God's Blessing [Unicode]

109 15 4
                                    

[God's Blessing by Diana]

( ၁ )

"မမကနာတာပျောက်ရင်ဆေးလိမ်းဖို့ကိုအမြဲမေ့ပစ်တာပဲ။ အမာရွတ်တွေကျန်ခဲ့လိမ့်မယ်။"
ကျွန်မဘေးနားက ကောင်လေးက လက်ကဓားရှရာကို ဆေးထည့်ပေးရင် ပွစိပွစိပြောတယ်။ဒီစကားတွေကို ကျွန်မ အခါတစ်ရာထက် မနည်း ကြားခဲ့ဖူးမယ် ထင်တယ်။ "ဘာလဲ ငါကအမာရွတ်တွေနဲ့ဆို နင်ကမချစ်တော့ဘူးလား"လို့ မေးရင် နားရွက်ဖျားလေးတွေ ရဲလာပြီး "မချစ်စရာလားဗျ"လို့ ရှက်ရဲရဲဖြေဦးမယ်။

လွန်ခဲ့တဲ့ ခုနှစ်နှစ်၊ရှစ်နှစ်လောက်က ကျောင်းကအဖွဲ့နဲ့ ခရီးထွက်ဖြစ်ခဲ့တယ်။ အဲ့တုန်းက ကျွန်မတက္ကသိုလ်ပထမနှစ်ပေါ့။ လူတွေနဲ့ ဆက်ဆံရမှာ မကြိုက်ပေမယ့် အခုလောက်တော့ ဆိုးဆိုးရွားရွား မဟုတ်လောက်သေးဘူး ထင်တယ်။ ဆယ်ရက်ခရီး ပထမရက်မှာ ဆရာမတွေရဲ့ ဦးဆောင်မှုနဲ့ ဘုရားကျောင်းနဲ့ တွဲထားတဲ့ မိဘမဲ့ဂေဟာတစ်ခုဆီ သွားလှူဖြစ်ကြတယ်။ အဖွဲ့နဲ့ရောရော၊ရောရောနေရတာ မကြိုက်တဲ့ကျွန်မက လျှောက်သွားတာပဲ။ မထင်မှတ်ဘဲ ဘုရားကျောင်း အနောက်ဘက်မှာ အဝတ်ထိုင်လျှော်နေတဲ့ ကျောပြင်သေးသေးလေးကို တွေ့ခဲ့တယ်။
အပြင်ဘက်မှာ မုန့်တွေ၊ပစ္စည်းတွေ ဝေနေကြတာကို အဲ့ကောင်လေးကတော့ ကြိုးစားပမ်းစား အိပ်ယာခင်းကြီးကို ထိုင်လျှော်နေတယ်။

ကျွန်မက သူ့နားနားကိုကပ်ပြီး "အပြင်မှာဘာလို့မုန့်ထွက်မယူတာလဲ"လို့ပြုံးပြီးမေးခဲ့တယ်လို့ သူကတော့ပြောတာပဲ။ သေချာပြန်စဥ်းစားကြည့်တော့မှ မှတ်မိလာတယ်။ သူကြားတာ ကျွန်မဒုတိယအကြိမ် ထိုင်မေးတာမှာမှ။
မတ်တပ်ရပ်ကြီး ကျွန်မသူ့ကို တစ်ခါမေးခဲ့သေးတယ်။ သူက "ထွက်လို့မရဘူး ဒါကိုပြီးအောင်လျှော်ရမှာ"ဆိုပြီး ဇလုံထဲက ဆပ်ပြာရည် စိမ်ထားတဲ့ အဝတ်တွေကို လက်ညှိုးလှမ်းထိုးပြတယ်။ အိပ်ယာခင်းတွေ၊ ခေါင်းအုံးဖုံးတွေ အနည်းဆုံး ဆယ်ထည်လောက်ရှိမယ် ထင်တယ်။

ကျွန်မလည်း ရှည်ရှည်ဝေးဝေး တွေးမနေတော့ဘူး။ အနိုင်ကျင့်ခံနေရတယ်ဆိုရင်တောင် ဆယ်ရက်လောက် အလည်လာတဲ့ ကျွန်မက သူ့ကို ဘာမှ ကာကွယ်ပေးနိုင်မှာလည်း မဟုတ်၊မွေးစားရအောင်ကလည်း ကိုယ့်ဘာသာတောင် အနိုင်နိုင်မုန့်ဖိုးရှာနေရတာ။ ထမင်းတောင် မိဘကတင်ကျွေးထားတာမို့။ အဲ့တော့ တတ်နိုင်တာက ဝတ်ထားတဲ့အင်္ကျီလက်ရှည်ကို တံတောင်ထိ ဆွဲတင်ပြီး ဝင်ကူလျှော်ပေးဖို့ပဲရှိတယ်။ အဲ့ဒါနဲ့ ကျွန်မလည်း ဖြူဖက်ဖြူလျော်ကောင်လေးကို စေတနာပလပွနဲ့ အတင်းတွေဝင်ကူရှုပ်တော့တာပဲ။

Short Stories by DianaWhere stories live. Discover now