Part-19

288 69 25
                                    

Unicode

end callကို နှိပ်ပြီးနောက်မှာ ကုန်းကျွင့်တစ်ယောက် ဖုန်းကို အရှေ့က စားပွဲပေါ် ပစ်ချလိုက်သည်။ တစ်ချိန်လုံး ဖြီးထားရသည့်မျက်နှာအကြောတွေက ရုတ်တရက်ပြန်​ဖြေလျှော့လိုက်ချိန်ရောက်တော့ နည်းနည်းတောင် တောင့်ချင်နေသလိုလို။ ထို့နောက် စိတ်ထွေပြားစွာဖြင့် ခေါင်းကို ကုတ်ခြစ်လိုက်ပြီး သက်ပြင်းတစ်ချက်နှင့်အတူ ဆိုဖာပေါ် နောက်ကျောမှီကာ ခြေပစ်လက်ပစ် နေပစ်လိုက်တော့သည်။

အလှလေးနဲ့ ဘယ်လောက်မှတောင် ခရီးမဆက်ရသေးခင်မှာ သူ အိမ်မပြန်ချင်သေးပါ။ အကယ်၍ ပြန်ဖြစ်ခဲ့လျှင်တောင် တစ်ယောက်ထဲတော့ မပြန်နိုင် ၊ အလှလေးကိုပါ အပါခေါ်ပြီးမှ ပြန်မည်ဟု ဆုံးဖြတ်ပြီးသားပင်။

အဖေလုပ်သူက ဘာတွေဘယ်လိုများ သတင်းတွေပို့ထားသည်မသိ ၊ အဖွားကရော အမေကပါ အိမ်ပြန်လာရန်အတင်းခေါ်နေပေပြီ။ beijingက အိမ်ပေါ် တက်နေလျှင်နေ ၊ မနေလျှင် အခုချက်ချင်း နယ်ကိုပြန်လာရန် နားပူနားဆာလုပ်လာကြ၏။

ပိုဆိုးသည်က လုယွီကိစ္စပင်။
သူမ အမေရိကကနေ ပြန်လာတော့မည်ဟူသည့်အကြောင်း အဖွားဖြစ်သူရဲ့နှုတ်က ထွက်လာထဲက နောက်ဆက်တွဲ လိုက်လာစရာအကြောင်းအရာဟာ တစ်ခုထဲသာ ရှိတော့သည်။ ကုန်းကျွင့်နဲ့ လုယွီဟာ အလယ်တန်းကျောင်းတက်စဥ်အရွယ်ထဲက လူကြီးချင်းကြိတ်သဘောတူထားကြပြီးဖြစ်သည့် သူနှစ်ဦး။

ပိစိညှောင့်တောက်အရွယ်လေးတုန်းက တစ်ခါမျှ လင်မယားလုပ်တမ်း အတူကစားခဲ့ဖူးစဥ်  'မိန်းမ'ဟု မပီကလာ ပီကလာ ခေါ်ခဲ့ဖူးသည်ကလွဲ၍ သူနဲ့လုယွီကြားမှာ တခြားဘာအကန့်မျှ မရှိခဲ့တာသေချာပါ၏။ လုယွီတို့မိသားစုက သူမအထက်တန်းပြီးပြီးချင်းမှာပဲ အလုပ်ကိစ္စကြောင့် အမေရိကကို ပြောင်းရွှေ့သွားကြတာမို့ သူမနဲ့ကုန်းကျွင့်ဟာ အခုချိန်ထိ သီးသန့်ဆက်သွယ်ဖြစ်တာမျိုး မရှိခဲ့ဖူးပါ။

ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲလာတဲ့ ကုန်းကျွင့်ဆိုတဲ့ ကောင်ချောလေးဟာ နောက်ဆုံးမှာတော့ မိဘတွေအတင်းပေးစားတဲ့လူကိုပဲ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ထပ်ထိမ်းမြားလိုက်ရလေသတည်း ဟူသည့်စကားသည် မည်သည့်ရှုထောင့်ကနေပဲကြည့်ကြည့် ဆီလျော်မှုတစ်စက်မျှ ရှိမနေမှန်း ရုပ်ချောတဲ့သူတိုင်း နားလည်နိုင်ပါ၏။

302 (Completed)Where stories live. Discover now