Untitled

78 6 6
                                    

စတင်ခြင်း

တစ်ယောက်ယောက်ကိုချစ်ရတာသိပ်ခက်ခဲတာပဲ
ရှင် မပြောဘဲ ရှင့်ရဲ့နှစ်လိုမှုတွေကိုသိဖို့
ကဖေးထဲ သကြားဘယ်နှစ်ဇွန်းထည့်သလဲသိဖို့
မလိုလားတော့ရင် တိတ်ဆိတ်လိုက်တတ်ဖို့
လိုအပ်မယ်ထင်တာတွေ ခရီးဆောင်အိတ်ထဲပစ်ထည့်ပြီး ရှင့်နောက်ပြေးလိုက်လည်း ရှင်ဟာအမြဲ ကျွန်မနားမလည်တဲ့ သီအိုရီတွေထဲမှာ ကျွန်မလိုက်မမှီနိုင်တဲ့ ကမ္ဘာအစွန်းမှာ
ရှင့်နှုတ်ခမ်းဖျားမှာ ​နေကြာပန်းတွေ ဘယ်သူပန်ဆင်ပေးလိုက်သလဲ
ကျွန်မ မဟုတ်တာတော့ သေချာ
ကျွန်မ မတတ်နိုင်တဲ့အလုပ်ဖြစ်နေတာတော့ သေချာ
ရှင့်ဆီမှာ အမြဲ ရှုံးခဲ့ရပြီး ရှင်ချစ်ရတဲ့သူဆီမှာလည်း
ကျွန်မက အမြဲရှုံးနိမ့်နေခဲ့တာ

၁ )

ရှင့်ကို ကျွန်မ စတွေ့တုန်းက ကျွန်မ အသက်ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ် ။
ရှင်က ကာကီရောင်ကုတ်အရှည်ကြီးကို ဝတ်ပြီး စိန်ပန်းပင်အောက်မှာ မတ်တပ်ရပ်ရင်း ထိပ်ဆုံးအကိုင်းအခတ်ကို ကြည့်နေခဲ့တာ ။
အဲတည်းက စတင်ခဲ့တာပဲ ။
ဒီကိုကိုကို လိုချင်လိုက်တာလို့ ကျွန်မစပြီးတွေးမိခဲ့တာ ။
ရှင်က အမြင့်ဆုံးကိုမှ လိုချင်တဲ့သူမျိုးဆိုတာ အဲကတည်းက ကျွန်မသိခဲ့သင့်တာ ။
ကျွန်မကတော့ ဘယ်လောက်ကြိုးစားကြိုးစား ရှင့်ဆရာရဲ့သမီး ၊ ရှင့်ငယ်ဘဝက ညီမလေးအပြင် မပိုနိုင်ခဲ့ဘူးမလား ။
မညာပါနဲ့ ၊
ရှင့်မျက်လုံးတွေထဲမှာ ကျွန်မမြင်နေရတယ် ။

၂)

မြန်မာမှုကို မြတ်နိုးတဲ့ဖေဖေက အထူးတလည် ရှင့်ကိုတော့နှစ်သက်ပုံပေါ်တယ် ။
ကျွန်မအသက်နှစ်ဆယ့်လေးနှစ်မှာ ရှင်ကသုံးဆယ့်နှစ်နှစ်အရွယ် ။
အရင်ထဲက ရင့်ကျက်ပုံပေါ်တဲ့ရှင်က အခုတော့ ပိုပြီးတောင် တည်ငြိမ်လာသလိုပဲ ။
ချစ်တယ်လို့ မျက်တောင်မခတ်ဘဲ ရှင်လိမ်နေတာ ကျွန်မသိတယ် ။
တကယ်သာ ချစ်တယ်ဆို ရှင်နိုင်ငံခြားမှာရှိနေခဲ့တဲ့ဒီနှစ်တွေအတွင်း ချောကလက်တစ်ဘူးအပြင် ကျွန်မကို ဘာလို့ မဆက်သွယ်ခဲ့သလဲ ။
ကိုယ့်ကို မချစ်တဲ့ယောကျာ်းတစ်ယောက်ကို လက်ထပ်တာ နည်းနည်းမှားနေသလိုပဲလို့ ကျွန်မခံစားရတယ် ။
တစ်ခြားသူတစ်​ယောက်ကိုပါ ချစ်နေတဲ့ယောကျာ်းတစ်ယောက်ကို လက်ထပ်တာဆိုရင်ရော ။
ဒါပေမဲ့ မျက်လုံးထိ မထင်တဲ့အပြုံးရိပ်တွေနဲ့ ကျွန်မရှေ့မှာ ဒူးတစ်ဖက်ထောက် လက်ထပ်ခွင့်တောင်းနေတဲ့ ရှင့်ဆီ ဘယ်ဘက်လက်ကို ဖြန့်ပေးပြီး ကျွန်မ လက်စွပ်ကို လက်ခံချင်ခဲ့တယ် ။

Short Stories by DianaWhere stories live. Discover now