[Unicode]
"ဘာလဲ…ဒီပုံကြီးလား"
"အေးလေ ဘာဖြစ်လို့လဲ"
တီရှပ်အဖြူနှင့် ကာတွန်းဘောင်းဘီရှည် ဝတ်ထားတဲ့ မီမီ့ကို ကြည့်ကာ ကြယ်ရောင်က သက်ပြင်းရှည်ကြီးချသည်။
"ကျောင်းကကောင်တွေ နင့်ကိုဘာလို့ကြိုက်လဲ မသိတော့ဘူး ။ တရုတ်မရေ…နင်ကတော့ ပုံဆိုးပန်းဆိုးပဲ။ ဖိနပ်ကိုလည်းကြည့်ဦး"
ဖနောင့်နေရာက ပါးပြီးခွက်ဝင်နေသော ကျန်းမာရေးဖိနပ်ကို စီးထားတဲ့မီမီက ဘာမှမထူးဆန်းသလိုကြည့်သည်။
"လူရုပ်သူရုပ်မထွက်လိုက်တာ မီမီရာ"
"ဟဲ့ … လူတေကြားထဲ တိုးကြိတ်ကြည့်ရမှာ ဒီဖိနပ်နဲ့မှ အဆင်ပြေမှာပေါ့။ဪ…နင်က စမတ်ကျတဲ့သူကို ကြိုက်တော့ ငါ့ကိုအပြစ်ပြောတယ်ပေါ့ "
မီမီက ကြယ်ရောင့်ပခုံးကိုဖက်ပြီး တစ်ဖက်ကိုမေးငေါ့ပြသည်။ အနက်ရောင် တီရှပ်ပေါ်မှာ အဖြူနဲ့မီးခိုးရောင် ကွက်ကျဲ ရှပ်လေး ထပ်ဝတ်ထားသည်။ မီးခိုးရောင်ဂျင်းပင်န်လေးအောက်က မြင်နေရတဲ့ ခြေခုံဖွေးဖွေးတွေကလည်း ခန့်ညားနေလျက်။ဆံပင်ကို ဂျယ်လ်နဲ့သပ်သပ်ရပ်ရပ်ဖြီးသင်ထားပြီး မျက်မှန်နောက်က မျက်ဝန်းညိုညိုတွေက စူးရှတောက်ပနေသည်။
"ငါ့အကြိုက်က ပြည့်စုံလိုက်တာ"
"တော်စမ်းပါ ကြယ်ကြယ်အစုတ်အပဲ့ရဲ့"
ကိုယ့်ကိုရိုက်နှက်နေတဲ့ မီမီ့ကို သူကလှမ်းရယ်ပြသည်။ ကိုယ့်ကိုကျော်ပြီး မီမီ့ကိုပြုံးပြတဲ့ သူ့ကို အမြင်ကပ်ပုဒ်မနဲ့ ခပ်ချဉ်ချဉ် ကြည့်ပစ်လိုက်သည်။
"မင်းမှာ အနက်ရောင်တွေပဲရှိတာလား။အမြဲ မှောင်မိုက်နေတော့တာပဲ။"
"ငါအရမ်းကြည့်ရဆိုးလို့လား "
"အေး"
မီမီက ကြယ်ရောင့်ကိုမျက်စောင်းထိုးပြီး လှမ်းရိုက်သည်။၃ယောက်သား ဗိုလ်မှူးဖိုးကွန်းလမ်းဘက် စက်ဘီးဖြင့်ထွက်ခဲ့ကြသည်။ နံနက် ၉နာရီခွဲရှိပြီမို့ ခပ်ဝေးဝေးက ဆင်တွေ၊မြင်းတွေကိုလှမ်းမြင်နေရသည်။ရှေ့က ကဲကဲရဲရဲ အတင်းတိုးဝှေ့ကြည့်နေတဲ့ မီမီ့ကိုလည်း ကြယ်ရောင်နဲ့နေဝန်းက ကာထားရသေးသည်။လူရှုပ်ရှုပ်မို့ မိန်းကလေးကို စိုးရိမ်ရသည်။ ခရုသင်းသံကြားရသည်နှင့် တပြိုင်နက် နေဝန်းမျက်လုံးလေးတွေ အရောင်တောက်လာသည်။
YOU ARE READING
သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- Completed
Romance"ဆင်းရဲသည်ဖြစ်စေ....။ချမ်းသာသည်ဖြစ်စေ...။အမြင့်မှာပဲရှိရှိ...။အနိမ့်ကိုပဲကျကျ...။ အဲ့ဒီလူဟာ မင်းဖြစ်နေရင် လက်မလွှတ်ဘဲ အတူရင်ဆိုင်မှာပါ"