Final(Unicode)

4K 263 43
                                    

"တစ်နေ"

ခုနှစ်တန်းနှစ်ရဲ့ ပြတင်းပေါက်လေးတစ်ပေါက်အနီး၊ရှေ့ဆင့်နောက်ဆင့် ထိုင်ခုံနှစ်နေရာ၊ အပြာရောင်ဘော့ပင်လေး ကျသွားခဲ့ရာကစလို့ ပထမဆုံးကြားခဲ့ရတဲ့ ကျွန်တော့်အတွက်နာမ်စား...။ အသက်အရွယ်နဲ့ ပုံရိပ်တွေ ဘယ်လိုပြောင်းလဲ၊ပြောင်းလဲ ရွှန်းမြမြခေါ်ဟန်လေးကတော့ အချိန်တိုင်းမှာ တစ်ပုံစံတည်း ကြည်လင်အေးမြလို့။

အတိတ်နဲ့ အနာဂတ်ကြား ဆက်နွယ်ပေးထားတဲ့ ပစ္စုပ္ပန်အချိန်ကာလမှာလည်း ကျွန်တော်တို့အတူတူ
ရပ်နေဖြစ်ခဲ့တဲ့ နောက်ဖေးလမ်းကြားလေး....စမှတ်ထံ ပြန်ရောက်လာခဲ့တယ်ဆိုသည့်တိုင်အောင် အတိတ်မှာ
ကျွန်တော်ဝင်ခွင့်မရခဲ့တဲ့ နှစ်ထပ်တိုက်အိမ်လေးထဲ ပစ္စုပ္ပန်က ဝင်ခွင့်ပေးခဲ့တော့ အရာအားလုံးဟာ အိပ်မက်ဆန်ဆန်ပါပဲ။

သူတို့အိမ်ထဲဝင်ဖို့အတွက် အပြုံးတွေနဲ့ချည်း
ဖိတ်ခေါ်နေခဲ့တဲ့ အန်တီကြူရော၊ ဝရန်တာမှာ ရပ်မနေတော့တဲ့ ဦးထူးနိုင်က အရယ်အပြုံးကင်းမဲ့တဲ့ မျက်နှာထားတည်တည်ကို စွန့်လွှတ်လိုက်ပြီး ကျွန်တော်တို့မိသားစုကို အပြုံးဖျော့နဲ့ ဆီးကြိုနေခဲ့တာရော၊ အိမ်မက်ထဲမှာတောင် မမျှော်လင့်ရဲခဲ့တဲ့ နှစ်ဖက်မိသားစုတွေ့ဆုံမှုမှာ ထိုသူတို့ရှေ့ ကျွန်တော့်လက်ကို ပေါ်ပေါ်ထင်ထင် တွဲခေါ်ပြီး အိမ်ထဲဝင်ချလာတဲ့ တက်သစ်ကြူးနောက်က လိုက်လာရချိန်မှာရော...
ပုဏ္ဍိရိက်ပန်းလေးတွေကို အဖော်ပြုပေးနေကျ
လေနုအေးလေးရဲ့ တည်ရှိခြင်းက ကျွန်တော့်နှလုံးအိမ်ထဲ
ခေတ္တခဏ ခိုဝင်ခဲ့လေတော့ အမှတ်မထင် ကြည်နူးရခြင်းတွေ ရင်မှာအပြည့်အသိပ်။

ပေါ်လစ်သုတ်ထားတဲ့ သစ်သားဆက်တီခုံတွေက နှစ်ထောင်ခုနှစ်များရဲ့ လက်ကျန်ဖြစ်တဲ့အလား အိုဟောင်းပေမယ့် နွေးထွေးခြင်းသရုပ်သကန်ကို ချန်ရစ်ထားခဲ့ပြီး ညှို့ညှို့မှိုင်းမှိုင်း အဖြူခံနံရံထက်မှာတော့ ကြူးတို့မိသားစုဓာတ်ပုံလေးတစ်ပုံ ချိတ်ဆွဲထားခဲ့လေ၏။ ဖြူဖြူသေးသေး ကလေးငယ်လေး တစ်ယောက်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ငယ်ရွယ်နုပျိုတဲ့
စုံတွဲလေးတစ်တွဲ ရှိနေခဲ့တဲ့ အတိတ်ရပ်ဝန်း...၊ လက်သေးသေးလေး နှစ်ဖက်က ဆက်နွယ်ပေးထားတဲ့ သံယောဇဥ်ကြိုးမျှင်တွေက လူမှန်နေရာမှန် မဖြစ်ခဲ့သည့်တိုင် တာဝန်သိစိတ်နဲ့အတူ ပစ္စုပ္ပန်အထိ နှောင်တွယ်ဖွဲ့ခြင်းကပဲ တစ်စုံတစ်ယောက်အတွက် စိတ်အနာ ဖြေသိမ့်စရာ ဖြစ်စေခဲ့မှာ အသေအချာ...။

ကြူး(KYUU)Where stories live. Discover now