[Zawgyi]
ချူံ ချင်းမှာနေရတဲ့ ရက်တွေက အရင်လိုပျော်စရာမကောင်းတော့ဘဲ မြို့ကလည်း တဖြည်းဖြည်း ခြောက်ကပ်လာသည်။ မြို့ခံလူတွေခမျာလည်း စစ်ပွဲ၏ အစပျိုးမှုဒဏ်ကြောင့် နေ့ရက်များကို ကြောက်လန့်စွာ ဖြတ်သန်းနေကြရသည်။
ရှောင်းကျန့်လည်း သူ့အခန်း၏ ပြတင်းတံခါးမှတဆင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေရင်း သက်ပြင်းမောကို ချမိသည်။
အရင်တုန်းကဆို ဒီနေရာလေးက ကြည့်လိုက်ရင် လမ်းမပေါ်မှာ သွားလာလှုပ်ရှားနေတဲ့ လူတွေကို တွေ့ရပေမဲ့ အခုများတော့ ဗလာနတ္ထိ။
သူတို့လို လူကုံထံအသိုင်းအဝိုင်းက လူတွေက တစ်ခုခုဆို ပြောင်းရွှေ့လို့လွယ်ပေမဲ့ အခြေခံလူတန်းစားတွေကတော့ မလွယ်ကူ။
ဒီလိုတွေ ဖြစ်လာရသည့်အတွက် ဘယ်သူ့ကို သွားအပြစ်တင်ရမလဲ?
သူတို့နိုင်ငံကိုမှ လာရောက်ကျူးကျော်ချင်နေသည့် တစ်ဖက်နိုင်ငံက ရန်သူတွေကိုလား?
ဒါမှမဟုတ် လက်ချင်းယှဉ်မချပဲ ပြေးဖို့သာကြံနေသည့် သူ့အဖေလို လူတွေကိုလား?
ဘယ်ဘက်ကတွေးတွေး သေချာတာကတော့ ဒီစစ်ပွဲတွေကြောင့် လူအများ ထိခိုက်နစ်နာကြရတာပဲ။
ဂျပန်တွေက ဘာကြောင့်များ သူတို့နိုင်ငံအရေးကိုမှ ဝင်ရောက်စွက်ဖက်ချင်နေရသလဲပဲ။ ဒီအာရှတိုက်တစ်ခွင်မှာ အင်အားအကောင်းဆုံးဖြစ်လျက်နဲ့ကို ဒီလို သူများနိုင်ငံအရေးမှာ ဝင်ပါနေတာက ဘဝင်ကျစရာကိုမရှိ။
"သခင်လေး...သခင်ကြီးက အောက်ဆင်းလာခဲ့ပါတဲ့"
"ကောင်းပြီ"
အခန်းတံခါးကို ဖွင့်ပြီး သူ့ဖခင်ဆီကို တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့
"ရှောင်းကျန့်..ငါတို့ကိုရီးယားကိုသွားမယ်"
"ကိုရီးယားကလည်း လုံခြုံမနေဘူးလေ"