[Zawgyi]
ကျောင်းဆင်းတဲ့အချိန်တွေဆို ရိပေါ်က မြို့ထဲက ကြေးနန်းရုံးဆီ သွားရသည်။ ၁၃နှစ်ဆိုတဲ့ ကလေးသာသာမို့ သူလုပ်ရတာက ကြေးနန်းစာရေးတွေရဲ့ အကူ။ မနက်ကျောင်းမသွားခင်ဆို သတင်းစာလိုက်ပို့ပြီး ညနေကျောင်းဆင်းချိန်ဆို ကြေးနန်းရုံးမှာ အလုပ်သွားလုပ်ရသည်။
ပင်ပန်းလားလို့ မေးလာခဲ့ရင် သူမပင်ပန်းပါဘူးလို့ပဲ ဆိုရမယ်။ "ရိုးရိုးကျင့် မြင့်မြင့်ကြံ"ဆိုသလိုပဲ သူ့မှာ ရည်မှန်းချက်ကြီးကြီးရှိတာ မှန်တယ်၊ ဒါပေမဲ့ မရိုးသားတဲ့အလုပ်တွေ သူဘာမှမလုပ်ဘူး။ ရိုးရိုးသားသားပဲ လုပ်ကိုင်ပြီး ပိုက်ဆံစုတယ်၊ ဒါတွေအားလုံးဟာ တစ်ချိန်မှာတော့ ချစ်ရတဲ့ကောအတွက် အထောက်အပံ့ဖြစ်နိုင်စေဖို့။
"ရိပေါ် ခဏနေရင်ပြန်လို့ရပြီနော်"
"ဟုတ်ကဲ့ဦးလေး"
လှည်းလက်စ တံမြက်စည်းကိုချပြီး ရုံးရဲ့တံခါးတွေ သေချာလိုက်ပိတ်ရသည်။ မတော်လို့ သူခိုးဝင်ပြီး တစ်ခုခုပျောက်ရှခဲ့ရင် သူ့ခေါင်းပေါ်ကျနေမှာ။
"ကျွန်တော်ပြန်ပြီနော်ဦးလေး..တံခါးတွေအကုန်ပိတ်ပေးခဲ့ပြီ"
"ဟုတ်ပြီကောင်လေး"
လွယ်အိတ်လေးကိုလွယ်ရင်း အိမ်ကို တန်းတန်းမတ်မတ် ပြန်လိုက်သည်။ သူ့အိမ်က ဝန်ထမ်းတန်းလျားပုံစံမျိုးမှာမို့ လူစုံသည်၊ စရိုက်စုံသည်။
"ရိပေါ်..ငါတို့နဲ့လာဆော့ပါလား"
သူနဲ့ရွယ်တူ တခြားကလေးတွေက ဝိုင်းဖွဲ့ကာ ကစားနေကြကာ ထိုထဲမှ တစ်ယောက်က သူ့ကိုလှမ်းခေါ်လာသည်။
"ငါမဆော့ချင်ဘူး"
"မင်းကိုလေငါကအဲ့တာတွေ အရမ်းမျက်မုန်းကျိုးတာကွ..အသက်နဲ့မလိုက်အောင် ငတတ်ကြီးစတိုင်တွေဖမ်းနေတဲ့ကောင်"
"မင်းအပူပါလား"
"ဘာ!!!"
"ငါ့စိတ်နဲ့ငါ့ကိုယ်လေ..ငါ့ဟာငါနေချင်သလိုနေမယ် ပြောချင်သလိုပြောမယ်..မင်းတို့အမြင်တွေဂရုစိုက်နေရမှာလား"