[Unicode]
(Warning ⚠️ ဤအပိုင်းပါ အကြောင်းအရာတချို့အား စိတ်ဓာတ်ကျနေသော ညီမလေး၊မောင်လေးများ အတုမယူသင့်ပါ)
နေနော့်ဈာပနကို သူရိန် မသွားဖြစ်ခဲ့ပါ။ သွားဖို့ အင်အားမရှိသည်မှာ ပိုမှန်မည်။ အခန်းထဲ တစ်ယောက်တည်း ပိတ်လှောင်နေရင်း မိသားစုဝင်တချို့၏ တီးတိုးစကားသံများဟာ ရင်ဝတစ်လျှောက် ဆူးချွန်များဖြင့် တရစပ် ဆောင့်ထိုးခံနေရသလိုပင်။ နေဝန်း၏ အခြေအနေမှာ မကြာခဏ မတည်မငြိမ် ဖြစ်နေသဖြင့် လက်လွှတ်သင့်ကြောင်း ရင်နာနာနဲ့ ပြောနေကြပြီ။
ဘာလို့ နေဝန်းလဲ…။ ဘာလို့ နေနော်လဲ…။ သူ့ဘဝရဲ့ အချစ်ဆုံး လူသားတွေကိုမှ ဘာလို့ သူနဲ့အဝေးကို ခေါ်သွားချင်ကြတာလဲ ကံကြမ္မာရယ်။
သူတကယ် အရွဲ့တိုက်ပစ်ချင်ပြီ။ သူတကယ် လွတ်မြောက်သွားချင်မိသည်။ ဒီလူသားတွေမရှိတဲ့ သူ့ဘဝဟာလည်း အဓိပ္ပာယ်မရှိပြီမို့။
"နောက် ၄ နှစ်ပဲစောင့်ပါ။ ငါမင်းနဲ့ အခုလို ခိုးကြောင်ခိုးဝှက် မတွေ့ရတဲ့အထိ သတ္တိရှိပေးမယ်။ မင်းရှေ့က အပြည့်အဝ ရပ်တည်ပေးမယ် …ခေါင်"
နေနော့်ကတိတွေကို ထပ်ခါတလဲလဲ ပြန်ကြားယောင်လာသည်။
"ကိုကိုက ကျွန်တော့်ရဲ့ VVIPလေ။ အဲ့တော့ ကျွန်တော် အသက်ကြီးတဲ့အထိ ကိုကို့အိမ်မှာပဲ ကပ်နေမှာ။ ဒါကြောင့်မို့ ကိုကိုက ပိုကြိုးစားရမယ်"
နေဝန်းရဲ့ မျက်နှာသေဖြင့် ချွဲတဲ့အသံကလည်း မပီမပြင် ပဲ့တင်လျက်။
လိမ်ရက်တယ်။ မင်းတို့အားလုံး လိမ်ရက်တယ်။ ဘာလို့ ငါ့ဘေးနားက ထွက်သွားကြတာလဲ။ ဘာလို့များ ငါ့ကို စိတ်ချလက်ချ ထားခဲ့နိုင်ရတာလဲ။ အနာဂတ်မှာ မင်းတို့မရှိပါပဲ ငါဘယ်လို ရှေ့ဆက်လျှောက်ရမှာလဲ။ မဖြစ်ရဘူးနော် ၊ ငါအရမ်း အထီးကျန်တယ်။ ရူးမတတ် အထီးကျန်တယ်။
သူရိန် ဖေဖေ့ကို လိုက်ရှာမိသည်။ ဒီအချိန်မှာ သူ အားကိုးလို့ရတဲ့သူက ဖေဖေသာ ရှိတော့သည်။ နေဝန်းကို ဖေဖေကယ်မှ ဖြစ်တော့မည်။ ဖေဖေ့အရုပ်အဖြစ်မှ နေဝန်း လွတ်မြောက်ဖို့ သူကိုယ်တိုင် ဝါသနာမပါသည့် စစ်ဗိုလ်ဖြစ်စေရပါမည်ဟုပင် အာမခံပေးခဲ့ပြီးပြီ မဟုတ်လား။ ဒီတစ်ခါလည်း ဖေဖေတောင်းတဲ့ကတိတစ်ခု ပေးရင် နေဝန်းကို ဖေဖေ ကယ်ပေးလောက်မှာပါ။
YOU ARE READING
သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- Completed
Romance"ဆင်းရဲသည်ဖြစ်စေ....။ချမ်းသာသည်ဖြစ်စေ...။အမြင့်မှာပဲရှိရှိ...။အနိမ့်ကိုပဲကျကျ...။ အဲ့ဒီလူဟာ မင်းဖြစ်နေရင် လက်မလွှတ်ဘဲ အတူရင်ဆိုင်မှာပါ"