The Red String of Fate [Zawgyi]

78 6 0
                                    

{The Red String of Fate by Diana}

( ၁ )

တဖြောက်ဖြောက်ရွာနေတဲ့ မိုးရေစက်တွေက ကော်ဖီဆိုင်လေးရဲ့နာမည်ဆိုင်းဘုတ်ပေါ် တစ်စက်ချင်းကျဆင်းနေတယ်။ နေကလည်းပေါ်မလို၊ပျောက်မလိုနဲ့ တိမ်ထူထူတွေကြားက ခေါင်းပြူထွက်တယ်။ ရာသီဥတုက သာယာနေတယ်လို့ ဆိုလို့ရတယ်။ လေအေးပေးစက်နဲ့ကော်ဖီဆိုင်လေး အတွင်းမှာတော့အေးစိမ့်စိမ့်။ မနက်စောစောမို့ လူရှင်းနေတဲ့ကော်ဖီဆိုင်လေးက သိပ်တော့မကြီးလှဘူး။ စိတ်နွေးထွေးမှုကို ခံစားလို့ရနိုင်လောက်မယ့် အနေအထားမျိုး။

ဆိုင်အဝင်ဝမှာ နွယ်ပင်တစ်ချို့နဲ့ အလှဆင်ထားတယ်။ သစ်သားအနားကွပ်ထားတဲ့ မှန်တံခါးလေးရဲ့ အလယ်နားလောက်မှာတော့ Ouvrir/Fermer *(open/close)* လို့အရှေ့၊အနောက်ကျောချင်းကပ် ရေးထိုးထားတဲ့ သစ်သားဆိုင်းဘုတ်အသေးလေးရှိတယ်။ တံခါးရဲ့အပေါ်မှာတော့ လျှာထိုးအမိုးခပ်သေးသေး။ အမိုးရဲ့ဘယ်ဘက်ထောင့်နားလေးမှာ သစ်သားထူထူရှည်ရှည်တစ်ချောင်းရှိတယ်။ အဲ့သစ်သားချောင်းလေးကနေ ဆိုင်နာမည်ရေးထိုးထားတဲ့ သစ်သားပြားလေးဟာ ဘေးတစ်စောင်းအနေနဲ့ တွဲလဲကျနေတယ်။ ဆိုင်လေးကို သစ်သားအတော်များများနဲ့ အလှဆင်ထားတယ်။

ဆိုင်လေးရဲ့နာမည်ကို ပြင်သစ်လိုရေးထိုးထားတယ်။ "Café Du Bonheur" တဲ့။ အဓိပ်ပါယျက ပျော်ရွှင်ခြင်းကဖေး။ ဆိုင်ထဲကကောင်တာမှာ ထိုင်နေတဲ့ကောင်လေးကတော့ မျက်မှန်တပ်ပြီး စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေတယ်။

ရုတ်တရက် ခရီးဆောင်အိတ် အညိုရောင်ကြီးကို မနိုင်မနင်းမလာတဲ့ ကောင်လေးတစ်ယောက် ဆိုင်တံခါးကိုတွန်းဝင်လာတယ်။ ကောင်တာမှာထိုင်ပြီး စာအုပ်ဖတ်နေတဲ့ကောင်လေးကို မြင်တော့ အသံမထွက်ဘဲ သွားစွယ်ဖြူဖြူလေးတွေ ပေါ်တဲ့အထိရယ်တယ်။ သူ့ရည်မှန်းချက်ဆီ ရောက်သွားတဲ့ပုံစံမျိုးနဲ့။

ဆိုင်တံခါးရဲ့ညာဘက်ထောင့်နားမှာရှိတဲ့ ခေါင်းလောင်းလေးက တံခါးဖွင့်လိုက်တာနဲ့အတူ တချွင်ချွင်မြည်လာတယ်။ ခေါင်းလောင်းသံကိုကြားတော့ စာအုပ်ဖတ်နေတဲ့ ကောင်လေးက လက်ထဲကစာအုပ်ကိုချ၊ မျက်မှန်ကိုချွတ်လို့ လှမ်းနှုတ်ဆက်တယ်။

Short Stories by DianaWhere stories live. Discover now