Part 3(Unicode)

3.5K 379 80
                                    

နေ့လည်နှစ်နာရီခွဲကနေ လေးနာရီထိုးတဲ့အထိ မနားတမ်းဆော့ကြပြီးနောက် အိမ်ထဲတွင် ခဏတဖြုတ် ဝင်နားဖြစ်ကြသည်။ သင်္ကြန်လေးရက်စလုံးတွင် ကိုထွန်းနှင့် ကိုငယ်တို့ညီအစ်ကိုမှာ ကျွန်တော်တို့အိမ်ဘက်တွင်သာ တစ်ချိန်လုံးရှိနေကြပြီး မေမေလုပ်ကျွေးသမျှသော
မုန့်ပဲသရေစာများဖြင့် ငြိမ့်နေကြသည်ပင်။

"ဘယ်သူအရင်ကုန်လဲ ပြိုင်သောက်မယ်။ ရှုံးတဲ့သူတွေက နိုင်တဲ့သူ​ပြောတာကို လုပ်ပေးကြေး။"

နို့ဆန်ပြုတ်ဖြူဖြူလေးတွေ ထည့်ထားသော ပန်းကန်ကိုငေးရင်း ပြောလိုက်ခြင်းဖြစ်​လေသည်။ ကျွန်တော့်စကားကို ကိုထွန်းနှင့်ကိုငယ် တို့ကလည်း လက်ခံကြသဖြင့် အငွေ့တထောင်းထောင်းထနေသော ဆန်​ပြုတ်ဖြူဖြူလေးများအား အပူလျော့စေရန်အတွက် ဇွန်း​ဖြင့် မွှေနှောက်ကာ သူ့ထက်ငါ အလျင်ဦးအောင် ပြိုင်သောက်ကြရန် ပြင်လိုက်ကြတော့သည်။

ကြွေပန်းကန်လုံး၏ ​ဘေးဘက်မျက်နှာပြင်​ပေါ်မှ အပူငွေ့သည် ပထမတော့ လက်ဖဝါးထက်မှာသာဖြစ်ပြီး ထိုမှတဆင့် လျှာဖျားပေါ်အထိ စိမ့်ဝင်လာကြပါသည်။ အထူးသဖြင့် နိုင်ချင်ဇောကြီးလှပါသော ကျွန်တော့်ထံတွင် ဆန်ပြုတ်တစ်ပန်းကန်လုံး ကုန်သွားပြီးချိန်၌ လျှာများထုံကာ ကျန်ရစ်ခဲ့တော့သည်။

"ငါကုန်သွားပြီ ဟဲဟဲ။"

"မင်းဘယ်လိုများ သောက်လိုက်တာလဲ တတ​ရေ။
မပူတဲ့အတိုင်းဘဲ။"

ကိုထွန်းတစ်ယောက်မှာလည်း သူ့ညီစကားကို ထောက်ခံနေပုံရသည်။ မျက်လုံးကြီးပြူးကာ ကျွန်တော့်ကိုတစ်လှည့်၊ ပန်းကန်အလွတ်ကို တစ်လှည့် ကြည့်နေသောကြောင့် သဘောကျကျနှင့် ရယ်လိုက်ရပါသေး၏။

"မင်းတို့က မှုတ်သောက်နေတာကိုး။ ငါက မမှုတ်ဘူး။ ဒီအတိုင်း ထိုးထည့်ပြီး မြိုချပစ်တာပဲ။ ပါးစပ်ထဲရောက်တော့လည်း မပူတော့ပါဘူး။ "

စပ်တပ်တပ်ဖြစ်နေသော လျှာတစ်ခုလုံးအား မသိချင်ယောင်ဆောင်လျှက်ဖြင့် ပြန်ဖြေလိုက်တော့ ညီအစ်ကို နှစ်ယောက်စလုံး ကျွန်တော့်ကို ငေးကြည့်နေလိုက်ကြပုံများ၊ အဲ့ဒီအချိန်မှာ ကျွန်တော်သည်လည်း ကိုယ်ကိုယ့်ကိုယ် ပါဝါရိန်းဂျား အနီကောင် ကဲ့သို့ပင် ခံစားလိုက်ရပါသည်။

ကြူး(KYUU)Where stories live. Discover now