Part 38(Unicode)

1.8K 226 30
                                    


"တစ်နေ"

စက်ဘီးမရပ်လိုက်ပါနဲ့။ မရပ်လိုက်ပါနဲ့ ကြူးရေ...။
ငါငိုနေတာ မင်းကို မမြင်စေချင်ဘူး။

စိတ်ထဲကနေသာ တဖွဖွပြောမိတဲ့စကားမို့
သူစက်ဘီးရပ်လိုက်တာကို ကျွန်တော် မတားလိုက်နိုင်ဘူး။
သို့ပေမယ့် အရိပ်အကဲသိလွန်းတဲ့ တက်သစ်ကြူးက...
သူ့ခါးကို မလွှတ်တမ်း ဖက်ထားပြီး ကျွန်တော့်မျက်နှာနဲ့ သူ့နောက်ကျော တစ်သားတည်း ဖြစ်နေတဲ့ အခြေအနေကို
ခဏငြိမ်၊သုံးသပ်ပြီးတာနဲ့ သူဘာဆက်လုပ်သင့်လဲ သဘောပေါက်သွားခဲ့ပြီ။

"နောက်တစ်ပတ် ထပ်ပတ်ပေးမယ်။
ပြီးရင်တော့ ဘာဖြစ်နေလဲ ငါ့ကိုပြောပြ...။ နော်...တစ်နေ" တဲ့...။

ကျွန်တော် ခေါင်းညိတ်ပြလိုက်တာကို သူခံစားမိပုံပဲ။ မြေကြီးပေါ်ထောက်ထားတဲ့ ခြေထောက်ကို ဖြည်းဖြည်းချင်း ကြွလိုက်ပြီးတာနဲ့ စက်ဘီးက စရွေ့လာသည်။ မြင်ခဲ့ပြီးသား မြင်ကွင်းတို့က တစ်ကျော့ပြီးတစ်ကျော့ ပြန်ပေါ်လာပေမယ့် ကျွန်တော် မကြည့်မိတော့ဘူး။

ကာတွန်းစာအုပ်ဆိုင်၊ ဘေးချင်းကပ်လျက်ရှိနေတဲ့
မုန့်တီဆိုင်နှစ်ဆိုင်၊ ခြောက်ခန်းတွဲတိုက်ခန်းနားက
ဂုန်နီအိတ်ခင်းပေါ် အိပ်မောကျနေတဲ့ အရူးတစ်ယောက်၊ အမှတ်တရတွေနဲ့ ကျောင်းကလေး၊ နောက်ဖေးလမ်းကြားထဲက နှစ်ထပ်တိုက်အိမ်...စသဖြင့် ဘယ်နေရာတွေကိုပဲ ဖြတ်လာ၊ ဖြတ်လာ ကြူးတစ်ယောက် စက်ဘီးရပ်လိုက်ချိန်အထိ ကျွန်တော့်မျက်လုံးတွေကို မှိတ်ထားမိပြီး ခန္ဓာကိုယ်ပေါ် တိုးဝှေ့နေတဲ့ လေညှင်းတို့ရဲ့ လှုပ်ရှားမှုများကိုပဲ တိတ်တဆိတ် ခံစားနေခဲ့မိ၏။ စက်ဘီးရပ်လိုက်တော့မှ မျက်လုံးဖွင့်ကြည့်တော့
ကျွန်တော်မှီထားတဲ့ သူ့ကျောက အင်္ကျီပေါ်မှာ မျက်ရည်တွေနဲ့
ရွှဲနစ်လို့နေပြီ။

"မင်းအင်္ကျီကို ညစ်ပတ်အောင်လုပ်မိလို့
တောင်းပန်ပါတယ်။"

"ထပ်မငိုတော့ဘူးဆိုရင် ရပြီ။ ငါ မင်းကို
ပြန်ဖက်ထားပေးဖို့ လိုသေးလား တစ်နေ..."

သူ အဲ့လိုမေးလိုက်တဲ့အချိန်မှာ ကျွန်တော်တို့
နှစ်ယောက်စလုံး စက်ဘီးပေါ်က ဆင်းပြီးလို့ ပုဏ္ဍရိက်ပန်းရုံနားက အမှောင်ရိပ်အောက်မှာ မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြပြီ။ သူ့စကားကို ကြားကြားချင်း ကျွန်တော် အလျင်စလိုနဲ့ ပြုမူလိုက်တာက ကြူးကို အားထည့်ပြီး ဖက်လိုက်မိတာ....။ ကြူးက ကျွန်တော့် အပြုအမူကြောင့် စိတ်အနှောင့်အယှက် မဖြစ်တဲ့အပြင် ကျွန်တော့်ကိုပါ ခပ်တင်းတင်းပြန်ဖက်ထားပြီး ကျောကုန်းကိုလည်း ဖွဖွလေးပြန်ပုတ်ပေးခဲ့သည်။

ကြူး(KYUU)Where stories live. Discover now