Part 20(Unicode)

2K 238 17
                                    

ဒုတိယလပတ်စာမေးပွဲရလဒ်များကို သိရှိပြီးသည်နှင့် အတန်းတွင်း၌ နေရာအပြောင်းအလဲများ စတင်တော့သည်။ အတန်းပိုင်ဆရာမက အဆင့်အလိုက် ထိုင်ရသော စနစ်ကို ကျင့်သုံးချိန်မှစ၍ ကျွန်တော်တို့ ကျောင်းသားတွေလည်း မိမိထိုင်ချင်သောနေရာမှာ မိမိရင်းနှီးသော သူငယ်ချင်းများနှင့် အတူထိုင်ခွင့်မရတော့ပေ။ ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများထံမှ အမှတ်စာရင်းများ သိရှိပြီးနောက်တစ်နေ့တွင် ရီပို့ကတ်စာရွက်ကို ကျွန်တော်တို့ လက်ခံရရှိသည်။ ထိုတစ်နေ့တည်းမှာတင် ကျောင်းသားအားလုံး သူတို့နှင့် သက်ဆိုင်ရာ မူလနေရာမှ နေရာအသစ်သို့ ကိုယ်စီပြောင်းရွှေ့ကြရ၏။

အဆင့်ကောင်းသူများကို အနောက်တန်းမှာ နေရာချခြင်း ဖြစ်သောကြောင့် ကြူးနဲ့ကျွန်တော်က အော်တိုမက်တစ် အနောက်ဆုံးတန်းသို့ ရောက်ပြီးဖြစ်၏။ ထို့အပြင် ကြူးက အဆင့်တစ်ဖြစ်ပြီး ကျွန်တော်က အဆင့်နှစ်ဖြစ်သည်မို့ နှစ်ယောက်သားက ခုံတန်းတစ်တန်းတည်းတွင် ဘေးချင်းကပ်လျက် ထိုင်ရပြန်သည်။ တခြားသူများက မိမိတို့ ကြည့်မရသူများနှင့် အတူထိုင်ရသည့်အတွက် စိတ်ပျက်နေကြချိန်မှာ ကျွန်တော်ကတော့ နံရံဘေးတွင် မထိုင်ရခြင်းကြောင့်သာ စိတ်ပျက်မိသည်။

အမှန်တော့ ကျွန်တော်တို့ထိုင်ရသောနေရာက ပြတင်းပေါက်နှင့် ကပ်လျက်ဖြစ်သော်လည်း ပြတင်းပေါက်က အရှေ့တန်း၏ ​ဘေးတည့်တည့်တွင်သာ ရှိနေခြင်းဖြစ်သည်။ ပြတင်းပေါက်နေရာကို ကြိုက်တတ်သော ကြူးအတွက် ပြတင်းပေါက်က သူ့ဘေးတွင် မရှိသော်လည်း အရှေ့ဘက်သို့ ငေး၍ရသောကြောင့် အဆင်ပြေသည်။ ​ကြူးကမူ ကံကောင်းသွားသော်လည်း ကျွန်တော်ကျတော့ မှီတွယ်စရာပင် မရှိ။

ကျွန်တော့်ညာဘက်တွင်က မိန်းကလေးတန်းနှင့် ယောကျ်ားလေးတန်းကို ခြားထားသော လျှောက်လမ်းသာ ရှိသောကြောင့် ညာဘက်ကိုယ်တစ်ခြမ်းက ဟာလာဟင်းလင်း ဖြစ်နေသည်။ ဘယ်ဘက်သို့ စောင်းကြည့်လိုက်ချိန်တွင် ကြူးရဲ့ မျက်နှာတခြမ်းကို နီးကပ်စွာ မြင်ရလေ၏။ အမှီအတွယ် မရှိသောကြောင့် ခုံပေါ်သို့ ပျင်းရိပျင်းတွဲ လှဲချလိုက်မိ​သော ကျွန်တော့်ရဲ့ မျက်နှာမူရာက ကြူး၏ မျက်နှာချောချောဆီသို့ ဖြစ်သည်။

ကြူး(KYUU)Where stories live. Discover now