[ Unicode]
"ကြယ်ကြယ် ငါတို့စကားခဏပြောရအောင်"
ညစာစားပြီးပြီးချင်း မီမီက သူ့ကို ခရေပင်အောက်သို့ ခေါ်လာသည်။
"ကြယ်ကြယ် ငါတို့… လက်ရှိအလုပ်ကို အနားယူကြမလား"
"ဘာလို့လဲ မီမီ။ နင်မလုပ်ချင်တော့ဘူးလား။ နင်ပြောတော့ ကားပေါ်ရောက်နေရုံနဲ့ ပျော်ပြီး ဘယ်ကိုသွားမလဲ ဆုံးဖြတ်ရတာ ပျော်စရာကောင်းတယ်ဆို"
"ဒါပေမယ့် အန္တရာယ်ရှိတယ်လေ"
"……"
"ရှမ်းပြည်နယ်ခရီးစဉ်တွေမှာ တစ်ဖက်က တောင်ကမ်းပါးယံ တစ်ဖက်က ချောက်အနက်ကြီးတွေ။ ပြီးတော့ လူအယောက်၃၀ကျော်ရဲ့အသက်က ငါ့ပခုံးပေါ်မှာလေ။ ငါက စတီယာရင်ကိုင်ထားရတာတောင် ပျော်နေပေမယ့် ငါတို့ချစ်တဲ့သူတွေက ခရီးတစ်ကြောင်းထွက်တိုင်း ပူပန်မှုအပြည့်နဲ့ကျန်ခဲ့ရတာ။ သူတို့အတွက်လည်း ထည့်စဉ်းစားရမယ်လေ"
သူ့မှာရွေးချယ်စရာ မရှိတော့ပေ။ ဒီအလုပ်ကိုရွေးချယ်ခဲ့တာ နေဝန်းရံခကိုရှာဖွေချင်သည့် သူ့အတ္တတွေကြောင့်သာဖြစ်သည်။ မီမီသဘောကျသည့်အလုပ်မဟုတ်ခဲ့။ အမှတ်တွေများနေလျက် သူနှင့်အတူ ရိုးရိုးမေဂျာပဲ ယူခဲ့သည့် မီမီ။ နင့်ဝါသနာကငါ့ဝါသနာပဲဆိုပြီး ငယ်ရွယ်မှုတွေကို ကားပေါ်မှာပဲ ကုန်ဆုံးစေခဲ့သည့်မီမီ။ သူ့အတွက် မီမီက အရာအားလုံးကို နှစ်ကြိမ်မစဉ်းစားဘဲနှင့် စွန့်လွှတ်ခဲ့ပြီး သူမအတွက် ကြယ်ရောင်လုပ်ပေးရသည်မှာ များများစားစားမရှိခဲ့။
"နင်က ဘာလုပ်မယ်တွေးထားလဲမီမီ"
"ပါပါးရဲ့ခေါက်ဆွဲဆိုင်ကို update လုပ်မယ်။ မမကြီးဆီက ဟင်းချက်နည်းတွေလေ့လာမယ်။ ပါပါးဆီက အမွေလွှဲယူမယ်ပေါ့ကားမောင်းတာကလွဲ တခြားလုပ်တတ်ခဲ့တာလည်း မရှိဘူးလေ"
"အင်း"
"နင်ရော ဘာလုပ်ချင်တာရှိလဲ။ နင်အရင်က ဖေကြီးဖိနပ်ဆိုင်ကို လိုချင်တယ်လို့ ပြောဖူးတယ်မလား"
ကြယ်ရောင့်မျက်တောင်တွေ စိုစွတ်လာသည်။ အသက်၅နှစ်အရွယ် မီမီ့နောက်တကောက်ကောက် လိုက်သည့်အချိန်ကတည်းက လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်လောက်အထိ သူနဲ့မီမီဟာ တစ်ချိန်မှာ တသီးတခြားဖြစ်သွားလိမ့်မယ်လို့ မတွေးမိခဲ့။ တစ်ခါမှ မခံစားဖူးသည့် နာကျင်မှုမျိုးက ရင်ဘက်တစ်ခုလုံး ပြည့်လျှံကာ တင်းကြပ်နေသည်။
YOU ARE READING
သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- Completed
Romance"ဆင်းရဲသည်ဖြစ်စေ....။ချမ်းသာသည်ဖြစ်စေ...။အမြင့်မှာပဲရှိရှိ...။အနိမ့်ကိုပဲကျကျ...။ အဲ့ဒီလူဟာ မင်းဖြစ်နေရင် လက်မလွှတ်ဘဲ အတူရင်ဆိုင်မှာပါ"