Part 47(Unicode)

1.7K 243 33
                                    

"ခိုင်ခိုင်မရှိလို့ အိမ်က ခြောက်ကပ်သွားရတဲ့အထဲ တတပါ ကျောင်းပြန်ဖွင့်ပြီဆိုတော့ ညည်းနဲ့ငါ နှစ်ယောက်တည်းပဲ ကျန်ခဲ့တော့မယ် အနွယ်ရေ။"

"အဲ့ဒါကြောင့် သမီး အမေ့ကိုပြောသားပဲ။ ကျောင်းက အရမ်းဝေးနေတာမှ မဟုတ်တာ။ ဦးကောင်းကို အကြိုအပို့ လုပ်ခိုင်းလို့ရတာပဲ။ ဘာလို့ အဆောင်ထားလိုက်လဲ။"

"အော်....အဆောင်နေတော့ ပိုပြီး မျက်စိပွင့်နားပွင့်
ရှိတယ်လေ။ ငါက ငါ့မြေးကို သိပ်ချစ်တယ်ဆိုပေမယ့် အတ္တကြီးတဲ့ အဘွားကြီးတစ်ယောက်တော့ မဟုတ်ပါဘူး။ ငါတို့နင်တို့ဆိုတာက အချိန်တစ်ခုရောက်ရင် သေသွားကြမှာ။ ကလေးကို အိမ်ကနေ ကျောင်း၊ ကျောင်းကနေအိမ် ဒီလိုတစ်သမတ်လမ်းစဥ်အတိုင်း ဥထားပြီး ဘာလုပ်မှာလဲ။ လူတောထဲဝင်ဆံ့အောင် တွန်းရမှာပေါ့။ လွမ်းတာက လွမ်းတာတစ်ပိုင်းပေါ့ဟယ်။"

စကားသံငြိမ်သွားတဲ့ခဏမှာ ဆေးလိပ်ငွေ့ဖြူဖြူများ လေထဲပြန်လွင့်လာသည်။ ဆေးပေါ့လိပ်ထိပ်ဖျားတွင် မီးအကြာကြီးရဲနေသည်အထိ တဆုံးရိုက်ငင်လိုက်ခြင်းကြောင့် မေကြီးကို စိတ်ပူစွာ ငေးကြည့်မိသည်။ အခုနောက်ပိုင်း ချောင်းဆိုးတာ စိပ်လာလို့ ဆေးလိပ်မသောက်တော့ဖို့ပြောဖြစ်တဲ့ ကျွန်တော့်စကားလည်း ခေါင်းမာတတ်တဲ့ မေကြီးအပေါ်မှာ အရာမရောက်ခဲ့တာ နှစ်နဲ့ချီလာပြီ။

"မသေရပါဘူး။ မေကြီးက သားနဲ့အကြာကြီးနေရဦးမှာ။ ဆေးလိပ်သာ လျှော့သောက်ပါ။"

"နေမှာပါရှင်။ တတ မိန်းမရပြီး ကလေးအဖေကြီး
ဖြစ်တဲ့အထိ မေကြီးက ကြည့်သွားဦးမှာ...။"

ကျွန်တော် စကားပြန်မပြောနိုင်တော့တာကိုကြည့်ပြီး မေကြီးနဲ့မေမေတို့က သူတို့အချင်းချင်း လက်တို့ရယ်ကြသည်။ ကျွန်တော်နဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေက အသက်အရွယ်ပေါ် မူတည်ပြီး ပြောင်းလဲသွားသည်သာရှိ၏ မပြီးဆုံးနိုင်...။ ကျောင်းသားအရွယ်တုန်းကတော့ ပညာရေးမှာ ထွန်းပေါက်ဖို့ မျှော်လင့်တတ်ကြပြီး အရွယ်ရောက်လာချိန်၌မူ သူတို့မှာရှိတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ကျွန်တော့်ဘဝ အခြေတကျဖြစ်ဖို့ ဖြစ်လာခဲ့၏။

ကြူး(KYUU)Where stories live. Discover now