Part 14(Unicode)

1.9K 239 23
                                    

"ငါ့ကို ယုံတဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ သိချင်လို့။ အခုတော့ ဘယ်သူမှ မရှိဘူးဘဲ။ "

ပြောပြီးပြီးချင်း ခြေလှမ်းမြန်မြန်ဖြင့် ရှောင်ထွက်သွားသော တက်သစ်ကြူးအနောက်သို့ ကျွန်တော် ပြေးမလိုက်နိုင်ခဲ့...။ လိုက်စရာ မလိုဘူးဟုလည်း ထင်သည်။ ကြူးက ထိုစကားတွေကို ကျွန်တော်မေးလို့သာ ဖြေရပုံမျိုးဖြင့် ပြောသွားခဲ့ခြင်းသာ မဟုတ်လား။

သို့သော်လည်း...

ကြူးရဲ့ စကားတွေကတော့ ကျွန်တော့်ကို ထိုနေရာ၌ပင် မလှုပ်မယှက်ဘဲ ကျန်ရစ်နေခဲ့အောင် အတွေးများစေခဲ့သည်။

သူ့ကို ယုံတဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ သိချင်လို့တဲ့။

အခုတော့ ဘယ်သူမှ မရှိဘူးဘဲတဲ့။

ကြူးကလေ ကျွန်တော့်ကို စိတ်မကောင်းဖြစ်အောင်လုပ်တဲ့နေရာမှာ သိပ်ကျွမ်းကျင်တဲ့ လူတစ်ယောက်ပဲ။

အပြင်တွင် အချိန်ကြာကြာနေလို့မရသောကြောင့်သာ အတန်းဆီသို့ ပြန်လာခဲ့ရသည်။ ဆရာမ ရောက်မလာသေးသောကြောင့် အတန်းထဲရှိ လူတိုင်းနီပါးထံမှ ဆူညံပွက်လောရိုက်သံများကို အတန်းအပြင်မှာကတည်းက ကြားလာရသည်။
ထိုဆူညံသံများကြားမှာ အလွန်အမင်း ငြိမ်သက်နေကြတာကတော့ ကျွန်တော်နှင့်ကြူးပါ။

ပြတင်းပေါက် အပြင်ဘက်သို့သာ မျက်နှာမူထားခဲ့သော ကြူး၏ နောက်ကျောပုံရိပ်သည်ကား အချိန်တိုင်းနီးပါးပင် အထီးကျန်စရာ ကောင်းနေခဲ့လေ၏။  ယခုတွင်တော့ ကျွန်တော်သည်ပါ ကြူးကို ငေးကြည့်ရင်း သူ့ကဲ့သို့ပင် အထီးကျန်လာခဲ့သလို ခံစားရသည်။

ထိုခံစားချက်က ဘယ်လိုမျိုးလဲဆိုတော့
အတန်းထဲတွင် ကျွန်တော်နှင့် လည်ပင်းဖက်ပေါင်းနေသော သူငယ်ချင်းတွေ အများကြီးရှိနေသော်လည်း ယနေ့တွင်တော့ ကျွန်တော့်မှာ ကြူးတစ်ယောက်တည်း ရှိနေခဲ့သလို...။
သူ့ကို ကျွန်တော့် သူငယ်ချင်းတစ်ယောက်အနေနဲ့ သတ်မှတ်မထားပေမယ့်ပေါ့။

ကာယချိန်သည် ခပ်မြန်မြန် ကုန်ဆုံးသွားပြီးနောက် အင်္ဂလိပ်စာအချိန်သို့ ရောက်လာကာ ထိုအချိန်သည်လည်း မျက်စိတစ်မှိတ်တွင်ပင် ပြီးဆုံးသွားခဲ့ပြန်သည်။ ထို့နောက်တွင် ကျောင်းလွှတ်ချိန်သို့ ရောက်လာခဲ့သော်လည်း ကျွန်တော်တို့ကတော့ ကျောင်း၌ပင် ရှိနေရသေးသည်။ လူအနည်းစုသာ ကျန်ရစ်ခဲ့သော ထိုအချိန်သည် ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးအချိန်ဖြစ်ပြီး အတန်းထဲတွင် ရှိနေကြသော ကျောင်းသားများထံမှလည်း ညည်းညူသံများကို ကြားနေရ၏။

ကြူး(KYUU)Where stories live. Discover now