You Are My Magical Dream [Unicode]

2.2K 34 12
                                    

[You Are My Magical Dream by Diana]

1)

မောင်နဲ့စတွေ့တဲ့နေ့က မိုးတွေရွာနေခဲ့တယ်။ မောင်ကကော်ဖီရောင်းတဲ့ ကောင်လေးတစ်ယောက်ပေါ့။

ကိုယ်ဟာ Coffee တွေ၊ Tea တွေထက် gas ပါတဲ့အအေးတွေ၊ energy drink တွေကို ပိုပြီးသဘောကျတတ်တဲ့ လူမျိုးဖြစ်တယ်။ Coffee ဆို Ice Coffee, Cappuccino, Espresso နဲ့ Latte လောက်ပဲ သိတဲ့လူစားမျိုး။ Tea မှာတော့ Milk Tea ကလွဲရင်ကျန်တာမသိပါဘူး။ ဒါတွေကိုတောင် ကိုယ်ဖတ်ဖူးတဲ့၊ အရမ်းသဘောကျရတဲ့ ကဗျာစာအုပ်လေး တစ်အုပ်ကြောင့် ကိုယ်သိတာပဲ။ ကိုယ်ကအဲ့ဘက်ပိုင်းမှာ အဲ့လိုစိတ်၀င်စားမှု အားနည်းတယ်။ ဒါပေမယ့် မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့အချိန်မှာတော့ ကော်ဖီတစ်ခွက် ရှေ့ချလို့ ကဗျာ ဒါမှမဟုတ် ၀တ္ထုစာအုပ်လေးတစ်အုပ် ထိုင်ဖတ်ရတဲ့ feeling မျိုးကိုသဘောကျတယ်။ အဲ့နေ့က မိုးတွေ ရွာနေခဲ့တယ်။ ကိုယ့်ကျောပိုးအိတ်ထဲမှာလည်း ကိုယ်သဘောကျရတဲ့ ကဗျာစာအုပ်လေးပါလာခဲ့တယ်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ကျယ်၀န်းပြီး လူတွေများနေတာ မဟုတ်ဘဲ နွေးနွေးထွေးထွေးနဲ့ သက်သောင့်သက်သာ အနေအထားရှိတဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်ကို တွေ့ခဲ့တယ်။ ဒါကြောင့် ကိုယ်အဲ့နေ့က အဲ့ကော်ဖီဆိုင်လေးထဲ ၀င်ထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ဆိုင်အတွင်းထဲ ရောက်သွားတဲ့အခါမှာလည်း ကိုယ်ထင်သလိုပါပဲ။ စားပွဲကိုးလုံးလောက်ပဲ ရှိတဲ့ ဆိုင်လေးဟာ လူတွေလည်း ရှုပ်ရှက်ခပ်မနေဘဲ သက်သောင့်သက်သာ ခံစားချက်ကိုပေးတယ်။ လူတွေက ဆိုင်တစ်ဆိုင်ရွေးချယ်ရာမှာ နာမည်ကြီးလူရှုပ်ရှုပ်ဆိုင်တွေက အရသာပိုကောင်းတယ်ဆိုပြီး အဲ့လိုဆိုင်တွေပဲ ရွေးချယ်သွားတတ်ကြသလို ဆိုင်ပိုင်ရှင်တွေကလည်း ပိုရောင်းရအောင် ဆိုင်ကိုအမျိုးမျိုးပြင်ဆင်၊ အကျယ်ကြီးတွေ ဖွင့်လေ့ရှိကြတယ်။ ဒါပေမယ့် ကိုယ်ကတော့ အဲ့လိုဆိုင်ကြီးတွေအစား ဒီလိုမျိုးဆိုင်လေးတွေကို ပိုသဘောကျတယ်။

ဒီဆိုင်လေးက အတော်ရိုးရှင်းတယ်။ စားပွဲခုံလေးတွေက ပုတယ်။ နောက်ပြီးတော့ ကျောမှီပါတဲ့ ဆိုဖာထိုင်ခုံလေးတွေနဲ့။ နံရံဖောက် ဘီရိုလေးတွေ လုပ်ထားပြီး စာအုပ်လေးတွေ အစီအရီ ထည့်ပေးထားသေးတယ်။ စာအုပ်စင်ကို နံရံမှာ မကပ်ဘဲ နံရံကိုဖောက်လို့ အကန့်လေးတွေ လုပ်ထားတာ။ နံရံအပြည့်တော့ မဟုတ်ဘူး။ နံရံတစ်ဖက်မှာ သုံးကန့်။ စတုရန်းပုံတစ်ကန့် ပြီးရင် စားပွဲတစ်လုံးနဲ့ ထိုင်ခုံတစ်ခုံ ချပေးထားတယ်။ နံရံနှစ်ဖက် ကပ်ရပ်မှာရှိတဲ့ စားပွဲခြောက်လုံးကတော့ စာအုပ်စင်က စာအုပ်လာယူမယ့် လူတွေအဖို့ရာ မျက်နှာချင်းဆိုင် ထိုင်လို့ မရပါဘူး။ မျက်နှာချင်းဆိုင်ထိုင်မယ်ဆို အလယ်တန်းက သုံးဝိုင်းကို ရွေးသင့်တယ်။

Short Stories by DianaWhere stories live. Discover now