အပိုင်း( ၁၆ )

3.8K 288 4
                                    

ညခုနှစ်နာရီခွဲပြီ။ ဓာတ်ပုံဆိုင်၌ လူပါးနေ၏။ စိတ်သိပ်အဆင်မပြေ၍ ဆိုင်အစောကြီး ပိတ်ကာ နေ့သစ် သွင်ရိပ်တို့အိမ်ဘက်သို့ ထွက်လာခဲ့သည်။ အဘွားဆုံးသွားပြီးကတည်းက နေ့သစ် ဤအိမ်သို့ မရောက်ဖြစ်သည်မှာ အတော်ကြာသွားခဲ့ပြီ။ အရာအားလုံးသေချာစဉ်းစားကြည့်လျှင် မိမိအပြစ်ချည်းသာဖြစ်သည်။ အဘွားဆုံးရသည်မှာလည်း မိမိပြီးစလွယ်ဆုံးဖြတ်ခဲ့သောကြောင့် မှူးခြေထောက်မသန်ရသည်မှာလည်း မိမိစဉ်းစားဉာဏ်နည်းခဲ့သောကြောင့် မှူးစိတ်ကုန်ကာ ပြန်လက်မခံတော့သည်မှာလည်း မိမိအသုံးမကျသောကြောင့်ဖြစ်သည်။
အမှန်ဆို နေ့သစ် မှူးကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး သွင်ရိပ်ကို ကူညီခဲ့လျှင် မှူးက ဘယ်တော့မှ စပြီး ထားခဲ့မည့် မိန်းကလေးမျိုးမဟုတ်ပါ။ မှူးက သစ္စာတရားကို သိပ်တန်ဖိုးထားသည့်မိန်းမမျိုး၊၊ နားလည်မှုလည်း ရှိခဲ့သည်။ တွဲခဲ့သော သက်တမ်းတစ်လျှောက် မှူးဘက်က အကူအညီမယူချင်သော်လည်း နေ့သစ်ခက်ခဲတိုင်း မှူးက အရင်ရောက်လာပေးသည်။ ဘယ်တော့မှ ပြဿနာရှာပြီး မငြိုငြင်ခဲ့ပါ။ နေ့သစ်ကသာ မှူးကို နားမလည်နိုင်ဘဲ စိတ်ဒုက္ခပေးခဲ့မိသည်။
မှူးက မာနကြောင့် ခံစားချက်ကို အရမ်းသိုဝှက်ထားတတ်သည်။ ဤလိုမိန်းမမျိုး၏မာနကိုမှ နေ့သစ်က တူးဆွပေးခဲ့မိသည်။ နေ့သစ် မှူးကို နားမလည်ဘဲ တုံးအပြီး ဉာဏ်နည်းခဲ့သည်။
သွင်ရိပ်တို့အိမ်ရောက်တော့ ဧည့်ဆိုဖာ၌ ရတီချိုက ဖုန်းထိုင်ကြည့်နေသည်။ နေ့သစ်ကို မြင်တော့ ရန်စကားပြောလာသည်။
"ဇနီးဟောင်းကို ရေစက်မပြတ်သေးလို့ လာရှာတာလား”
"သွင်ရိပ်က ကိုယ့်ညီမလေးပါ၊ ရတီစကားကြည့်ပြောရင် ကောင်းမယ်၊ နောက်မှ ကိုယ့်အဆိုးမဆိုနဲ့”
ရတီက ဟက်ခနဲတစ်ချက်ရယ်ပြီး နေ့သစ်ရှေ့လာရပ်သည်။
“ကြီးကြီးကျယ်ကျယ်နဲ့ဟယ်၊ ယောက်ျားလျာကများ လာပြီး မာန်ဖီပြနေသေးတယ်၊ နောက်ကျရင် လင်ယူမဲ့ရုပ်နဲ့များ ရှုပ်လို့ ပတ်ကိုမပတ်သက်ချင်ဘူး”
နေ့သစ် ပါးပိတ်ရိုက်ခံလိုက်ရသလို အတော်နာသွားသည်။ ရတီက နေ့သစ်ပခုံးကို ဝင်တိုက်ကာ အပေါ်ထပ်သို့ လှေကားအတိုင်း တက်သွားလေသည်။ ပေါက်ကွဲမိမည်စိုး၍ လက်သီးတင်းတင်းဆုပ်ကာ အံကြိတ်ထားမိသည်။ ခဏကြာတော့ သွင်ရိပ် အခန်းထဲမှ ထွက်လာ၏။ သွင်ရိပ်မျက်နှာသည် နီရဲမို့အစ်နေသဖြင့် ရတီတို့သားအမိ အနိုင်ကျင့်ထားကြသလားဟု စိတ်ပူမိသေး၏။
"ငိုထားတာလား၊ နေမကောင်းလို့လား”
"သွင်ရိပ်နေကောင်းပါတယ်၊ ကိုကိုကိစ္စရှိလို့လားဟင်''
"ကိုကို မှူးကို တွေ့ပြီးပြီ၊ studioကအပြန် ခဏဝင်လာရင်း သွင်ရိပ်သိချင်မယ်ထင်လို့ ကိုကိုလာပြောပြတာပါ''
သွင်ရိပ်က မပီမသလေးပြုံးကာ ခေါင်းညိတ်သည်။ သိပြီးသားကဲ့သို့ မအံဩနေပေ။
“ဟုတ်ပြီလေ၊ ညလဲ မှောင်နေပြီဆိုတော့ ကိုကိုပြန်တော့မယ်''
"ကိုကို သွင်ရိပ်ကို အပြင်ခေါ်သွားပေးလို့ရမလား၊ ကိုကိုသွားနေကျ barတို့ဘာတို့ပေါ့”
နေ့သစ် သွင်ရိပ်ကို အံဩစွာ လှမ်းကြည့်လိုက်သည်။ သွင်ရိပ်အကြည့်တို့မှာ ခိုင်မာနေ၏။
~
Dance-floor၌ ကခုန်နေကြသောလူတစ်ချို့ကို ကြည့်ကာ သွင်ရိပ်လေပူတစ်ချက်မှုတ်ထုတ်မိသည်။ ရန်ကုန်၌ နေသည်မှာ နှစ်ကာလတစ်ခုထိကြာမြင့်သွားသော်လည်း သွင်ရိပ်အတွက် ဤနေရာမှာ အသစ်ဆန်းဖြစ်လှသည်။ သွင်ရိပ်ကို တောသူမဟုဆိုဆို သွင်ရိပ်နှင့် သိပ်မအပ်စပ်ဟု ခံစားရ၏။
ကိုကို့ကို ကြည့်တော့ Barတွင် မှောက်နေသည်။ ဝီစကီများ အခွက်ပေါင်းများစွာ သောက်ထား၏။ သွင်ရိပ်ကတော့ ကိုကိုမှာပေးထားသည့် ဝိုင်တစ်ခွက်တွင် တစ်ငုံသာသောက်ရသေး၏။ ကိုကို့ကိုကြည့်၍ အတူလာမိတာမှားပြီဟု သိလိုက်သည်။
"ကိုကို အဆင်ပြေရဲ့လား၊ အရမ်းမူးနေပြီလား”
DJတီးလုံးသံကြောင့် ဆူညံနေသဖြင့် သွင်ရိပ်မှာ မနည်းအော်ပြောရသည်။ ကိုကိုက ကြားပုံမရပါ။ လုံးဝအသိပျောက်ကာ အိပ်နေတော့သည်။ သွင်ရိပ် နိုးမရသဖြင့် ဆိုင်ဝန်ထမ်းကောင်လေးတစ်ဦးကို အကူအညီတောင်းကာ ကားထဲသို့ ပို့ခိုင်းရသည်။ ကားထဲ၌ ထိုင်ခုံခါးပတ်သေချာပတ်ပေးပြီး အနီးအနားမှ ဟိုတယ်သို့ မောင်းလာသည်။ ကိုကို့အိမ်မှာ အဝေးကြီးမို့ အိမ်ပြန်ပို့ပြီး ညကြီးမိုးချုပ်
သွင်ရိပ်တစ်ယောက်ထဲ အိမ်ပြန်ရန် မဖြစ်နိုင်ပါ။ သွင်ရိပ်အိမ်သို့ ခေါ်သွားရန်မှာလည်း မေမေနှင့်မမရတီက ကိုကို့ကို အမြင်မကြည်၍ မဖြစ်ပါ။ အကောင်းဆုံးမှာ ကိုကို့ကို အနီးအနားရှိ ဟိုတယ်သို့ ပို့ပေးပြီး သွင်ရိပ်က ကိုကို့ကားနှင့် အိမ်ပြန်လာမည်။ မနက်မှ ကိုကို့ကို ကားပြန်လာပို့ပေးမည်။ အစီအစဉ်ချ၍ ကားကို ခပ်သွက်သွက်မောင်းလာခဲ့သည်။
ဟိုတယ်ရောက်တော့ နေရာတကျပါကင်ထိုး၍ ကိုကို့ကို မနိုင်တနိုင်တွဲထူကာ ဒယိမ်းဒယိုင်ဖြင့် receptionသို့ တွဲခေါ်လာခဲ့သည်။ ကိုကိုက ယိမ်းထိုးနေ၍ သွင်ရိပ် မနည်းထိန်းရသည်။
"အစ်မ အခန်းတစ်ခန်းလောက် လိုချင်လို့ပါ''
"ဟုတ်ကဲ့၊ မှတ်ပုံတင်ပြပါရှင့်''
သွင်ရိပ် ကိုကိုလဲကျမှာစိုးသဖြင့် လက်ကို ကိုယ့်ပခုံးပေါ်အတင်းဆွဲတင်ထားကာ လက်တစ်ဖက်ကလည်း ဘောင်းဘီအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကိုနှိုက်ထုတ်နေရသည်။ ပိုက်ဆံအိတ်ယူထုတ်ပြီး ဖွင့်ကြည့်လိုက်တော့ မှတ်ပုံတင်မပါလာပေ။
"မှတ်ပုံတင်မပါလာဘူး၊ ဒုက္ခပါပဲ၊ မှတ်ပုံတင်မပါဘဲ ဌားပေးလို့မရဘူးလားဟင်”
သွင်ရိပ် ကိုကို့ကိုထိန်းရင်း သနားစဖွယ်ပြောမိသည်။
"သွင်ရိပ်”
ခေါ်သံကြောင့် သွင်ရိပ်လှည့်ကြည့်လိုက်သည်။ မမမှူးက ရွှေရောင်တုတ်ကောက်လေးထောက်လျက် ဟိုတယ်လှေကားပေါ်မှ ဆင်းလာ၏။ မီးဆိုင်းကြီးမှ မီးရောင်အလင်းသည် ပန်းရောင်သမ်းနေသော မမမျက်နှာနုနုလေးပေါ် ဖြာကျနေ၏။ မမက ညအိပ်ဂါဝန်ရှည်ပန်းရောင်ကို ဝတ်ထားပြီး ပါးလျသောအဖြူရောင်အနွေးထည်လက်ရှည်ကို ထပ်ဝတ်ထားသည်။ ဆံနွယ်ရှည်ကို ခပ်နိမ့်နိမ့်စည်းနှောင်ထား၏။ ခြုံငုံပြောရလျှင် မမ၏ညအိပ်ဖက်ရှင်မှာ အထက်တန်းစားဆန်ပြီး နူးညံ့လွန်းသည်။ မူးယစ်ဆေးလို ညှို့အားပြင်းပြီး အလှမှာ ခမ်းနားလွန်းသည်။
မမက သွင်ရိပ်ဘေးသို့ ရောက်လာသည်။ ပြီးတော့ ပုံပျက်အောင် မူးနေသော ကိုကို့ကို ကြည့်၍ Receptionမှ အစ်မနှစ်ဦးဘက် လှည့်ကြည့်သည်။
“ဒီတစ်ယောက်ကို အခန်းဌားပေးလိုက်ပါ၊ မှူးတာဝန်ယူတယ်”
Receptionရှိအစ်မနှစ်ဦးမှာ မမမှူးကို ချက်ချင်း အခန်းသော့ကမ်းပေးသည်။ မမက သော့ယူ၍ သွင်ရိပ်၏မနိုင်မနင်းပုံစံကို ကြည့်ကာ ဝန်ထမ်းတစ်ဦးကို လှမ်းခေါ်သည်။
"တစ်ယောက်လောက် လာတွဲကူပေးပါဦး၊ သွင်ရိပ်က မမနောက် လိုက်ခဲ့နော်”
ဝန်ထမ်းကောင်လေးတစ်ဦးက ကိုကို့ကို လာတွဲကူသည်။ မမက ဤဟိုတယ်ပိုင်ရှင်နှင့် တူ၏။ သွင်ရိပ် အရင်တစ်ခေါက်က မမမှူး ဒီမှာရှိလားမေးတော့ မသိကြဟု လိမ်ကြသည်။ သွင်ရိပ်နားမလည်ပါ။ ရွှေရောင်တုတ်ကောက်အကူအညီယူ၍ လမ်းလျှောက်နေရသော မမ၏ပုံပန်းမှာ သွင်ရိပ်အတွက် ထူးဆန်းနေသည်။ ဝှီးချဲပေါ်၌ ထိုင်နေခြင်းနှင့်ယှဥ်လျှင် အများကြီးတော်သေး၏။ သွင်ရိပ် မမကို ငေးကြည့်ရင်း နောက်မှ လိုက်လာခဲ့သည်။ မမက အခန်း၄၁၂ ရှေ့ရပ်၍ သော့ဖွင့်လိုက်သည်။ ဝန်ထမ်းကောင်လေးက ကိုကို့ကို တွဲကာ ကုတင်ပေါ်သို့ တင်ပေးလေသည်။ ကိုကိုက တစ်ချက်တစ်ချက် အေ့ခနဲ လေတက်တာကလွဲပြီး လုံးဝအိပ်မောကျနေသည်။
"မင်းသွားလို့ရပြီ''
ဟိုတယ်ဝန်ထမ်းက အခန်းထဲမှ ထွက်သွားသည်။ သွင်ရိပ် ကိုကို့ဖိနပ်ချွတ်ပေး၍ အိပ်ရာသေချာပြင်ကာ စောင်ခြုံပေးလိုက်သည်။ မမက အနီးအနီးရှိ ခုံဖြူလေး၌ ထိုင်ကာ သွင်ရိပ်ပြုမူသမျှကြည့်နေ၏။
"ဟိုနေ့က ဂေဟာကို ရောက်လာပြီးမှ ဘာလို့ နှုတ်မဆက်ဘဲ ပြန်သွားတာလဲ”
သွင်ရိပ် မမရှေ့၌ အတတ်နိုင်ဆုံး ကိုယ်ကို ကျုံ့ရပ်ကာ နှုတ်ဆိတ်နေမိသည်။
"လိမ်ဖို့ စဉ်းစားနေတာလား၊ ကြီးကြီးမြက ပြောတယ်၊ မင်း မမကို တွေ့ဖို့ သီရိမြိုင်ကို ရောက်လာသေးတယ်တဲ့၊ သန်လျင်ထိ လိုက်လာပြီး နှုတ်မဆက်ဘဲ ပြန်သွားတယ်”
သွင်ရိပ် မမကို လွမ်းလွန်း၍ စိတ်ထဲ၌ အကြိမ်တစ်ထောင်မက ပြေးဖက်ထားမိသည်။ ချစ်တယ်ဟု အကြိမ်တစ်သောင်းမက ပြောပြချင်မိသည်။ ဒါကို မမကတော့ သိမည်မဟုတ်ပါ။
“ဘာကြောင့်လဲ”
သွင်ရိပ် မဖြေဘဲ ခေါင်းငုံ့ထားမိတော့ မမက ထရပ်လိုက်သဖြင့် သွင်ရိပ် မမကို မော့ကြည့်လိုက်သည်။
"မဖြေချင်လဲ ရတယ်၊ ဘယ်သူမှ အတင်းမမေးဘူး၊ အခု အိမ်ပြန်မှာလား ဒီမှာ အိပ်မှာလား”
“အိမ်ပြန်မှာပါမမ”
“ကောင်းပြီ”
မမက အခန်းပြင်သို့ ခပ်ဆတ်ဆတ်ထွက်သွားသည်။ တုတ်ကောက်ထောက်သံမှာ တဒုန်းဒုန်းမြည်နေ၏။ သွင်ရိပ် အူကြောင်ကြောင်လေးရပ်နေရာမှ မမနောက်သို့ ပြေးလိုက်မိသည်။ ပြီးတော့ မမကျောဘက်မှ ခါးကို ပြေးဖက်မိသည်။ လွတ်ထွက်သွားမည်စိုး၍ တင်းတင်းကြပ်ကြပ်ဖက်ထားမိကာ မမပခုံး၌ မျက်နှာအပ်ထားမိသည်။ မျက်ရည်များလည်း ကျဆင်းလာ၏။ မမက ပွေ့ဖက်ထားသော သွင်ရိပ်လက်ကို ပြန်လည်ဆုပ်ကိုင်လာသည်။
“သွင်ရိပ် မမကို ချစ်တယ်”
‘’မင်းဘာပြောလိုက်တယ်”
‘’မမ သွင်ရိပ်ကို ပြန်မချစ်လဲ ရပါတယ်၊ သွင်ရိပ်တစ်ဖက်တည်းက ချစ်နေရုံနဲ့ ဒီအချစ်က အရမ်းထုထည်ကြီးမားနေပြီမို့ မမပြန်မချစ်ရင်တောင် ပျက်စီးသွားမှာမဟုတ်ဘဲ သွင်ရိပ်အချစ်တွေ ဆက်လက်တည်တံ့နေမှာသိရဲ့လား’’
"မသိဘူးပဲ၊ ကောင်မလေးတစ်ယောက်ဘာတွေပြောနေတာပါလိမ့်၊ နည်းနည်းလေးမှမသိဘူး”
မမမှူးက သွင်ရိပ်လက်ကို ဖယ်ချ၍ ပြုံးစစမျက်နှာထားဖြင့် လှည့်ကြည့်လာသည်။
“မမ နေ့သစ်ကို ငြင်းလိုက်တယ်”
သွင်ရိပ် မထင်မှတ်ထား၍ အရမ်းပျော်သွားမိကာ အားပါးတရပြုံးမိသည်။ ကိုကိုနှင့် အထင်လွဲမိ၍ ရှက်ကာ မိမိအဖြစ်ကို တခစ်ခစ်ရယ်မောချလိုက်သည်။
“သွင်ရိပ်ကိုရောဟင်၊ သွင်ရိပ်ကိုရောလို့”
မမမှူးက စဥ်းစားသလိုလေးလုပ်၍ လှည့်ထွက်သွားသည်။ အခန်းများကို ဖြတ်ကျော်၍ အခန်းတစ်ခန်းထဲ ဝင်သွားသဖြင့် သွင်ရိပ် ပြုံးကာ မမနောက်လိုက်သွားမိသည်။
“မမ သွင်ရိပ်ကိုလဲ အဖြေပေးလေ၊ သွင်ရိပ် မမကို ချစ်တယ်၊ မမပြန်မချစ်ရင် သွင်ရိပ်မပြန်တော့ဘဲ ဒီမှာ အိပ်နေလိုက်တော့မယ်”
မမက ပခုံးတချက်တွန့်၍ ဝါရန်တာတံခါးဆွဲဖွင့်ကာ အပြင်သို့ ထွက်သွားသည်။ ပြီးတော့ ကြိမ်ထိုင်ခုံတွင် အေးအေးလူလူ ထိုင်နေ၏။ သွင်ရိပ် မမဘေးတွင် ရပ်၍ မမကို ငေးကြည့်နေမိသည်။ မမအကြည့်များမှာ ရန်ကုန်မြို့၏ညအလှအပများကို ရှုစားမနေပါ။ အတွေးပင်လယ်ထဲ နစ်နေသည်။ အတန်ကြာမှ မမက သွင်ရိပ်ဘက်လှည့်ကာ အလေးအနက်ကြည့်လာသည်။ ပြီးတော့ ဖန်ပုလင်းနှစ်ဘူးကို လှည့်ယူ၍ သွင်ရိပ်ကို ကမ်းပေးလာသည်။ ရောင်စုံကြယ်လေးများနှင့်ရောင်စုံဌက်ရုပ်စက္ကူလေးများ တစ်ပုလင်းစီ အပြည့်ဖြည့်ထားသည်။ သွင်ရိပ် ယူ၍ အံ့သြဝမ်းသာနေမိသည်။
“ဒါတွေအားလုံး မမခေါက်ထားတာလားဟင်၊ သွင်ရိပ်ကို လက်ဆောင်ပေးတာလား”
မမက ပြုံး၍ ခေါင်းအသာညိတ်သည်။ သွင်ရိပ် ပုလင်းနှစ်ဘူးပိုက်၍ အပျော်ကြီးပျော်နေမိသည်။
"ကတိပေးနိုင်မလား၊ ဘယ်တော့မှ မထားခဲ့ပါဘူးလို့ သစ္စာမဖောက်ပါဘူးလို့လေ''
သွင်ရိပ် အားပါးတရ ခေါင်းညိတ်လိုက်သည်။
"ဒီလိုလွယ်လွယ်ကတိမပေးပါနဲ့၊ သေချာစဉ်းစားပါ၊ အချိန်ဘယ်လောက်ကြာကြာရတယ်၊ မလောပါဘူး”
သွင်ရိပ် ပုလင်းနှစ်ဘူးကို အောက်တွင် ချ၍ မမမှူး၏လက်တစ်ဖက်ကို အသာဆွဲယူကာ ဆုပ်ကိုင်လိုက်သည်။
"သွင်ရိပ် မမကို တကယ်ချစ်တာပါ၊ အရမ်းချစ်တာပါ၊ မုသားဆိုမိရင် ဘဝဆက်တိုင်း ချစ်တဲ့သူနဲ့
ဘယ်တော့မှ မပေါင်းဖက်ရပါစေနဲ့၊ သွင်ရိပ်ကျိန်ပါတယ်”
“သွင်ရိပ်အချစ်ကို ယုံပါတယ်၊ ဒါပေမဲ့ အပြောင်းအလဲမြန်တတ်တဲ့လူ့စိတ်သဘာဝကို သိနေတယ်၊ တစ်နေ့နေ့မှာ သွင်ရိပ် မမကို မချစ်တော့ရင် စိတ်ကုန်သွားရင် အဲဒီအချိန်ကျ သစ္စာမဖောက်သွားပါနဲ့၊ မမကို သစ္စာဖောက်ခဲ့ရင် တစ်ခါတည်း သတ်ပစ်မိလိမ့်မယ်''
မမက သစ္စာဖောက်ခြင်းနှင့် ပတ်သက်၍ စိတ်ဒဏ်ရာအကြီးကြီးရှိနေသည်။ လုံးဝသည်းမခံနိုင်သောကိစ္စလိုမျိုး။ သွင်ရိပ် မမကို မျက်နှာငယ်လေးဖြင့် ငေးကြည့်နေမိသည်။
"ကိုယ့်စိတ်ကိုယ်မနိုင်ဘူး မသိဘူးလို့ခံစားရရင် မမကို အခုတည်းက မေ့လိုက်ပါ၊ မမဘက်ကလည်း သွင်ရိပ်ကို သံယောဇဉ်အများကြီးမတွယ်မိချင်ဘူး၊ မဆုံမဲ့ရေစက်မျိုးဆို ရှောင်ကွင်းတတ်ရတယ်”
“မမကို မချစ်တော့သလို ခံစားရမဲ့နေ့ သစ္စာဖောက်ဖို့ တွေးမိတဲ့နေ့ ရောက်လာခဲ့ရင် မမအပြစ်ပေးမှာ မစောင့်ဘူး၊ သွင်ရိပ်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်လိုက်မယ်”
မမက သွင်ရိပ်လက်ကို အသာဆွဲချလိုက်တော့ သွင်ရိပ် မမပေါင်ပေါ်၌ ထိုင်ချမိသွားသည်။ သွင်ရိပ် မမနာသွားမည်စိုး၍ အလန့်တကြား ထရန် ပြင်တော့ မမက သွင်ရိပ်ပခုံးပေါ် လက်ယှက်တင်ကာ ဆွဲထားသည်။ မမက သွင်ရိပ်နှင့် မျက်နှာချင်းဆိုင်ရင်း တောက်တောက်ပပပြုံးနေသည်။
“မမ ကလေးကို ချစ်တယ်”
သွင်ရိပ်၏ ဦးနှောက်အပိုင်းအစများ၊ အသည်းနှလုံးတစ်စုံတို့မှာ အရည်ပျော်ပျောက်ရှကုန်ကြသည်။ နူးညံ့နွေးထွေးမှုသည် ရင်ကို တဒုတ်ဒုတ်မြည်အောင် အေးချမ်းစေပြီး အချစ်မှာ ဆန်းကြယ်သည်။ မမက သွင်ရိပ်ရင်ခွင်၌ ခေါင်းမှီလိုက်သဖြင့် သွင်ရိပ်အသာထွေးဖက်မိသည်။ မမပေါင်ပေါ်ထိုင်၍ မမကို ထွေးဖက်ထားရသည့်ခံစားချက်မှာ ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ရသလို ခံစားရပြီး ငြိမ်းချမ်းသည်။
~
မနက်ခင်းသည် ကိုက်ခဲနာကျင်ရင်း နိုးထလာ၏။ နေ့သစ် နားထင်ကို လက်ဖိ၍ ထထိုင်ရင်း စိမ်းသက်နေသည့်အခန်းကို ကြည့်နေမိသည်။ နာရီကြည့်တော့ ရှစ်နာရီကျော်ပြီ။ ညက သွင်ရိပ်နှင့်အတူ Barသွားသည်။ ဟိုတယ်အပြင်အဆင်နှင့်တူ၍ သွင်ရိပ်က ဟိုတယ်သို့ ပို့ခဲ့သလား စဥ်းစားနေမိသည်။
"ဒေါက်...ဒေါက်''
အခန်းတံခါးခေါက်သံကြောင့် တံခါးထဖွင့်ပေးလိုက်တော့ ဟိုတယ်ဝန်ထမ်းတစ်ဦးရောက်နေသည်။
"နိုးနေပြီဆိုရင် မနက်စာစားဖို့ ဆင်းလာပါတဲ့ခင်ဗျာ”
နေ့သစ် တံခါးပြန်ပိတ်၍ ရေချိုးခန်း၌ မျက်နှာသစ် တစ်ကိုယ်ရေသန့်စင်ကာ ဟိုတယ်ရှိ စားသောက်ဆိုင်သို့ ထွက်လာသည်။ ဟိုတယ်ဝန်ထမ်းက နေ့သစ်ကို VIPစားသောက်နေရာသို့ လိုက်ပို့သည်။ စားပွဲပေါ်၌ စားဖွယ်များ စုံလင်စွာ ခင်းထားသည်။ မှူးက စားပွဲဝိုင်း၌ ရပ်ကာ တစ်ခုခုကို ဖျော်နေသည်။ နေ့သစ်ဘက်သို့ လှည့်ကြည့်လာပြီး ထိုင်လေ ပြောနေသလိုမို့ နေ့သစ် ဝင်ထိုင်လိုက်သည်။ မှူးက နေ့သစ်ရှေ့သို့ ကိုင်ထားသော ခွက်ကို ချပေးလာ၏။
"မနက်စာမစားခင် ပျားသံပရာရည်လေးအရင်သောက်လိုက်၊ ခေါင်းကြည်တာပေါ့''
နေ့သစ် ဤအခြေအနေကို နားမလည်ပါ။ ပျားသံပရာရည်ကို ယူသောက်လိုက်သည်။ ထိုစဥ် မှူးဖုန်းဝင်လာ၏။ မှူးက ဖုန်းကိုင်၍ ပြုံးနေသဖြင့် နေ့သစ်အကဲခတ်ကြည့်မိသည်။
“ကလေးရောက်ပြီလား’’
‘’…’’
‘’နေ့သစ်လဲ နိုးနေပြီ၊ ဝန်ထမ်းတစ်ယောက်ကို မေးပြီး လာခဲ့လိုက်လေ၊ မမ မနက်စာမှာထားတယ်”
မှူးက တုတ်ကောက်အသာထောက်၍ နေ့သစ်၏မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်သည်။ ခဏကြာတော့ သွင်ရိပ်ရောက်လာသဖြင့် နေ့သစ်အံ့ဩသွားသည်။ မှူးက ကလေးဟု နူးနူးညံ့ညံ့ ခေါ်လိုက်သူမှာ သွင်ရိပ်တဲ့လား။ သွင်ရိပ်က ပြုံး၍ နေ့သစ်ကို ကားသော့လာပေးသဖြင့် အူတူတူလှမ်းယူလိုက်ရသည်။
“ညက ကိုကိုအရမ်းမူးနေလို့ ဟိုတယ်ပို့ပေးပြီး မေမေစိတ်ပူနေမှာစိုးတာနဲ့ သွင်ရိပ် အိမ်ပြန်သွားတာ၊ အခုကိုကို့ကားပြန်လာပို့ပေးတာ၊ မထင်မှတ်ဘဲ အဲဒါ မမမှူးတို့ပိုင်တဲ့ ဟိုတယ်ဖြစ်နေတယ်”
သွင်ရိပ်ပြောမှ နေ့သစ်ရှင်းသွား၍ သြော်ဟု ရေရွတ်မိသည်။ သွင်ရိပ်က မှူးဘေးတွင် သွားထိုင်နေသဖြင့် မှူးက ခပ်ပြုံးပြုံး။ ပန်းကန်ပြားထဲသို့ စားဖွယ်ခပ်ထည့်၍ အေးဆေးစားနေသည်။ သွင်ရိပ်က မှူးအနားကပ်၍ ဟင်းပွဲတစ်မျိုးအား လက်ညိုးထိုးပြနေ၏။ မှူးက ၎င်းဟင်းပွဲကို သွင်ရိပ်ပန်းကန်ထဲ ခပ်ထည့်ပေးနေသဖြင့် နေ့သစ်ကြည့်ရင်း တစ်မျိုးဖြစ်လာသည်။ မှူးနှင့်သွင်ရိပ်က အလွန်ရင်းနှီးနေသလို။
"ကိုကိုစားလေ၊ ဘာတွေ စဥ်းစားနေတာလဲ”
နေ့သစ် မပီမပြင်ပြုံးရင်း ဝေခွဲရခက်စွာ ခက်ရင်းနှင့်ဓားကို ကိုင်လိုက်သည်။ အသားဖတ်လှီးရင်း စိတ်တို့မှာ အစိုးမရစွာ မှူးကိုပဲ အာရုံစိုက်နေမိသည်။ မှူးက နေ့သစ်ကို လှမ်းကြည့်လာ၏။
"မှူးတို့ ချစ်သူဖြစ်နေကြပြီ၊ မှူးရဲ့ဆုံးဖြတ်ချက်ကို နေ့သစ်လေးစားပေးဖို့ မျှော်လင့်တယ်”
နေ့သစ် မယုံနိုင်အောင် အံ့ဩသွားရသည်။ သွင်ရိပ်က နေ့သစ်ကို အားနာသလို မချင့်မရဲကြည့်နေ၏။
“ကိုယ် အရမ်းရှော့ရသွားလို့ ဘာပြောရမှန်းမသိဘူး၊ လုံးဝမယုံနိုင်စရာပဲ”
မှူးက ခပ်လေးလေးပြုံးကာ သွင်ရိပ်ကို ရေသန့်ဘူးဖွင့်ပေး၍ အေးအေးလူလူ မနက်စာဆက်စားနေသည်။ နေ့သစ်အပေါ် ဘာစိတ်ခံစားမှုမှမရှိသူလို သွေးအေးစွာ တုံ့ပြန်သည်။ နေ့သစ်ခံစားရမည်ဟုလည်း မတွေး။
“Congratulationပါသွင်ရိပ်”
‘’ဟု…ဟုတ် ကျေးဇူးကိုကို”
"ကိုယ် အလုပ်ကိစ္စချိန်းထားတာရှိလို့ သွားမှ ရတော့မယ်မှူး၊ နောက်ကျနေပြီ”
“ဒါဖြင့် သွားလေ၊ သွင်ရိပ်ကိုတော့ ထားခဲ့လိုက်ပါ၊ မှူးပဲ ပြန်ပို့ပေးလိုက်မယ်”
နေ့သစ် ရင်ဘတ်ထဲ တင်းကြပ်လာသည်။ ရုပ်မပျက်အောင် ထိန်း၍ ဟိုတယ်မှ ထွက်လာခဲ့သည်။ ကိုယ့်အပိုင်ဖြစ်ခဲ့ဖူးသည့်အရာတစ်ခုသည် သူများအပိုင်ဖြစ်သွားသော ခံစားချက်မှာ ခံရခက်၏။
====
ဆက်ရန်။
#ကြွေ

ရင်ထဲက မှူး/ရင္ထဲက မႉးWhere stories live. Discover now