Part 18(Unicode)

1.8K 244 28
                                    

"ဒီမှာလေ မင်း ဘော့ပင်။"

အဝါရောင်ဘော့ပင်လေးကို လှုပ်ယမ်းပြလိုက်သည့် လေဟာနယ်မှာ နေရောင်ခြည်က ရှိနေပြီးသားမို့ ဘော့ပင်အရိပ်က ကြူးရဲ့ မျက်နှာပေါ်တွင်
သွားထင်သည်။ ပြေ​ပြေလေး ကွေးတက်သွားခဲ့သော နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်က ကြည့်နေရင်းပင် တဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွား၏။ ကြူးက ပြုံးတတ်နေပြီဆိုသော်လည်း သူ့အပြုံးကို မြင်ရတာက ခဏသာဖြစ်သည်။

တကယ်ကို ခဏမှ ခဏလေးပဲ။

ကိုယ့်အပိုင် ဖြစ်နေပြီးသား ပစ္စည်းကို ပိုင်ရှင်ဟောင်းထံမှာ ပြန်ပြနေရခြင်းကပင် ​ထူးဆန်းလွန်းနေပြီ။ အခုတော့ သုံးလို့မရတော့တဲ့ ဘော့ပင်အဟောင်းကိုပါ ကွန်ပါဘူးထဲတွင် ထည့်သိမ်းထားရ​သည့် အဖြစ်။ လက်ထဲမှာပဲ တစ်ချိန်လုံး ကိုင်ထားရခြင်း မဟုတ်သော်ငြား ကွန်ပါဘူးကို အဖွင့်အပိတ် လုပ်ချိန်တိုင်းမှာ အဝါရောင်ဘော့ပင်ကလေးကို
ကိုင်မိနေတာကတော့ ဆိုးလှသည်။

ဒါမျိုးက မိန်းကလေးတွေမှ လုပ်တာလေ။
အမှတ်တရပစ္စည်း လဲတာတို့၊ သိမ်းထားတဲ့ ပစ္စည်းကို ခဏခဏ ထုတ်ကြည့်နေတာတို့က မိန်းကလေးတွေ လုပ်တဲ့ကိစ္စပဲ။

"ချောက်"

ကွန်ပါဘူး နှတ်ခမ်းနှစ်ခုထိသံက ကျယ်လောင်သွားသော်လည်း အတန်းသားများ၏ ဆူညံသံများကိုတော့ တိုးမပေါက်ခဲ့ပေ။ အပြင်ဘက်တွင် သည်းကြီးမည်းကြီး ရွာနေခဲ့သော မိုးကလည်း ကျွန်တော့်ဒေါသကို နှစ်ဆတိုးသွားစေသလားမသိ။ အတူပြန်မည့် အဖော် မရှိသောနေ့ကျမှ မိုးကလည်း ကောင်းနေသည်။

မိုးသည်းထဲမှာ ထမင်းချိုင့်နဲ့ ပုဆိုးစကို မပြီး လမ်းလျှောက်ရတယ်ဆိုတာ လွယ်တယ်မှတ်လို့လား။ ပုဆိုးကို ခပ်တိုတို ဝတ်လိုက်ချင်သော်လည်း မေကြီးက ပုဆိုးတိုနဲ့ လျှောက်သွားနေတာကို မကြိုက်သောကြောင့် မဝတ်ဖြစ်ဘဲ ကိုင်လျှောက်ရခြင်း ဖြစ်သည်။ ဒီကြားထဲ စာအုပ်တွေကို ရေစိုမှာစိုးလို့ ကျောပိုးအိတ်ကို ရင်ဘတ်ထဲမှာ ပိုက်ထားရတာက တစ်ဖက်။

ကြူးရှိတုန်းကတော့ ကြူးက ကျွန်တော့်ထမင်းချိုင့်ကိုပါ ကူကိုင်ပေးသည်။ ကြူးက ပုဆိုး ရေစိုမှာကို ဂရုစိုက်တတ်သူ တစ်ယောက် မဟုတ်ပေ။ ပုဆိုးကို ခြေမျက်စိဖုံးအောင်သာ ဝတ်တတ်သော သူ့အကျင့်အတိုင်း အောက်ပိုင်းအစိုကြီးနှင့်ပင် မိုးရေထဲမှာ လျှောက်သွားရသည်ကိုသာ ပိုသဘောခွေ့လေ၏။ ပြီးတော့ သူက ကျွန်တော့်လို ထမင်းချိုင့်ကို ဆွဲခြင်းတောင်းနဲ့ မထည့်ဘဲ လက်ကိုင်ပဝါ ပတ်ပြီးသာ ဆွဲလာတတ်သူမို့ ကျွန်တော့်ဟာပါ ကိုင်ပေးဖို့အတွက် အဆင်ပြေသည်။

ကြူး(KYUU)Where stories live. Discover now