Ballerina

120 6 0
                                    

စာတမ်းရေးဖို့ လေ့လာစရာအတွက် ဇာတိမြေက ၊ တောင်ပေါ်မြို့လေးတစ်မြို့ရဲ့ အလယ်တန်းကျောင်းလေးဆီ သူ ဆရာအဖြစ် လျှောက်ခဲ့တယ် ။ သူငှါးတဲ့အိမ်က ခြံကျယ်ကျယ်နဲ့ နှစ်ထပ်အိမ်ဖြစ်ပြီး အိမ်ရဲ့အရှေ့ညာဘက်မှာ သစ်ပင်ကြီးနဲ့ကွပ်ပျစ်လေး ရှိတယ် ။

သူ ရောက်သွားတော့ ကောင်းကင်ကြီး ပုစွန်ဆီရောင် သမ်းနေတဲ့ ညနေခင်းအချိန်တောင် ရောက်နေပြီဖြစ်တယ် ။ ခြံထဲအ၀င် အိမ်ကို မော့ကြည့်တော့ အပေါ်ထပ် ဖွင့်ထားတဲ့ပြတင်းဆီက အမျိုးသမီးတစ်ယောက်ကို တွေ့ရတယ် ။ အညိုရောင် ကော်ဖီလို ဆံပင်ရှည်ရှည်တွေကို ကျောက်စိမ်းဆံထိုးလေးတစ်ခုတည်းနဲ့ စုထိန်းထားပြီး မျက်မှန်ထူထူနဲ့အမျိုးသမီးက မျက်လွှာချထားပုံအရ ထိုင်ပြီး စာရေးနေတာ ဖြစ်ရမယ် ။ သူအနည်းငယ်တော့ အံ့သြသွားတယ် ။ အစားအသောက် ချက်ပြုတ်ရေး တာ၀န်ယူမယ်ဆို တစ်ဖက်အိမ်ငှါးက ရေခွန် ၊ မီးခွန်အကုန်ဆောင်မယ်ဆိုလို့ သူက အပြင်အစာ မုန်းတဲ့ ယောကျာ်းလေးတစ်ယောက် မှတ်နေခဲ့တာ ။

နွေဦးရဲ့ လေပြေက ခပ်ရူးရူး ဝှေ့တိုက်လာတော့ မဟော်ဂနီရောင် သစ်ရွက်ကြွေတစ်ချို့နဲ့ လတ်လတ်ဆတ်ဆတ် လီမွန်နံ့လေးက သူ့ဆီတိုး၀င်ရိုက်ခတ်လာကြတယ် ။ အဲ့အမျိုးသမီးလေးက သူ၀င်လာတဲ့အသံကို သေချာပေါက် ကြားမှာပါ ။ ဒါပေမယ့် သူမက လူတွေကို မုန်းတဲ့ကြောင်ဖြူလေးလို သူ့ကိုလှမ်းကြည့်ဖို့ရာ ပျင်းရိလွန်းနေခဲ့ပါတယ် ။

နှစ်လ ၊ ဒီနှစ်လအတွင်း သူကျောင်းက ကလေးတွေနဲ့ အတော်ရင်းနှီးနေပြီဖြစ်သလို တစ်ချို့ညနေခင်းတွေမှာ သူအိမ်ကို စာခေါ်သင်ပေးတဲ့ ကလေးတွေရဲ့ အသံတွေနဲ့ ခြံ၀င်းဟာ မြိုင်ဆိုင်နေတတ်ပါတယ် ။ နှစ်ယောက် စပ်ငှါးထားတဲ့အိမ်ဖြစ်တာမို့ အဲ့အမျိုးသမီးလေးကို ခွင့်တောင်းတော့ ခေါင်းတစ်ချက်ပဲ ငြှိမ့်ပြပြီး ထိုးလက်စ သိုးမွှေးကိုပဲ ဆက်ထိုးနေခဲ့တယ် ။ နွေရာသီမှာ သိုးမွှေးထိုးနေတဲ့ သူမက ထူးဆန်းပေမယ့် ဖြာကျနေတဲ့နေရောင်နွေးနွေးအောက် မျက်တောင်ရှည်တွေကို ဖြန့်ကျဲချထားပြီး အာရုံစိုက်နေတဲ့ပုံရိပ်က နီညိုရောင်နဲ့ အညိုရောင်များများပါတဲ့ ပန်းချီကားတစ်ချပ်နဲ့ တူပြီး နွေးထွေးနူးညံ့တဲ့ ခံစားချက်ကိုပေးတယ် ။

You've reached the end of published parts.

⏰ Last updated: May 05, 2022 ⏰

Add this story to your Library to get notified about new parts!

Short Stories by DianaWhere stories live. Discover now