Part 7(Zawgyi)

599 30 0
                                    

မနက်ခင်းသည် ယခင်နေ့များကဲ့သို့
သာယာအေးချမ်းစွာ ရှိနေသော်လည်း ကျွန်တော့်စိတ်ထဲမှာတော့ ပူလောင်ပြင်းပြလွန်းသော မီးကျီခဲတစ်ခဲကြောင့် ရှသက်သက်ဖြစ်ရကာ ကိုငယ်တစ်ယောက်၏ ပြုံးပြနှုတ်ဆက်ခြင်းကိုပင် မသိကျေးကျွန်ပြုမိသည်။ ကျောင်းသွားစဉ် လမ်းတစ်လျှောက်လုံးတွင်လည်း မှုန်ကုတ်ကုတ် ဖြစ်နေခဲ့သော ကျွန်တော့်ပုံစံက ကိုငယ့်ကိုလည်း စကားပြောထွက်ရန် တွန့်ဆုတ်စေခဲ့ပုံ။

ကျောင်းရောက်ခါနီးကျမှ သူ ကျွန်တော့်ကို ပြောလာတာက...

"ငါ့အမေ ဈေးရောင်းမယ့်အထဲက မင်းကြိုက်တဲ့ မချစ်စုအလုံးကြီးတွေကို ငါဖယ်ပေးထားတယ်။ ညနေကျ လာယူဦးနော်။"

"ဖြစ်ပါ့မလား။ ဒေါ်လေးဈေးရောင်းတဲ့အထဲက အသီးတွေကိုတော့ ငါမစားရဲပါဘူးကွာ။ မင်းလည်း အဆူခံနေရဦးမယ်။"

ကိုငယ့်အမေ ဒေါ်လေး မကျင်လတ်ကိုတော့
ကျွန်တော်လည်း ကြောက်ရသည်။ ဒေါ်လေးက ကျွန်တော့်ကို မျက်စောင်းကလေးနှင့်ပင် လှည့်မထိုးဘူးသော်လည်း ယောက်ျားဖြစ်သူနှင့် နောက်ဂျိန်ပလေးသည့်ရန်ပွဲများမှ ဆူဆူညံညံအသံများကို နေ့စဉ် ကြားဖူးနေသည်က တစ်ကြောင်း၊ ထို့အပြင် အတိတ်ကာလဆီက မေကြီးနှင့် ရန်စများလည်း ရှိခဲ့သေးသောကြောင့် အိုးကမပူ၊ စလောင်းက ပူသကဲ့သို့ ကျွန်တော်သည်လည်း ဒေါ်လေးကျင်လတ်အား မဆီမဆိုင် ကြောက်လန့်နေရခြင်းဖြစ်သည်။

"မင်းကိုပေးမယ်ဆိုရင်တော့ အဆူခံရမှာ မဟုတ်ပါဘူး။ ငါတို့အမေလည်း စိတ်ပျော့လာပြီ ထင်ပါရဲ့။ မနက်က ဈေးမသွားခင်လေးတင် ပြောနေတာ။ တတက သရက်သီးကြိုက်တယ်မလားတဲ့။ ကြိုက်တဲ့သူကိုတော့ ကျွေးချင်တယ်ဆိုပြီး ပြောနေလို့ ငါလည်း ဖယ်ထားရဲတာ။"

ကိုယ့်နားကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။ ဒေါ်လေးကိုယ်တိုင်က ပြောသောစကားဆိုတော့လည်း ကျွန်တော့်မှာ ထိုစကားကြောင့် တစ်လမ်းလုံး ကြည်နူးပီတိဖြစ်သွားရခြင်းရယ်။

"အေးပါ ဒေါ်လေးက အဲ့လိုပြောတယ်ဆိုရင်တော့ ယူရဲတာပေါ့။ ငါလည်း မင်းတို့အိမ်ဘက် လာဖြစ်မှာပါ။ ဒီနေ့ ဖေဖေ ပြန်လာမယ်ဆိုတော့ မင်းတို့အတွက် ပေးစရာ တစ်ခုခုပါမယ်ထင်တယ်။ အဲ့ကျမှ လာခဲ့မယ်လေ။"

ကြူး(KYUU)Where stories live. Discover now