Chapter 18

4.1K 725 71
                                    

<Unicode>

စုန်ချင်ရှစ်၏မျက်နှာအမူအရာမှာ  ဘာသာတရားကိုယုံကြည်ကိုင်းရှိုင်းသော သဘာပတိတစ်ဦးအသွင်နှင့် လက်အုပ်ချီထားလျက် ယွဲ့ဝူဟွမ်ကို ပြောလာသည်။
" ငါတန်ဖိုးအထားရဆုံးရတနာလေး ရောက်လာပြီ! "

ယွဲ့ဝူဟွမ်သည် တစ်ခဏမျှလောက်တွေဝေသွား၏။ ပြီးတော့မှ သူကိုင်ထားသည့် လှောင်ချိုင့်အတွင်းတွင် ပြေးလွှားနေကြသော ကြွက်ဖြူသေးသေးလေး၆ကောင်ကို စုန်ချင်ရှစ်ကြည့်နေမှန်း သတိထားမိသွားတော့သည်။ မြန်မြန်ဆန်ဆန်ပဲ ထိုလှောင်ချိုင့်ကို စမ်းသပ်ခန်းထဲရှိစားပွဲပေါ်၌ သူတင်လိုက်ပြီး စုန်ချင်ရှစ်ကို ပြသလိုက်သည်။
" သခင်၊ ဒါတွေကို မိုးညပွဲကြည့်စင်ရဲ့ခေါင်းဆောင်က ပို့လာခဲ့တာ။ ဧကန္တ ဒီဟာတွေက ရှားပါးတဲ့မှော်ဝင်သားရဲတွေများလား? "

" ဒါတွေက ငါသူ့ကို သေမျိုးကမ္ဘာကနေ ရှာခိုင်းလိုက်တဲ့ ကြွက်လေးတွေ။ ဒီလောက်နည်းနည်းလေးကိုတောင် သူ ခက်ခက်ခဲခဲ ရှာခဲ့ရတာ။ " စုန်ချင်ရှစ်သည် စားပွဲပေါ်မှေးတင်လျက် ထိုအကောင်လေးများကို ပျော်ရွှင်မှုအပြည့်ဖြင့်ကြည့်နေသည်မှာ ဘယ်လောက်ပဲကြည့်ကြည့် ကြည့်လို့မဝနေသည့်အတိုင်း...။
" ဝူဟွမ်၊ မင်းသိလား? ကြွက်ဖြူတွေက လူသားတွေနဲ့ မျိုးရိုးဗီဇအရ ၉၈ရာခိုင်နှုန်း တူညီတယ်ဆိုတာ။ ဒီကောင်လေးတွေက ဆေးသိပ္ပံလောကမှာ အသုံးများဆုံး အစမ်းသပ်ခံလေးတွေပဲ။ "

ယွဲ့ဝူဟွမ်၏ မျက်လုံးလှလှလေးများမှာ မယုံကြည်နိုင်မှုများဖြင့် ဝိုင်းစက်သွားလေ၏။ လှောင်ချိုင့်ထဲရှိ ထိုညစ်တီးညစ်ပတ်ကြွက်ဖြူကောင်များကို မယုံသကႅာဖြစ်စွာနှင့် သူကြည့်လိုက်သည်။

ဒီဟာတွေက သူနဲ့ ၉၈ရာခိုင်နှုန်း တူတယ်တဲ့လား?

" လောလောဆယ်တော့ ငါတို့ဆီမှာ တောရိုင်းထဲက ရလာခဲ့တဲ့ ဒီမျိုးစိတ်တစ်ချို့ပဲ ရှိနေသေးတယ်။ အကောင်တွေများလာအောင် မွေးမြူဖို့လိုတယ်။ အဲ့လိုကနေ ကြွက်အမျိုးအစား အမျိုးမျိုး ပေါက်ဖွားလာလိမ့်မယ်။ သန့်ရှင်းတဲ့ကြွက်၊ ပိုးသတ်ပြီးသားကြွက်၊ ကင်ဆာရှိတဲ့ကြွက်၊ ဆီးချိုရှိတဲ့ကြွက်၊ အဲ့လိုကြွက်အမျိုးအစားပေါင်းစုံ...။ " သူချစ်သည့်ကြွက်ဖြူအကြောင်းများကို ပြောပြနေသော စုန်ချင်ရှစ်၏မျက်နှာမှာ စိတ်ဝင်စားမှုများအပြည့်ဖြင့် ရွှင်ပြလျက်။ သူပြောနေသည်များကို တစ်ပါးသူနားလည်၊ မလည် ဂရုမစိုက်နိုင်တော့ဘဲ သူ့ဘာသာ ဆက်တိုက်ရေရွတ်နေလေသည်။
" အဲ့လိုမွေးထုတ်နိုင်ဖို့ကလည်း ဆယ်စုနှစ်လောက်ကြာဦးမယ်။ ကံကောင်းစွာနဲ့ပဲ အခြေတည်ဝိဉာဥ်ကျင့်ကြံသူတွေရဲ့ သက်တမ်းက ရှည်လျားတယ်။ ငါအချိန်ယူပြီးတော့ သူတို့ကို သေချာဂရုစိုက်လို့ရတယ်။ မွေးမြူရေးခန်းကို ပြင်ဆင်ပြီးသွားပြီလား? ဒီနေ့ကစပြီး ငါ စမ်းသပ်ခန်းထဲမှာပဲ နေမယ်။ ဒီကြွက်တွေက အရမ်းကိုနူးညံ့လွန်းလို့ အမတကုန်းမြေနဲ့ ကျင့်သားရပါ့မလားတောင် မသေချာဘူး။ သူတို့တွေ ဘာပြဿနာမှမရှိဘဲ အကောင်ပေါက်လေးတွေချောချောရှူရှူမွေးလာအောင် ငါသေချာဂရုစိုက်ပေးချင်တယ်။ ဒါလေးတွေက ငါအသက်ရှင်နေရတဲ့အကြောင်းပြချက်ပဲ...။ "

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now