[Zawgyi]
ရှောင်းအိမ်တော်ရှေ့က ထွက်လာပြီးကတည်းက သူလမ်းပေါ်မှာ ဦးတည်ရာမဲ့ လျှောက်သွားနေမိသည်။ ခြေလှမ်းတွေက ဘယ်ဆီဘယ်ဝယ် ဦးတည်နေသလဲမသိပေမဲ့ အခုချိန်မှာ သူ့ရုပ်နဲ့နာမ်ဟာ ကင်းကွာလျက်ရှိတာကြောင့် ဘာကိုမှ မစဉ်းစားမတွေးတောနိုင်သေး။
ဖြစ်နိုင်ရင် ဘာကိုမှ မကြည့်တော့ပဲ သူ့ရဲ့ခံစားချက်တွေအတိုင်း ပေါက်ကွဲပစ်ချင်သည်။ အပြစ်မရှိဘဲ ဆုံးပါးသွားရတဲ့ ပါးအစား လက်စားချေပစ်ချင်သည်။
ဒါပေမဲ့...ဒါပေမဲ့ သူမလုပ်နိုင်ခဲ့ဘူး။
ခြံတံခါးရဲ့တစ်ဖက်ခြမ်းက အဲ့ဒီလူရဲ့ မျက်နှာကို တွေ့လိုက်ရတဲ့အချိန်မှာ သူ့ဒေါသတွေက ခဏတာ ပျောက်သွားခဲ့သည်။ အဲ့လူကိုတော့ ထိခိုက်နာကျင်လိုစိတ် သူ့မှာမရှိဘူး။
အကြင်သူသာ ထိခိုက်သွားခဲ့လျှင် ပိုနာကျင်ရမည့်သူက သူပဲလေ.....။
လက်နဲ့ရွယ်လိုက်မိတာကိုတောင် နောင်တရနေမိခဲ့တဲ့ သူဟာ တကယ့်ကို အချစ်ရူးဖြစ်နေပြီ။ ကိုယ့်ဖခင်တစ်ယောက်လုံး ဆုံးရှုံးရတာတောင် အဲ့လူကိုတော့ သူ့မှာစိတ်မနာရက်ဘူး။
ကောကို ဘာလို့ဒီလောက်ထိ ချစ်သွားမိလဲဆိုတာ သူကိုယ်တိုင်လည်း မသိတော့။
♡ ♡ ♡
အသက်မရှိတဲ့လူတစ်ယောက်လို ဦးတည်ရာမဲ့ လျှောက်သွားနေရင်းမှ သူ့ခြေလှမ်းများကို မိသားစုရှိရာဆီ ပြန်ဦးတည်လိုက်မိသည်။
အခုချိန်မှာ မားနဲ့ရိကျိုးလေးဘေးမှာ သူရှိနေသင့်တယ်မလား။
တရွေ့ရွေ့လျှောက်လာရင်း အိမ်ကိုပြန်ရောက်တော့ မားက ထောင့်လေးတွင် ထိုင်ငိုနေရှာသည်။ ရိကျိုးလေးကတော့ မားရဲ့ရင်ခွင်ထဲမှာ အိပ်ပျော်လျက်။
သူလည်း မားရဲ့အနားသို့ လျှောက်သွားကာ
"မားသွားနားတော့..ရိကျိုးလေးကိုပါချသိပ်လိုက် ဒီနေရာမှာ ကျွန်တော်ရှိနေလိုက်မယ်"