Chapter 32

1.6K 280 9
                                    

( Unicode )

ဆရာဝန်တွေအတွက် အထူးသဖြင့် လူနာ၏ အသည်းအသန်ရှုပ်ထွေးသောအရေးပေါ်အခြေအနေနှင့် ကြုံလာခဲ့သည်ရှိသော် အရေးကြီးဆုံးသော အရာတစ်ခုမှာ မိမိကိုယ်မိမိစိတ်ငြိမ်ငြိမ်ထားနိုင်ရန်ဖြစ်သည်။

အတိဒုက္ခမိုးသားတိမ်တိုက်များ လွှင့်စင်ပပျောက်သွားပြီးနောက် မရေတွက်နိုင်လောက်အောင် များပြားလှသည့် ကြယ်တာရာများက မိုးကောင်းကင်တစ်ခုလုံးဖုံးလွှမ်းသွားသည်အထိ အပြည့်ဖြစ်လာပြန်ခဲ့သည်။

ထိုသူ့အား ကယ်တင်နိုင်ရန်အတွက် တတ်နိုင်သမျှ မြန်မြန်အချိန်လုလုပ်ရမည်။ သူ့အတွက် ဝမ်းနည်းပူဆွေးနေဖို့ အချိန်မရှိပေ...

ယွဲ့ဝူဟွမ်သည် စုန်ချင်ရှစ်အား ဂရုတစိုက် ပွေ့ချီလိုက်သည်။ နတ်ဆေးဘုရင်တောင်ကြားသို့ တိုးတိတ်လျှို့ဝှက်စွာ အပြေးပြန်သွားလိုက်သည်။

ပထမဆုံးအနေနှင့် စုန်ချင်ရှစ်၏ နှလုံးနှင့်အသက်သွေးကြောဟန်ချက်ညီမျှနိုင်ရန် ရတနာစံအိမ်၏စုဆောင်းမှုများထဲမှ ရွှေစင်နှင်းပန်းနှလုံးကာကွယ်ဆေးလုံးကို ထုတ်လိုက်ပြီး သူ့အားတိုက်ကျွေးလိုက်သည်။ ထို့နောက် စုန်ချင်ရှစ်တံခါးပိတ်ကျင့်ကြံချိန်တိုင်း အသုံးပြုလေ့ရှိသည့် လျှို့ဝှက်အခန်းလေးထဲသို့ သူ့အား တိတ်ဆိတ်ငြိမ်သက်စွာ ရွှေ့ပြောင်းလိုက်ပေသည်။ ယင်းအလုံပိတ်အခန်းသည် အိပ်ခန်း၏ မြေအောက်ထပ်နေရာ၌ တည်ရှိသည်။ အဖုံးဖွင့်လျက်ပြန့်ကျဲနေသည့် ဖတ်လက်စရှေးဟောင်းစာအုပ်များနှင့်အတူ အစွန့်ပစ်ခံ နွေဦးဆေးစိမ်ရေချိုးကန်ငယ်လေးတစ်ကန်က မပြောင်းမလဲရှိနေကြသည်။ နွေဦးဆေးစိမ်ကန်မှာ ခန္ဓာကိုယ်အား ပူနွေးစေနိုင်သည့် အကျိုးသတ္တိရှိပေသည်။

စုန်ချင်ရှစ်သည် ဤနေရာ၌ အမြဲတမ်းလိုလို ရေချိုးလေ့ရှိသည်။ သို့သော် နောက်ပိုင်း၌ ရေကန်မှာသေးလွန်းသည်ဟုဆိုကာ သူ့အခန်းအပြင်ဘက်တွင် ရေချိုးကန်အကြီးကြီးတစ်ကန် ပြန်ဆောက်လိုက်သည်။ ထိုကတည်းမှစ၍ ယင်းနွေဦးဆေးစိမ်ကန်လေးမှာ အစွန့်ပစ်ခံလိုက်ရတော့သည်။ ယွဲ့ဝူဟွမ်မှာ သူ့အခန်းအား ရှင်းလင်းကူရင်းနှင့် မြေအောက်ခန်းကို မတော်တဆရှာတွေ့သွားခြင်းသာဖြစ်ခဲ့သည်။ ယင်းလျှို့ဝှက်အခန်းအား စုန်ချင်ရှစ်မသုံးတော့သည်မှာ နှစ်ပေါင်းရာချီကြာသွားသဖြင့် နတ်ဆေးဘုရင်တောင်ကြားကလူတိုင်းလည်း ၎င်းအကြောင်းကို မသိကြတော့ချေ။

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now