Part 52(Unicode)

1.8K 253 20
                                    

စမတ်ဖုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်
သုံးစွဲလာကြ​တဲ့ ၂၀၁၄ခုနှစ်။ BBAဘွဲ့ယူပြီး MBAအထိ ဆက်တက်ဖြစ်တဲ့ ကျွန်တော့်ပညာရေးလမ်းကြောင်းက မျှော်မှန်းထားတာထက် ပိုရှည်ကြာခဲ့တဲ့အပြင် ကျောင်းပြီးတာနဲ့ အလုပ်ဝင်မယ်လို့ တွေးထားတဲ့ အတွေးကိုပါ မေကြီးကြောင့်ပဲ လက်လျှော့ပေးခဲ့ရ၏။

"ဘာလို့ အလုပ်လုပ်မှာလဲ။ မေကြီးမြေးကို နောက်တစ်ဘွဲ့ထပ်ယူစေချင်သေးတယ်။ အလုပ်က မသေမချင်း လုပ်သွားရမှာ။ တတကတော်လို့ မေကြီးက ဖြစ်စေချင်တာပါ။ ​တစ်ဘွဲ့ရပြီး အလုပ်ဝင်တာထက် နှစ်ဘွဲ့ရပြီးအလုပ်ဝင်တာ ပိုမကောင်းဘူးလား။ မေကြီးမှာ လုပ်ပေးနိုင်တဲ့အား ရှိပါသေးတယ်။"

အငြင်းအခုံက တစ်ဖက်သတ်ရှုံးနိမ့်ခဲ့ရခြင်းတော့
မဟုတ်။ ကျွန်တော့်သိတတ်မှုနဲ့ မေကြီးစေတနာတို့ကြား
အပြန်အလှန် လွန်ဆွဲရာကနေ အလျှော့ပေးလိုက်ရတဲ့ နားလည်သိတတ်မှုကလည်း ကျွန်တော့်အပေါ် လွှမ်းခြုံထားတဲ့ မေတ္တာဓာတ်ကို အသိအမှတ်ပြုခြင်း တစ်မျိုးမည်သည်မို့။ ရွေးချယ်ထားတဲ့ ဘောင်တစ်ခုအတွင်းမှာပဲ တစ်ဆင့်မြင့်တဲ့ နေရာသို့ ကျွန်တော် အရောက်လှမ်းနေချိန်မှာ ကြူးကတော့ သူ့အတွေးခံယူချက်အတိုင်း လမ်းကြောင်းအသစ်တစ်ခု ထပ်ဖောက်နေခဲ့လေပြီ။

"ကြူး...မေကြီးက ငါ့ကိုMBAဆက်တက်ခိုင်းတယ်။
မင်းရော ဘာဆက်လုပ်မှာလဲ။"

"tourism managementတက်မယ်။ ပြီးရင်
travel companyတစ်ခုမှာ tourist guideအနေနဲ့ အလုပ်ဝင်မယ်။"

"အဲ့ဒါဆို ခရီးတွေအများကြီး ထွက်ရမှာပေါ့။ ငါနဲ့ဝေးရမှာ မကြောက်တော့ဘူးလား။"

"ကြောက်တယ်။ ဒါပေမယ့် အခုချိန်မှာ နောက်ဆုတ်လိုက်တဲ့ ခြေတစ်လှမ်းက နောက်တစ်ချိန်မှာ ဆယ်လှမ်းမက ပြန်လှမ်းနိုင်ဖို့ပဲလေ။ ငါမင်းကို တာဝန်ယူနိုင်ဖို့ ဒီလောက်တော့ ရင်းရဦးမှာပေါ့။"

ကြူးရဲ့ရွေးချယ်မှုက အနာဂတ်အထိ အကျိုးသက်ရောက်စေတဲ့ ခြေတစ်လှမ်းပဲ။ အမြဲတမ်း အတူရှိလာရာကနေ ဘွဲ့ရပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ရေစက်တွေလည်း
တခြားသော အပျံသင်စငှက်ငယ်တွေလို ရေကြည်ရာမြက်နုရာ ရှာဖွေရင်း ခဏတာ ပြတ်တောက်သွားခဲ့ရပေမယ့် အဆက်အသွယ်ကတော့ ရှိနေဆဲ။ ကြူးနဲ့ လူချင်းမဆုံဖြစ်တဲ့ အချိန်ကာလတွေမှာ မင်းမောင်ဆိုတဲ့ ရေစက်လေးက ကျွန်တော့်ဆီ ပြန်ရောက်လာခဲ့ပြီး ကိုထွန်းကိုလည်း ထိုရေစက်လေးအနီးမှာ မကြာခဏ တွေ့လာခဲ့ရတော့ ပြောင်းလဲခြင်းတွေနဲ့ပါ ထပ်မံကြုံဆုံခဲ့ရ၏။

ကြူး(KYUU)Where stories live. Discover now