Black & White (Unicode)

180 9 2
                                    

[Black & White by Diana]

သူ့အတွက်တော့ ဒီနေ့ရာသီဥတုက မကောင်းဘူးလို့ ပြောလို့ရတယ် ။ တစ်နေကုန် မိုးက ရွာနေခဲ့ပြီး ကောင်းကင်ကြီးက မှောင်မည်းလို့ လေကတဟူးဟူးတိုက်နေတယ် ။ အိပ်ယာထဲက ထွက်လာပြီး ရေခဲသေတ္တာကို ဖွင့်လိုက်တော့ ဗလာရှင်းနေတာကလွဲ ပေါင်မုန့်တစ်လုံးတောင် ရှိမနေဘူး ။ နာရီကို လှမ်းကြည့်လိုက်တော့ ညရှစ်နာရီ ။ သူမှုန်မှိုင်းနေတဲ့ မျက်လုံးတွေကို အောက်စိုက်ချလို့ အမည်းရောင် hoodie တစ်ထည် ကောက်စွတ်ပြီး convenience store ဆီ ထွက်လိုက်လာခဲ့တယ် ။

သူတို့ တိုက်ခန်းတွဲတွေရဲ့ဝန်းကျင်က သူ့အခန်းလိုပဲ မှောင်မိုက်မိုက် ၊ မည်းမှောင်နေတဲ့ ကတ္တရာလမ်းတွေက စိုထိုင်းထိုင်း ခံစားချက်ကို ပေးတယ် ။ ကောင်းကင်မှာလည်း ကြယ်တစ်လုံးမှ မရှိ ။ ၎င်းအောက်က ဖြတ်လျှောက်သွားတဲ့ ကောင်လေးလိုပဲ မှောင်မိုက်နေလေရဲ့ ။

convenience store က သူတို့တိုက်ရဲ့ နှစ်တိုက်ကျော်က တိုက် ၊ မြေညီထပ်မှာ ရှိတယ် ။ မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်နဲ့ မတူစွာ ဆိုင်ထဲမှာတော့ ခပ်လင်းလင်း ။ သူကတော့ ဟိုဟိုဒီဒီမကြည့်ဘဲ ခြင်းတစ်ခုဆွဲပြီး ခေါက်ဆွဲဘူးတန်းကို တန်းသွားလို့ ငါးဘူးလောက် ဆွဲချယူလိုက်တယ် ။ နောက် ကော်ဖီဘူးတစ်ချို့ ။ သူ့ sneakers ဖိနပ်တွေက ရေတစ်ချို့က ဖြူရှင်းတောက်ပနေတဲ့ ဆိုင်ရဲ့ကြမ်းခင်းကြွေပြားကို စိုစွတ်သွားစေတယ် ။ အဲလိုပဲ ထိုင်းမှိုင်းမှုဆိုတာ ကူးစက်လွယ်တယ် ။

ငြီးငွေ့စွာပဲ ငွေရှင်းကောင်တာဆီ လမ်းလျှောက်သွားပြီး ခြင်းတောင်းကို ကောင်တာစားပွဲပေါ်တင်လိုက်တယ် ။

"ရှင်းတော့မှာလား?"
ဖြူသွယ်သွယ်လက်တစ်ဖက်က ခေါက်ဆွဲဘူးတစ်ဘူးကို ဆွဲယူရင်းက မေးတယ် ။

သူ မျက်မှောင်ကြုတ်လိုက်မိတယ် ။ ရှင်းတော့မှာမှန်းသိလို့ ခေါက်ဆွဲဘူးကိုတောင် လှမ်းယူပြီးနေပြီပဲကို ဘာလို့အပိုစကားတွေ မေးနေတာလဲ ။ သူတကယ်ကို အပိုတွေ ပြောရတာ မကြိုက်ဘူး ။ ဒါပေမယ့် ရှေ့က လူကလည်း သူသာပြန်မဖြေရင် တစ်သက်လုံးမတ်တပ်ရပ်စောင့်နေတော့မယ့်ပုံမို့လို့ သူခေါင်းငြိမ့်ပြလိုက်တယ် ။

Short Stories by DianaWhere stories live. Discover now