Reason [Unicode]

89 13 3
                                    

[Reason by Diana]

မောင်က အရင်လို မဟုတ်တော့ဘူး။ မောင့်နှုတ်ခမ်းထောင့်စွန်းမှာ နှုတ်ခမ်းနီတွေ စွန်းပေလာတတ်ပြီး မောင့် ရှပ်အင်္ကျီကော်လာမှာလည်း မိန်းမရေမွှေးနံ့တွေနဲ့။ ဘာလို့လဲ၊ မောင်က ဘာလို့ ပြောင်းလဲ သွားရတာလဲ။ ငါလည်း ငါပေးနိုင်သမျှ မောင့်ကိုအကုန်ပေးခဲ့တာပဲလေ။ ဘယ်တုန်းကများ မောင်ငြိုငြင်အောင် လုပ်ခဲ့ဖူးလဲ၊ မောင့်မျက်နှာတစ်ချက် ပျက်စေခဲ့သလဲ။ ငါနေမကောင်းတောင် မောင့်ကိုအပြင်စာ စားဖို့မတောင်းဆိုခဲ့သလို၊ မိုးရွာထဲလည်း မောင်စားချင်တာ ထွက်ဝယ်ပေးဖို့ မငြင်းဆိုခဲ့ဖူးဘူး။

စိတ်ဆန္ဒအရရော မောင်မကျေနပ်ရအောင် ငါ့ဘက်က ဘာတွေ ပျက်ကွက်တာ ရှိခဲ့လို့လဲ။ အိပ်ချိန်လေးနာရီလောက်ပဲ ရတဲ့အထိ အလုပ်တွေပိနေတဲ့ နေ့တွေမှာတောင် မောင်လိုချင်တယ်ဆို ငါငြင်းဆန်ခဲ့တာ ဘယ်တုန်းကမှ မရှိဘူး။ ငါလိုအပ်တဲ့အချိန်တွေမှာလည်း မောင်ပင်ပန်းနေတယ်ဆို ငါဘယ်တော့မှ ပိုတောင်းမဆိုခဲ့ဖူးဘူး။ မောင့်ကို ပင်ပန်းအောင်ရော၊ မာနကျရအောင်ရော ငါဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။

မောင်က ယောကျာ်းလေးတစ်ယောက်ပေမို့? အဲ့လိုအကြောင်းပြချက်မျိုး ငါလက်ခံမှာ မဟုတ်ဘူး။ ငါလည်း ယောကျာ်းလေးတစ်ယောက်ပဲလေ။ ငါ မောင်မဟုတ်ရင် အလုပ်ကိစ္စကလွဲ ဘယ်ယောကျာ်း၊မိန်းမကိုမှ သုံးစက္ကန့်ထက်ပိုမကြည့်ခဲ့ဖူးဘူး။ မောင်ကလွဲ ဘယ်သူ့ကိုမှလည်း သွေးသားဆန္ဒ ဖြစ်ပေါ်မလာခဲ့ဖူးဘူး။ မောင်က ဘာလို့လဲ။ ဘာလို့လဲ ပြောင်းလဲသွားရတာလဲ?

ငါငြင်းတာတောင် ငါ့ဘဝထဲ အတင်းတိုးဝင်လာတာလည်း မောင်ပဲ။ နှစ်ယောက်လုံး ယောကျာ်းလေးမှန်း သိရက်နဲ့ အတင်းရှေ့ဆက်တိုးချင်တာလည်း မောင်ပဲ။ ငါပြန်မချစ်လို့ဆိုပြီး ငါ့ကားရှေ့ပိတ်ရပ်ပြီး ရူးမိုက်မိုက်တွေလုပ်လို့ ဆေးရုံရောက်တာလည်း မောင်ပဲ။ ချစ်တယ်လို့ မရပ်မနား တဖွဖွပြောတာလည်း မောင်ပဲ။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ငါကြိုက်တတ်သမျှ ရှာဖွေဝယ်လာပြီး လက်ဆောင်တွေပေးတာလည်း မောင်ပဲ။ သူ့ထီးကို ငါ့ဆီပေးပြီး မိုးရေထဲ ပြေးထွက်သွားလို့ ဖျားတာလည်း မောင်ပဲ။

Short Stories by DianaWhere stories live. Discover now