8.

492 52 3
                                    


နီညိုရောင်တောက်နေတဲ့နေဝင်ဆည်းဆာအချိန်က သိပ်လှပပေမယ့် နွယ်ရှိရာရပ်ဝန်းကတော့ မှိုင်းပြာမှုန်ရီနေတဲ့အတိုင်း လေးလံသောခြေလှမ်းများနှင့် အိမ်သို့ပြန်လာခဲ့သည် ။

"အမ! စာပါတယ် ''

ခြံတံခါးဖွင့်မဝင်ခင် စာပို့သမားအသံကြားတော့ နွယ်လှည့်ကြည့်လိုက်သည် ။

"တို့အတွက်လား ''

"ဟုတ်ကဲ့အမ ''

စာပို့သမားအား ခေါင်းတစ်ချက်ညိတ်ပြပြီး စာအိတ်လေးကိုယူ၍ နွယ်အိမ်ထဲသို့ဝင်လာခဲ့သည် ။

အခန်းထဲကိုဝင်၍ လွယ်အိတ်လေးကို ကုတင်ပေါ်၌ တင်ကာ လက်ထဲက စာအိတ်လေးကို ကြည့်လိုက်သည် ။

အင်းစိန်ထောင်လိပ်စာနှင့်ပေးပို့လာသော စာက ဘယ်သူ့ဆီကမှန်းသိသောကြောင့် စာအိတ်လေးကို အခန်းထဲရှိ စာရေးစားပွဲပေါ်၌ အသာတင်ထားလိုက်သည် ။

ထို့နောက် ဗီရိုတံခါးကိုဆွဲဖွင့်၍ ဗီရိုအံဝှက်တစ်ခုထဲ၌ ထည့်ထားသော ဆေးပေါ့လိပ်တစ်လိပ်အားယူလိုက်သည် ။

အခန်းတံခါးနှင့် ပြတင်းပေါက်များကို အလုံပိတ်လိုက်ပြီး အခန်းကိုအမှောင်ချပြီးနောက် ဆေးပေါ့လိပ်လေးအား မီးညှိလိုက်သည် ။

အခန်းထဲ၌ ဆေးလိပ်အခိုးအငွေ့များအတန်အသင့်ပျံ့နှံသွားတော့မှ ကုတင်ဘေးရှိ ပက်လက် ကြိမ်ကုလားထိုင်ပေါ်သို့ ဘေးတစောင်းလေးလှဲချလိုက်ပြီး စားပွဲပေါ်မှ စာအိတ်ကိုလှမ်းယူလိုက်သည် ။

စာအိတ်ထိပ်လေးအား မညီမညာဆွဲဖြဲလိုက်ရင်း စာအိတ်ထဲက ခပ်သော့သော့လက်ရေးနှင့်ရေးထားသော စာတစ်စောင်အား ဖွင့်ဖတ်လိုက်သည် ။

//သို့
           နွယ်

နေကောင်းရဲ့လား ၊ အစစအရာရာရော အဆင်ပြေရဲ့လား ၊ ကိုယ်ကတော့ ဒီမှာ အဆင်ပြေနေပါတယ် ၊ ကျန်းမာရေးလဲကောင်းတယ် နွယ် ကိုယ့်အတွက် စိတ်မပူနေနဲ့နော် ၊ ပြီးတော့ ထောင်ဝင်စာလဲ လာမတွေ့နဲ့ နွယ်စာကျက်တဲ့အချိန်တွေဖဲ့ပေးနေရမှာစိုးလို့ပါ ၊ အခုဆို နွယ်လဲ တတိယနှစ်ဆေးကျောင်းသူကြီးတောင်ဖြစ်ရောပေါ့ ၊ ကိုယ့်ရဲ့အပျင်းမလေးနွယ်က စာတွေရောလိုက်နိုင်ရဲ့လား ၊ ကိုယ်ပြောခဲ့ဖူးတာတွေကိုမမေ့ပစ်နဲ့နော် ၊ ကိုယ်စကားတွေများမိနေတာနဲ့ နွယ်စိတ်ညစ်ပါတော့မယ်လေ ၊ ကဲ ကဲ ဒါဆို ဒီလောက်ပါပဲနွယ်ရေ ၊ အစစအရာရာအဆင်ပြေအောင်နေနော်
                                                        နွယ့်ရဲ့ဦးမျိုး //

VINE(Completed) Where stories live. Discover now