေးကြိမ်ကပ်ပေးပြီးသော်လည်း ကိုယ်အပူမှာ ကျမလာတော့ မှူးစိတ်ပူလာသည်။
"မှူးရေ ဆန်ပြုတ်ရပြီ၊ သွင်ရိပ်ကို နိုးပြီး တိုက်မှဖြစ်မယ်၊ အစာဝင်မှ ဆေးသောက်လို့ရမှာ ဒါမှကိုယ်အပူကျမှာ''
ယမင်းက ဆန်ပြုတ်ပန်းကန်ယူလာပေးသဖြင့် မှူး သွင်ရိပ်ပါးကို အသာပုတ်ကာ နိုးလိုက်သည်။ သွင်ရိပ်ပါးနှစ်ဖက်မှာ အဖျားရှိန်ကြောင့် ခပ်ရဲရဲဖြစ်နေ၏။
"သွင်ရိပ် ထတော့ ဆန်ပြုတ်သောက်ရအောင်နော်၊ မမခေါ်နေတယ်လေ”
“သြော် မိမှူး  ကြမ်းတမ်းလာရင်လဲ ဘီလူးမရှုံးရတယ်၊ သူ့ကလေးကို နိုးတော့ ဣန္ဒြေရနေလိုက်တာ ခရုကျနေတာပဲ မထိတထိနဲ့ဟယ် ငါပဲ နိုးပါတော့မယ်”
ယမင်းက သွင်ရိပ်ပခုံးကို မညှာမတာဆွဲလှုပ်နိုးနေတော့ မှူး မျက်စောင်းဖြင့် ကြည့်လိုက်သည်။ သွင်ရိပ်က မအူမလည်လေး နိုးလာ၏။ မှူးကို မြင်တော့  မမဟုခေါ်ကာ ထထိုင်၍ ဆွဲဖက်ကာ ငိုတော့သည်။ မှူး သွင်ရိပ်ကျောကို အသာပုတ်ပေးရင်း ပြန်လည်ထွေးဖက်ပေးထားမိသည်။
"အဟမ်းအဟမ်း အခန်းထဲမှာ ငါလဲ ရှိပါသေးတယ်၊ မေ့မထားကြပါနဲ့’’
“နင်ရှိတော့ ဘာလုပ်ရမှာလဲ၊ ငါတို့နှစ်ယောက်ဖက်တာက အမြင်မတော်စရာဖြစ်နေလို့လား၊ မကြည့်နိုင်ရင်လဲ အခန်းပြင်လစ်တော့”
“ဟယ်…မိမှူး နင်”
ယမင်းက ခုံဆွဲထိုင်ရန် ပြင်နေစဥ် မှူး၏စကားကြောင့် ထိုင်ရမလိုထရမလို တအံ့တဩဖြစ်နေသည်။ သွင်ရိပ်က မျက်ရည်လေးစိုကာ အားနာနေ၏။ မှူးက မျက်နှာတင်းတင်းဖြင့် ကြည့်လိုက်တော့ ယမင်းက တိုးတိုးလေးဆဲဆိုကာ အခန်းပြင်သို့ ခြေဆောင့်ထွက်သွားသည်။ ထိုအခါမှ မှူး ရင်ခွင်ထဲမှ သွင်ရိပ်ကို ငုံ့ကြည့်လိုက်သည်။ သွင်ရိပ်၏ နှာသီးထိပ်ဖျား၊ နားရွက်ထိပ်ဖျား၊ ပါးနှစ်ဖက်မှာ နီနေ၏။
“ကြွက်ဖြူလေး”
“ကြွက်ဖြူလေးမဟုတ်ပါဘူးမမ၊ သွင်ရိပ်ပါ”
မှူး ပြုံးကာ သွင်ရိပ်ပါးပြင်တွင် စိုနေသောမျက်ရည်များကို သုတ်ပေးလိုက်သည်။
"မျက်ရည်က လွယ်လိုက်တာနော်၊ အမြဲငိုနေတော့တာပဲ၊ ရုပ်ရှင်မင်းသမီးလုပ်မလား”
သွင်ရိပ်က နှုတ်ခမ်းစူကာ ခေါင်းငုံ့သွားလေသည်။
"ဘာမှတောင် မဆူရသေးဘူး၊ ရုပ်က လုပ်ပြနေတာ၊ ဘာလို့ ကျန်းမာရေးဂရုမစိုက်ရတာလဲ၊ ကြည့်ဦး
ကိုယ့်ကိုယ်ကိုယ် ကလေးလို့ ထင်နေသေးတာလား”
"မထင်ပါဘူး၊ သွင်ရိပ်က လူကြီးဖြစ်တာကြာလှပြီ''
သွင်ရိပ်က သနားကမားရုပ်ဖြင့် ပြန်ကြည့်ကာ ပြောနေ၏။ မှူး ဆန်ပြုတ်ပန်းကန်ယူ၍ တဇွန်းခပ်လိုက်သည်။ ပူနေသဖြင့် လေမှုတ်ပြီး သွင်ရိပ်နှုတ်ခမ်းနားတေ့ပေးတော့ ပါးစပ်အတင်းစေ့ကာ ခေါင်းနောက်ဆုတ်သွား၏။ ဆန်ပြုတ်ကို သရဲလို ကြောက်ကာ ဝေးဝေးရှောင်နေ၍ အံ့ဩရ၏။
"ဟင့်အင်း၊ မသောက်ချင်ဘူးမမ၊ သွင်ရိပ် ဆန်ပြုတ်မကြိုက်ဘူး”
"ပြောတော့ လူကြီးဖြစ်နေပြီဆို၊ ဒါဂျီတိုက်နေရမဲ့အရွယ်လား၊ မမကို စိတ်ညစ်အောင် မလုပ်နဲ့နော်''
သွင်ရိပ်က မျက်နှာရှုံ့မဲ့ကာ ငိုချမည့်အတိုင်းမို့ မှူးမှာ အလွန်အံ့ဩရသည်။
"သွင်ရိပ်မသောက်ချင်ဘူးမမ၊ အခြားဟာ ကျွေးပါလားဟင်၊ သွင်ရိပ်တကယ်မကြိုက်လို့ပါ”
မှူး သက်ပြင်းချကာ ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ် ပြန်ချ၍ ထရပ်တော့ သွင်ရိပ်က အတင်းပြန်ဆွဲလေသည်။ သွင်ရိပ်မျက်နှာ၌ မှူးပျောက်သွားမှာ စိုးရိမ်ထိတ်လန့်နေကြောင်း ပေါ်နေ၏။
"မမဘယ်သွားဖို့လဲဟင်''
"ပြန်တော့မလို့လေ၊ မင်းမှ မမစကားနားမထောင်တာ၊ ဒီမှာနေလို့လဲ ဘာမှထူးလာမှာမဟုတ်ဘူး”
"မသွားပါနဲ့နော်၊ သွင်ရိပ်သောက်ပါ့မယ်၊ မမစိတ်မဆိုးလိုက်ပါနဲ့”
သွင်ရိပ်က မှူးကို အသနားခံပြောလာ၏။ မျက်နှာငယ်လေးဖြင့် ချစ်စရာလည်း ကောင်းလှသည်။ မှူးပြုံး၍ သွင်ရိပ်ကို ဆန်ပြုတ်ပြန်တိုက်သည်။ သွင်ရိပ်က ဆန်ပြုတ်ကို သည်းခံသောက်ရင်း ပြန်အန်ထွက်တော့မလိုဖြစ်နေ၍ မှူး သွင်ရိပ်ပါးစပ်ကို လှမ်းပိတ်ပေးထားရသည်။ မျက်နှာလေး ရှုံ့မဲ့နေသဖြင့် မှူးလည်း ရင်ထဲမကောင်းလှ။ မှူးသာဆိုလျှင် မစားချင်ပါက လှည့်ပင် ကြည့်မည်မဟုတ်။ အတင်းကျွေးလျှင် မှူးစိတ်ဆိုးမည်။ သွင်ရိပ်ကတော့ မှူးစိတ်ဆိုးမည်စိုး၍ အောင့်ကာ စားရှာသည်။

"ရပြီ၊ ဆေးသောက်ရအောင်''
မှူး အသင့်ပြင်ထားသော ဆေးနှင့်ရေယူ၍ သွင်ရိပ်ကို တိုက်သည်။ သွင်ရိပ်က ဆေးကြောက်တော့ အလွန်ခက်ခက်ခဲခဲဖြင့် တစ်လုံးချင်းဝင်အောင် မနည်းတိုက်ရ၏။ မှူးမှာ ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် စိတ်အတော်ရှည်ထားရသည်။ သွင်ရိပ်က အထွန့်မတက်ဘဲ ကြိုးစားသောက်သော်လည်း ခန္ဓာကိုယ်တုံ့ပြန်ပုံမှာ ဆိုးဝါးလှသည်။ သွင်ရိပ်ကို အပြစ်တင်မရပါ။
"ဒီလောက်တောင် ဆေးကြောက်လား၊ မမလို နေ့တိုင်းသောက်ရရင် ကလေးတော့ ဒုက္ခပဲ”
"အရမ်းခါးတာကိုးလို့''
"ဆေးဆိုမှတော့ ခါးမှာပေါ့၊ မသောက်ချင်ရင် မြန်မြန်နေကောင်းအောင်လုပ်''
မှူး သွင်ရိပ်ကို ကုတင်ပေါ် ပြန်လဲအိပ်စေပြီး စောင်သေချာခြုံပေးလိုက်သည်။ သွင်ရိပ်က မှူးလက်ကို မလွတ်တမ်းဆုပ်ကိုင်ထား၏။
“မမ သွင်ရိပ်နဲ့အတူတူအိပ်ပေးလို့မရဘူးလားဟင်”
"အဖျားကူးသွားရင် တာဝန်ယူမှာလား’’
"ဟုတ်သားပဲ၊ မမ အဖျားကူးသွားလို့မဖြစ်ဘူး၊ သွင်ရိပ်တစ်ယောက်ထဲပဲ အိပ်တော့မယ်၊ မမ,မပြန်သေးဘူးမဟုတ်လားဟင်''
"မပြန်ပါဘူး၊ တစ်နေကုန် အတူနေပေးမှာလေ၊ သဘောကျတယ်မဟုတ်လား၊ သွင်ရိပ်ဖျားနေတော့ မမဂရုစိုက်ပေးရမှာပေါ့၊ မမကလေးလေးကို အထိအခိုက်မခံနိုင်ပါဘူးကွယ်”
မှူး သွင်ရိပ်ဆံပင်လေးကို အသာသပ်တင်ပေးရင်း ငုံ့မိုးကြည့်ကာ ပြောနေမိသည်။ သွင်ရိပ်က မှူးကို မျက်လုံးဝိုင်းတို့ဖြင့် မလွဲတမ်း ကြည့်နေ၏။ မှူးပြုံး၍ ကိုယ်ကို ငုံ့ချကာ သွင်ရိပ်နှုတ်ခမ်းနီနီလေးကို ခဏတာ ဖိကပ်နမ်းလိုက်သည်။ သွင်ရိပ်က မှူးကို ပြန်နမ်းရန် ခေါင်းကြွလာသဖြင့် မှူး ခေါင်းနောက်ဆုတ်ကာ သွင်ရိပ်နှုတ်ခမ်းကို လက်ညိုးဖြင့် ပိတ်ထားလိုက်သည်။
"တော်ပြီလေ၊ နေကောင်းတာလဲ မဟုတ်ဘဲနဲ့”
သွင်ရိပ်က ရှက်ကာ မှူးရင်ခွင်ထဲကို အတင်းတိုးဝင်နေသဖြင့် မှူး သူမကို အသာထွေးဖက်ရင်း အိပ်ပျော်ရန် ချော့သိပ်ပေးနေမိသည်။
~
မှူး mini mart၌ ကိတ်မုန့်ဝင်ဝယ်၍ ယမင်းတို့အိမ်သို့ မနက်ရှစ်နာရီတွင် ထွက်လာခဲ့သည်။ ကျောင်းသွားချိန်၊ ရုံးသွားချိန်မို့ ကားလမ်းပိတ်သဖြင့် ယမင်းအိမ်ရောက်ချိန် ရှစ်နာရီခွဲသွား၏။ ယမင်းက အိမ်တွင် ရေနွေးအိုးတည်ထားပြီး စျေးသွားရန် ရေချိုးနေသည်။ မှူး ဖိုးသားအခန်းတံခါးဖွင့်လိုက်တော့ သွင်ရိပ်က ဘွားခနဲ ပေါ်လာသဖြင့် အနည်းငယ်လန့်သွားရသည်။
“ခစ်ခစ်၊ မမလန့်သွားလား၊ သွင်ရိပ်က မမကားသံကြားတည်းက လန့်အောင် စဖို့ စောင့်နေတာ ဟီး”
“ဖြစ်ရမယ်၊ ကလေးကလားနဲ့”
သွင်ရိပ်က တီရှပ်အနက်လေးနှင့် ပေါင်တိုဘောင်းဘီအဖြူလေးကို ဝတ်ထားသည်။ မျက်နှာ၌ မိတ်ကပ်ပါးပါးလိမ်းထား၏။ မျက်နှာလေးမှာ မနက်ခင်းပန်းကလေးသဖွယ် လန်းဆန်းနေသည်။ မှူး သွင်ရိပ်နဖူးကို လက်လှမ်းကာ စမ်းကြည့်လိုက်သည်။ ကိုယ်အပူရှိန်မရှိတော့။
“သွင်ရိပ်နေကောင်းသွားပါပြီမမရဲ့၊ ဒီနေ့တောင် သစ်ခွခြံသွားမလို့လေ”
မှူး ပြုံး၍ သွင်ရိပ်လက်ထဲသို့ ကိတ်မုန့်ထုပ်အိတ်ထည့်ပေးလိုက်သည်။
“သွင်ရိပ်က မနက်စာစားပြီးပြီမမရဲ့''
“ခြံထဲ ယူသွားလိုက်လေ၊ မမက သွင်ရိပ်အတွက် ဝယ်လာတာကို”
“အမလေး မိမှူး ငါတို့သားအမိလဲ စားတတ်တယ်နော်၊ သွင်ရိပ်ကိုပဲ အကုန်ကျွေးနေ”
ယမင်းက ပူတူလေးကို လက်ဆွဲလျက် မကျေမချမ်းပြောလာ၏။ သားအမိနှစ်ဦးမှာ သနပ်ခါးများ ဖွေးအောင် လိမ်းထားပြီး လှလှလေးဝတ်ထားကြသည်။ မှူး ပူတူလေးကို မြင်တော့ ပြုံးလိုက်သည်။
“ပူတူးလေးက ခန့်ချောကြီးပဲ၊ အန်တီမှူးဆီ လာပါဦး၊ လူပျိုကြီးဖြစ်နေပြီ”
ပူတူးလေး ရှက်သလို မျက်နှာထားဖြင့် မှူးဆီသို့ လာသဖြင့် မှူးထိုင်ချလိုက်သည်။ ပူတူလေးပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ မှူးကို မျက်လုံးပြူးလေးများဖြင့် ပြန်ကြည့်ရှာသည်။
“သားသား ဘယ်နှစ်တန်းရောက်ပြီလဲ၊ အန်တီ့ကို ပြောပြပါဦး”
“သူငယ်တန်းပါဗျ”
“အို! လိမ္မာလိုက်တာ၊ အန်တီမှူးကို သိလား၊ သားငယ်ငယ်က အန်တီပဲ ထိန်းခဲ့ရတာမှတ်မိလား”
“ဟုတ်ကဲ့၊ သားသားမှတ်မိပါတယ်”
မှူး ရယ်မိသွားသည်။ မှူး ပူတူးလေးကို ထိန်းခဲ့သောအချိန်သည် လသားအရွယ်လေးမို့ မည်သို့မှတ်မိနိုင်မလဲ။ မှူး စင်္ကာပူ၌ နေသည်မှာ ငါးနှစ်ကြာတော့ ပူတူးလေးက ကျောင်းတက်သည့် သူငယ်တန်းအရွယ်ပင် ရောက်နေပြီ။ မှူးကို သိတယ်ဆိုတော့ ယမင်းက မှူးအကြောင်းများ ပူတူလေးကို ပြောပြထား၍သာဖြစ်မည်။ မှူး သွင်ရိပ်အိတ်ထဲမှ ကိတ်မုန့်တစ်ကြုတ်ယူ၍ ပူတူးလေးကို ပေးလိုက်သည်။ ပူတူးလေးက ယူ၍ ယမင်းဆီ ပြေးသွားသဖြင့် မှူးထရပ်လိုက်သည်။
“ယမင်း ငါ သွင်ရိပ်ကို ခေါ်သွားလိုက်မယ်’’
“အေးအေး၊ ငါလဲ သားကို ကျောင်းသွားပို့မလို့ဟာ သွင်ရိပ်နဲ့ တစ်လမ်းစီဖြစ်နေတယ်”
“မမက သွင်ရိပ်ကို သစ်ခွခြံလိုက်ပို့ပေးမှာလားဟင်”
“အင်းပေါ့၊ မမရှိနေတာကို သွင်ရိပ်က တက္ကစီစီးစရာလား၊ အခုပဲ သွားကြမယ်”
မှူး ရှေ့မှ ထွက်လာတော့ သွင်ရိပ်က ယမင်းကို နှုတ်ဆက်၍ ပြေးလိုက်လာလေသည်။ ပြီးတော့ မှူးလက်ကို တက်ကြွစွာ လာဆွဲချိတ်၍ ကားတံခါးလာဖွင့်ပေးသည်။ မှူးပြုံး၍ ကားပေါ်တက်တော့ သွင်ရိပ်က ကားခေါင်းကို လှည့်ပတ်ကာ ဘေးတွင် လာထိုင်ရင်း အလွန်ပျော်နေပြီး မျက်နှာပြုံးဖြီးနေတော့၏။ ပိတ်ရက်ကျလျှင် ကမ်းခြေဘက်သို့ ခရီးသွားမည်ဟု မှူးရည်ရွယ်ထားလိုက်သည်။ သွင်ရိပ်က မည်မျှပျော်နေလိုက်မလဲဟု မှူးတွေးကြည့်ရုံဖြင့် ကြည်နူးမိသည်။
~
L
ကားပြတင်းမှန်မှတစ်ဆင့် တဖြူးဖြူးဝင်လာသော လေနွေးနွေးသည် သွင်ရိပ်မျက်နှာသို့ ထိကာ ကလူကျီစယ်နေ၏။ ကားအတွင်း၌ မမမှူး၏ကိုယ်သင်းရနံ့နှင့်နွေငွေ့ရနံ့လေးများ ကြီးစိုးနေပြီး စိတ်တို့ ကြည်လင်လာစေသည်။ ပင်လယ်အနံ့ကိုပင် မရှူရသေးဘဲ ရင်ခုန်သံဆူညံနေတော့သည်။ သွင်ရိပ် မျက်လုံးကို လက်ဖြင့် အသာပွတ်၍ မမပခုံးတွင် ခေါင်းမှီထားရာမှ မတ်မတ်ထိုင်လိုက်သည်။
“နိုးပြီပေါ့၊ ရေသောက်လိုက်ပါဦး”
မမမှူးက ရေဘူးကမ်းပေးလာသဖြင့် သွင်ရိပ်ယူ၍ မမပါးကို ဖျတ်ခနဲ လှမ်းနမ်းလိုက်သည်။ ပြီးတော့ ဟီးခနဲ ရယ်၍ ရေဘူးဖွင့်သောက်လိုက်တော့ မမက ကားမောင်းရင်း လှည့်ကြည့်လာ၏။
“ဗိုက်ဆာနေပြီလား၊ မုန့်ခြောက်ထုပ်တွေ အနောက်မှာ ပါတယ်၊ ဖွင့်စား”
“မဆာသေးပါဘူးမမရဲ့၊ မမညောင်းရင် သွင်ရိပ်တစ်လှည့်မောင်းပေးမယ်လေ”
“လမ်းသိလို့လား၊ ပြီးတော့ သွင်ရိပ်မောင်းတာ မမထိုင်မစီးရဲပါဘူး”
သွင်ရိပ် နှုတ်ခမ်းစူလိုက်တော့ မမက သွင်ရိပ်ခေါင်းကို လှမ်းပုတ်ကာ ပြုံးနေသည်။
“ရောက်တော့မှာကြွက်ဖြူလေးရဲ့၊ မမ,မညောင်းပါဘူး၊ ဟိုင်းဝေးလမ်းတွေ အများကြီးမောင်းဖူးတယ်”
"မမကလဲ သွင်ရိပ်ကို ကြွက်ဖြူလေးနဲ့ အမြဲမှားနေတာပဲ၊ ကြွက်ဖြူလေးမဟုတ်ပါဘူးဆို”
မမက သဘောကျသွားကာ အားရပါးရရယ်လေတော့သည်။ မမ ဤမျှထိ အားပါးတရရယ်မောတာ ပထမဦးဆုံးမြင်တွေ့ဖူးခြင်းမို့ သွင်ရိပ် ဖုန်းဖြင့် ဓာတ်ပုံအမိဖမ်းရိုက်ကာ ပုံကို အကျယ်ချဲ့ကြည့်၏။
“လှလိုက်တာ၊ ဒီလိုခဏခဏရယ်ပါလားမမရဲ့၊ တအားကြီးချစ်ဖို့ကောင်းတယ်”
“တော်ပါ၊ လူကြီးကို အပိုတွေ လျှောက်ပြောနေ သွင်ရိပ်က ကြွက်ကလေးလို အကောင်သေးပြီး ဖြူဥနေလို့ မမက ကြွက်ဖြူလေးလို့ ခေါ်ရတာ၊ သွင်ရိပ် ကိုယ့်ဘာသာမှန်ထဲကြည့်ပါလား ကြွက်နဲ့ မတူဘူးလားလို့”
‘’ဟာ မမကလဲ တူလဲပဲ မခေါ်နဲ့လို့”
သွင်ရိပ် နှုတ်ခမ်းစူလေ မမက ရယ်လေမို့ သွင်ရိပ်အတူလိုက်ပြုံးမိသွားသည်။ မမနှင့်အတူ ခရီးထွက်ချင်ခဲ့သော်လည်း မမက အလုပ်များသဖြင့် စိတ်မရှုပ်စေချင်၍ မပြောခဲ့ပေ။ မနေ့ညတုန်းက မမ ရုတ်တရက် ဖုန်းဆက်လာ၏။ မနက်ဖြန် သွင်ရိပ်အားရင် ချောင်းသာသွားကြမယ်ဟု ပြောလာသဖြင့် ရင်ခုန်ကာ ပျော်မိသည်။ မမနှင့်အတူ ခရီးထွက်ရမည်ဟုတွေးကာ အဝတ်များ ခရီးဆောင်အိတ်ထဲထည့်၊ လိုအပ်သည်များ စဥ်းစားရသမျှ လမ်းထိပ်စတိုးဆိုင်တွင် ခေါက်တုံ့ခေါက်ပြန်ပြေးဝယ်ဖြင့် ရင်ခုန်ခဲ့ရသည်။ မေမေ့ကိုလည်း မျက်နှာငယ်ဖြင့် ခွင့်တောင်းရသေး၏။ မေမေက သိပ်မလွတ်ချင်ပေမဲ့ အတင်းတော့ မတားပေ။ သွင်ရိပ်တွင် စုထားသည့်ပိုက်ဆံ ငါးသိန်းလောက်သာရှိပြီး ဟိုဝယ်ဒီဝယ်ဖြင့် သိပ်မကျန်တော့။ ဟိုတယ်အခန်းခမျှ မလောက်တော့၍ စိတ်ပူလာသဖြင့် ညတွင်းချင်း မယမင်းဆီသွား၍ ပိုက်ဆံသုံးသိန်းသွားချေးရသည်။ မယမင်းက သွင်ရိပ်ကို ချေးပေးလိုက်ပါသည်။ မမမှူးက ဘောစိမို့ သွင်ရိပ်ပိုက်ဆံထုတ်စရာလိုမှာမဟုတ်ဘူးဟု မယမင်းက ပြောလိုက်ပါသေးသည်။မမမှူး၌ ပိုက်ဆံရှိမှန်းသိသော်လည်း သွင်ရိပ်လည်း လိုလိုမယ်မယ် ပိုက်ဆံယူသွားသင့်သည်မဟုတ်လား။ အစစအရာရာ မမကိုပဲ အကုန်ခံခိုင်းလို့ ဘယ်ဖြစ်မလဲ။ သွင်ရိပ်လည်း မမအထင်ကြီးတာ ခံချင်သည်။
အတူခရီးထွက်ရမည်ကို စိတ်ကူးယဥ်ရင်ခုန်ရင်း အိပ်မပျော်ဖြစ်ကာ မိုးလင်းသွားခဲ့ရသည်။ ထိုကြောင့် ကားပေါ်၌ မမဘေးတွင် သွင်ရိပ်အိပ်ပျော်ခဲ့ခြင်းဖြစ်၏။ မမ အခုတလော သွင်ရိပ်ကို အရင်ထက် ပိုဂရုစိုက်သဖြင့် စိတ်ထဲအရမ်းကြည်နူးမိသည်။ သွင်ရိပ် မမဘက်လှည့်ကာ မလွဲတမ်း ပြုံးကြည့်မိသည်။
~
အဆုံးမရှိအောင် လှပကျယ်ဝန်းသော ပင်လယ်ပြာပြာသည် မှူး၏မြင်ကွင်းရှေ့ ခန့်ညားနေသည်။ ကမ်းစပ်မှ လေညှင်းသည် ပင်လယ်အနံ့ကို မှူးဆီသို့ သယ်ဆောင်လာ၏။ ကောင်းကင်ပြာပြာ၌ ဗျိုင်းဌက်တို့မှာ မဖိုဝဲကာ ဖြတ်သန်းသွားကြသည်။ သောင်ပြင်၌မူ ငါးကင်များ၊ ပုစွန်ကင်များ လှည့်လည်ရောင်းနေသော ဒေသခံများ၊ လမ်းလျှောက်နေကြသည့် မိသားစုများ၊ စက်ဘီးစီးနေကြသော ချစ်သူစုံတွဲများရှိနေကြပြီး ကမ်းစပ်၌မူ အချို့များ ပျော်ပျော်ပါးပါး ရေဆော့နေကြသည်။
ပင်လယ်လေမှာ မှူးမျက်နှာကို အငမ်းမရနမ်းရှိုက်နေသဖြင့် မှူး ကြည်ဖြူစွာ ခံယူရင်း ခပ်လှမ်းလှမ်းမှ အနီရောင်စွန်ဌက်လေးကို ပြုံးကြည့်မိသည်။ အနီရောင်စွန်ဌက်ကို ဆွဲထားသော ချည်အဆုံးကို သွင်ရိပ်က ဆုပ်ကိုင်ထားသည်။ သွင်ရိပ်မှာ ကျောက်ဆောင်ပေါ် ရပ်လျက် စွန်နီလေးကို ကြိုးစားပမ်းစား လွတ်ရင်း ခုန်ဆွခုန်ဆွ ဆော့နေ၏။
"မမ ဟိုမှာ အစိမ်းရောင်စွန်ဌက်လေး သွင်ရိပ်စွန်နီနားကပ်လာပြီ၊ ဘယ်လိုလုပ်ရမလဲ”
မှူး လှမ်းကြည့်လိုက်တော့ စွန်စိမ်းတစ်ကောင်သည် သွင်ရိပ်၏စွန်နီအနားသို့ တိုးလာကာ ကြိုးစဖြတ်ရန် ကြိုးစားနေသည်။ မှူး ကျောက်ဆောင်ပေါ် ငုတ်တုတ်ထိုင်နေရာမှ လှည့်ကြည့်လိုက်တော့ ၎င်းစွန်စိမ်းကို ဆယ်နှစ်အရွယ်ကောင်လေးတစ်ဦးက လွတ်နေ၏။ ထိုကောင်လေးက မှူးတို့ဘက်သို့ ကြည့်ကာ မျက်နှာပြောင်ပြနေသဖြင့် မှူးမျက်မှောင်ကြုတ်ပစ်လိုက်သည်။ ဘေးတွင် ချထားသော ရွှေရောင်တုတ်ကောက်လေးကို ကောက်ယူ၍ မသိမသာရွယ်ပြလိုက်တော့ ကောင်လေးက လျှာထုတ်ပြောင်ပြရင်း သည်းကြီးမည်းကြီး စွန်ဖြတ်ရန် ကြိုးပမ်းနေ၏။
“ဟင့်...သွားပြီမမ၊ သွင်ရိပ်စွန်လေးကြိုးပြတ်သွားပြီ”
သွင်ရိပ်၏စွန်နီမှာ အဖြတ်ခံလိုက်ရပြီး ဟိုးအဝေးမှ ကျောက်ဆောင်များဘက်သို့ လွင့်သွားသည်။ သွင်ရိပ်က ချည်ဘီးလေးကို ကိုင်ရင်း ယူကျုံးမရစွာ ငိုမဲ့မဲ့လေး ဖြစ်နေသည်။ စွန်စိမ်းလေးသည် အခြားစွန်များကို ထပ်ဖြတ်ရန် လိုက်ချည်းကပ်နေ၏။ သွင်ရိပ်က စွန်စိမ်းပိုင်ရှင်ကောင်လေးကို မတွေ့လိုက်သဖြင့် မှူးလည်း အထွေအထူးမပြောမိတော့။ သိလျှင် မကျေမနပ် ရန်တွေ့နေဦးမည်။
“မမ သွင်ရိပ်စွန်လေး ဟိုးအဝေးရောက်သွားပြီ၊ ဘယ်သူဖြတ်တာလဲ မသိဘူး၊ စိတ်တိုလိုက်တာ”
သွင်ရိပ်က မှူးဘေး လာထိုင်၍ ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ ကြွက်ပေါက်လေးလို ချွဲနေ၏။
“သွင်ရိပ်ကလဲ ကလေးလိုပဲကွယ်၊ စွန်ကြိုးဖြတ်ခံရတာ ငိုတော့မဲ့ရုပ်မျိုးနဲ့ မမပြန်ဝယ်ပေးမယ်ဟုတ်ပြီလား၊ အခုတော့ မမ အုန်းသီးနုရည်သောက်ချင်တယ်၊ ဝယ်ပေးဦး”
သွင်ရိပ်က အုန်းလက်နှင့်လုပ်ထားသည့် ဦးထုပ်အကားလေးဆောင်း၍ မှူးပါးကို ဖက်နမ်းကာ သဲသောင်ပြင်သို့ ဆင်းပြေးသွားသဖြင့် မှူးလန့်သွားရသည်။ သွင်ရိပ်က ခပ်လှမ်းလှမ်းရောက်မှ မှူးကို ပြန်လှည့်ကြည့်လာ၏။ နို့စိမ်းရောင် လက်တစ်လုံးကြိုးဂါဝန်တိုလေးဝတ်ထားပြီး ဖြူနုနုလေးနှင့် သောင်ပြင်ပေါ် ပြေးလွှားနေသဖြင့် ကလေးလေးလို ချစ်စရာကောင်းနေ၏။
“မမ''
“ဟင်”
“သွင်ရိပ်က အုန်းသီးနုဖိုးယူတာနော်၊ မမ အဖိုးအခတော့ ပေးရမှာပေါ့’’
“လူတွေ ရှိနေတာကို မင်းကတော့”
သွင်ရိပ်က အုန်းသီးနုဆိုင်ဘက်သို့ လစ်ခနဲ ပြေးထွက်သွားတော့ မှူးဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်။ မည်သူမှသတိမထားမိဟု သတ်မှတ်ရင်း ပင်လယ်ဘက်သို့ စိတ်လိုလက်ရ မျက်နှာမူ၍ ပင်လယ်လေကို အပြည့်အဝ ရှူရှိုက်ပစ်လိုက်သည်။ ဆံပင်ရှည်တို့မှာ လေအဝေ့၌ လွင့်နေသဖြင့် မှူးသိမ်းယူ၍ ရင်ဘတ်ရှေ့သို့ ပို့ထားလိုက်သည်။ ပင်လယ်ပြင်၌ ခရီးသွားဧည့်သည်အချို့မှာ အပျော်စီးလှေငယ်များ စီးနေကြသည်။ ခပ်လှမ်းလှမ်းတွင် တံငါလှေအချို့လည်း ဖြတ်သန်းသွားကြသည်။ မှူး ဤသဘာဝမြင်ကွင်းကို မငြီးမငွေ့ ငေးမောကြည့်နေမိသည်။ ညနေခင်းသည် အလွန်ငြိမ်းချမ်းနေ၏။ မှူးစိတ်တို့ အေးချမ်းနေသည်။
သွင်ရိပ်က အုန်းသီးနုတစ်လုံးပိုက်၍ ရောက်လာနေသဖြင့် မှူး တုတ်ကောက်ထောက်ကာ ထရပ်ရင်း သောင်ပြင်သို့ ခပ်ဖြည်းဖြည်းဆင်းလာသည်။
"ချော်ကျရင် ဘယ်လိုလုပ်မလဲမမရဲ့၊ သွင်ရိပ်ကို စောင့်တာမဟုတ်ဘူး”
"မမအကူမလိုပါဘူးကွယ်၊ ကိုယ့်ဘာသာလျှောက်နိုင်ပါတယ်၊ မမကို ဒုက္ခိတလို မမြင်စမ်းနဲ့”
သွင်ရိပ်က သနားကမားမျက်နှာလေးဖြင့် မအူမလည်လေးကြည့်ကာ ခေါင်းညိတ်သည်။
"မမ အခန်းပြန်နားတော့မယ်၊ ဒီမှာ လူများလာလို့ အာရုံနောက်လာပြီ”
"ဟုတ်ကဲ့မမ၊ သွင်ရိပ်လဲ လိုက်မယ်လေ၊ တူတူသွားကြမယ်”
သွင်ရိပ်က အုန်းသီးနုတစ်လုံးကို ပိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့် မှူးလက်ကို လာဆွဲသည်။ မှူး သွင်ရိပ်လက်ဖဝါးပြန်ဆုပ်ကိုင်၍ ဟိုတယ်ဘက်သို့ အတူလျှောက်လာခဲ့ကြသည်။ ဟိုတယ်များမှာ အမြောက်အများရှိပြီး မှူးတို့ တည်းခိုသော ဟိုတယ်မှာ ကမ်းခြေ၏ညာဘက်အစွန်၌ ဖြစ်သည်။ ခပ်လှမ်းလှမ်း၌ လူများအုံနေသည်။ ရိုက်ကူးရေးကင်မရာများ တွေ့ရသဖြင့် ရန်ကုန်မှ ရုပ်ရှင်လာရိုက်ခြင်းလည်း ဖြစ်နိုင်၏။ မှူးတို့ကျော်၍ ဟိုတယ်ဝန်းထဲသို့ ဝင်လာတော့ သုံးနှစ်အုန်းပင်အောက်၌ အလှထိုင်ခုံများ၊ ပက်လက်လဲအိပ်နိုင်သည့် ခုံများဖြင့် စုံလင်နေသည်။ တစ်ဖက်ခြမ်း၌ ရေကူးကန်ရှိပြီး ဘီကီနီဝတ်ထားသောကောင်မလေးသုံးဦး ရေဆော့နေကြသည်။ မှူး ဟိုတယ်အဆောက်အအုံရှေ့မှ ဖြတ်လာတော့ Receptionမှ ဝန်ထမ်းမိန်းကလေးတစ်ဦးပြေးထွက်လာပြီး မှူးကို လှမ်းခေါ်နေသည်။
"အစ်မ ရန်ကုန်က ဖုန်းလာတယ်၊ အစ်မဖုန်းပိတ်ထားလို့တဲ့၊ ပြန်ဆက်မယ်ပြောတယ်၊ ဆက်လာရင် အစ်မအခန်းကို ဖုန်းလွှဲပေးလိုက်မယ်ရှင့်”
မှူး ခေါင်းတစ်ချက်ညိတ်၍ အခန်းဘက်သို့ လျှောက်လာသည်။ မှူးအခန်းရှေ့ဘက်၌ အုန်းပင်လေးများ စိုက်ထားပြီး အုန်းသီးများ ပြွတ်သီးနေသည်။ ဒန်းလေးတစ်ခုလည်း ရှိ၏။ ညဘက်ဆိုလျှင် ဒန်းလေးပေါ် ထိုင်၍ လေညှင်းခံရင်း ပင်လယ်ကြီးထံမှ လွင့်လာသော လှိုင်းပုတ်သံနားဆင်ရသည်မှာ သဘောခွေ့စရာ။
မှူးတို့ အခန်းထဲ ရောက်တော့ သန့်ရှင်းရေးဝင်ထားသဖြင့် အခန်းမှာ ရှင်းလင်းနေ၏။ သွင်ရိပ်က စားပွဲပေါ် အုန်းသီးနုတင်ပေးကာ ရေအိမ်သို့ ဝင်သွားသည်။ မှူး ခုံတွင် ထိုင်၍ တုတ်ကောက်ချကာ အုန်းသီးနုရည်ကို ပိုက်ဖြင့် စုပ်သောက်ရင်း ဖုန်းဖွင့်ကြည့်နေမိသည်။ ခဏကြာတော့ ဟိုတယ်၏ကြိုးဖုန်းထမြည်လာသည်။ Receptionမှ မိန်းကလေးစကားသတိရတော့ မည်သူလဲသိချင်စိတ်ဖြင့် ဖုန်းကိုင်လိုက်သည်။
“ဟယ်လို”
"မှူး၊ အခုချက်ချင်း ရန်ကုန်ပြန်လာခဲ့''
မိခင်ဒေါ်တေးမာလာ၏အသံသည် အမိန့်ဆန်စွာ မဆိုင်းမတွ ထွက်လာသဖြင့် မှူးအံ့ဩသွားသည်။ မှူး ချောင်းသာကမ်းခြေလာကြောင်းသိသူမှာ ယမင်းတစ်ဦးတည်းရှိ၏။ ယခုတော့ မာမီက မှူးတည်းသော ဟိုတယ်၏ဖုန်းနံပါတ်အတိအကျဖြင့် တိုက်ရိုက်ဖုန်းဆက်တော့ မအံ့ဩဘဲ မနေနိုင်ပါ။ ယမင်းက ချောင်းသာရောက်လျှင် ဤဟိုတယ်၌ တည်းရန် ညွှန်ပေးသူမို့ မာမီ့ကို ပြောပြသူမှာ ယမင်းမှလွဲမရှိ။
"မာမီ''
“ဟုတ်တယ်၊ မှူးမာမီပဲ၊ မှူးသူငယ်ချင်းယမင်းဖြူဆီက မာမီအားလုံးသိပြီးပြီ၊ အဲဒီသွင်ရိပ်ချိုဆိုတဲ့ကောင်မလေးနဲ့မှူး ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဒီကောင်မလေးကို အဆက်ဖြတ်ထားခဲ့ပြီး ရန်ကုန်ပြန်လာခဲ့တော့၊ မာမီပြောတာ နားလည်လား”
"ယမင်းက ပြောခဲ့တာလား၊ သွင်ရိပ်နဲ့အကြောင်းကိုလေ ယမင်းက မှူးကို ဒီလိုမျိုး သူငယ်ချင်းကောင်းပီသကြောင်း ပြလိုက်တာတဲ့လား”
မှူး အောက်နှုတ်ခမ်းကို ဖိကိုက်ပစ်လိုက်သည်။ ယမင်းက သစ္စာဖောက်တယ်ဟူသောအချက်ကို အလွန်အံ့ဩမိပြီး စိတ်တိုလာသည်။ မှူး နှုတ်ခမ်းထောင့်စွန်းကို မဲ့ပစ်လိုက်သည်။
"မှူးမလုပ်နိုင်ဘူးဆိုရင်ရော မာမီဘာလုပ်မှာလဲ’’
"မှူး လုပ်ကိုလုပ်ရလိမ့်မယ်၊ မှူးသိလား၊ သူတို့မိသားစုစီးပွားပျက်ပြီး သူ့အဖေဦးမျိုးနိုင်ထောင်ကျအောင် မာမီလုပ်ခဲ့တာလေ၊ ရဲကို မာမီကိုယ်တိုင်သတင်းပေးပြီး ဖမ်းခိုင်းခဲ့တာ၊ ဒေါ်မြင့်မာချို လူကြားထဲ ခေါင်းမထောင်နိုင်အောင် မာမီလုပ်လိုက်တာလေ''
မှူး မယုံနိုင်အောင် အံ့အားသင့်မိသည်။ မာမီ့ကိုလည်း နားမလည်နိုင်။ သွင်ရိပ်ကြားသွားမည်စိုး၍ ဖုန်းခွက်ကို ယူကာ ဝါရန်တာဘက်သို့ ထွက်လာခဲ့သည်။ အတွင်းသို့လည်း လှမ်းကြည့်ရသေး၏။
"ဘာလို့လဲ၊ ဘာလို့ဒီလိုလုပ်ရတာလဲမာမီ’’
"ပညာပေးချင်လို့လေ၊ မာမီ့ကို ဖဲလိမ်ရိုက်ပြီး ထောင်ကျမလိုဖြစ်အောင် ဒင်းတို့လင်မယားလုပ်ခဲ့တာ၊ မာမီက တေးယစ်မှူးရဲ့မိခင် တေးမာလာ မှူးလိုပဲ မာမီလဲ အငြိုးကြီးတယ် စိတ်ကြီးတယ်''
“မာမီ ဒေါ်မြင့်မာချိုတို့ကို မကျေနပ်တာ မုန်းတာ မှူးနားလည်တယ်၊ ဒါပေမဲ့ သွင်ရိပ်ကိုတော့ မာမီ့မကျေနပ်ချက်ထဲ မဆွဲထည့်နဲ့၊ မိန်ကလေးချင်းမို့ ကြီးကျယ်မြင့်မြတ်လွန်းတဲ့ မာမီတို့အသိုင်းအဝိုင်းကြီးက မှူးတို့ကို လက်မခံပေးနိုင်တာ မှူးကြိုသိတယ်၊ ကဲ့ရဲ့ရှုံ့ချမှာလဲ ကြိုမြင်ပြီးသား ဒါကြောင့် ဒက်ဒီတို့မာမီတို့ မထိခိုက်ရလေအောင် မှူးလဲ အနေအထိုင်ဆင်ခြင်တယ် လူတကာမြင်အောင် ကလူ၏မြူ၏မလုပ်ပြနေဘူး၊ ဒါကြောင့်လေ မာမီက မှူးကို မသိချင်ယောင်ဆောင်နေပေးလို့ မရဘူူးလား၊ မှူး သွင်ရိပ်ကို ချစ်တယ်၊ မှူးအချစ်ကို မာမီ့တို့ တားလို့ မရဘူး’’
"မရူးမိုက်ချင်စမ်းပါနဲ့မှူးရယ်၊ မှူးက ဉာဏ်ကောင်းတဲ့သူပါ၊ မာမီပြောတဲ့အတိုင်း ဒီကောင်မလေးကို ဖြတ်လိုက် မဟုတ်ရင် သူတို့မိသားစုစီးပွားပျက်ရုံမကဘဲ လမ်းဘေးရောက်သွားစေရမယ်လို့ မာမီအာမခံတယ်၊ မာမီဘာတွေလုပ်နိုင်လဲ မှူးသိပါတယ်”
"မာမီ''
မှူး ဒေါသတကြီး ဆောင့်အော်လိုက်တော့ မာမီက ဖုန်းချသွားသည်။ ဝေ့တက်လာသည့် မျက်ရည်အိမ်ကြောင့် မျက်ရည်ကို ခပ်ကြမ်းကြမ်းဆွဲသုတ်ကာ အောက်နှုတ်ခမ်းကို ပေါက်လုမတတ် ဖိကိုက်ထားလိုက်သည်။ မှူးလက်တို့မှာ စိတ်တိုနေ၍ ကျစ်ကျစ်ဆုပ်ထားသဖြင့် ဖုန်းခွက်ပင် ကျိုးကြေလုမတတ်။ ထိုစဥ် သွင်ရိပ်က အခန်းထဲမှ ပြေးထွက်လာပြီး မှူး၏ကျောဘက်မှ ခါးကို လာဖက်လိုက်သဖြင့် နွေးခနဲဖြစ်သွားသည်။ သွင်ရိပ်ခေါင်းမှာ မှူးကျောပြင်ကို မှီထား၏။
“သွင်ရိပ်လေ မမကို သိပ်ချစ်တာပဲ၊ မမနဲ့ ချစ်ခွင့်ရတာ သွင်ရိပ်သိပ်ကံကောင်းတယ်”
မှူး၏လက်သီးဆုပ်လေးများမှာ အချစ်ငွေ့ကြောင့် ပြေလျော့လာပြီး နှုတ်ခမ်းတို့ ပြုံးယောင်သမ်းလာသည်။ မြင်ကွင်းရှေ့ မြင်နေရသော ပင်လယ်ကြီးမှာ တဖြည်းဖြည်းပိုလှလာ၏။
====
ဆက်ရန်။
#ကြွေ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now