Chapter 28

1.6K 301 7
                                    

( Unicode )

ထိုသို့နှင့် ယွဲ့ဝူဟွမ်၏ကုတင်ပေါ်သို့ စုန်ချင်ရှစ်‌ နေ့တိုင်းတက်လာလေရာ အကြောင်းပြချက်မှန်သမျှတို့ကို သူစဉ်းစားရတော့သည်။

ပထမဆုံးအနေနှင့် အကြောင်းပြချက်များထဲမှ ယေဘုယျအကျဆုံး ' ဒီရက်ပိုင်းရာသီဥတုက အေးလာ၍ အစာအိမ်နာမည် ' ဟုပြောပြီး စုန်ချင်ရှစ်အား သာမန်လိုင်နင်သားဝတ်ရုံရှည်ကို လုံခြုံတင်းကြပ်စွာ ဝတ်ဖို့ ဖြောင်းဖြပြောမည်။ ဒုတိယအဖြစ် စုန်ချင်ရှစ် သူအိပ်နေရာမှ တစ်ဖက်လှည့်လာသော် သူ့ညာလက်မောင်းကို အရင်ဆန့်ထုတ်လိုက်ပြီး ဖက်လုံးသဖွယ် သူ့စိတ်ကြိုက်ဖက်တွယ်ခိုင်းလိုက်မည် သို့မဟုတ်လည်း တစ်ဖက်လှည့်အိပ်ပြီး သူ့ကျောပြင်ကို စုန်ချင်ရှစ်ဘက် မျက်နှာမူထားမည်။ ထိုသို့ဆိုလျှင် နှစ်ဦးသားကြားရှိ ထိတွေ့မှုလည်း အများကြီး ကွာဟသွားလိမ့်မည်။ နောက်ဆုံးအနေနှင့် သူ့အလိုဆန္ဒများကို ဖိနှိပ်ထားနိုင်ရန် ခံစားချက်ကူကောင်အား အလုပ်ပေးထားရုံသာ... ဤနည်းများသုံး‌သော်လည်း ပုံမှန်အခြေအ‌နေကို ရောက်သည်ဆိုရုံမျှသာ ထိန်းထားနိုင်သည်။

ယွဲ့ဝူဟွမ်သည် အိပ်ရေးပျက်ရသည့်ရက်ပေါင်းများလာသော်လည်း သူ့အိပ်ရာ‌ဘေး ကုတင်နောက်တစ်လုံးထပ်ထည့်ဖို့လည်း မတောင်းဆိုသလို စုန်ချင်ရှစ်ကိုလည်း ကန်ထုတ်ဖို့စိတ်မကူးမိချေ။ အဘယ့်ကြောင့်ဆို စုန်ချင်ရှစ် သူ့ကိုနီးနီးကပ်ကပ်ဖက်တွယ်ပြီးအိပ်မောကျနေသည့်ပုံစံလေးက သူ့စိတ်ကူးယဉ်ကမ္ဘာထဲကအတိုင်းတစ်ထပ်တည်းတူနေ၍ အတုအယောင်ဖြစ်ပါစေ ထိုခံစားချက်ကြောင့် သူပျော်ရွှင်ရသည်။ ၎င်းက တစ်ဖက်လူကလည်း သူ့ကိုပြန်ကြိုက်သည်ဟုခံစားရသဖြင့် တွန်းထုတ်မည့်အစား  ခါးသက်ပြီးချိုမြိန်သည့်ခံစားချက်လေးအတိုင်းသာ စီးမြောလိုက်ပါသွားလိုက်မည်ပင်။

စုန်ချင်ရှစ်သည် ယောက်ျားနှစ်ဦး တစ်ကုတင်တည်း ဖြူဖြူစင်စင်အိပ်စက်ကြခြင်းအတွက် ဘာပြဿနာမှမရှိဟု ထင်သည်။ သူ မူလတန်းအရွယ်တုန်းကပင် နွေရာသီအားလပ်ရက်တိုင်း သူ့ဝမ်းကွဲများနှင့်အတူ အိပ်လေ့ရှိသည်။ အလယ်တန်းကျောင်းသားအရွယ်၌ နိုင်ငံခြားသို့သွားခဲ့စဉ်က ခုတင်နှစ်လုံးပါသောအိပ်ခန်းကို ဘွတ်ကင်မလုပ်လိုက်နိုင်၍ နှစ်ယောက်အိပ်ကုတင်ပေါ်တွင် သူ့စီနီယာအစ်ကိုနှင့်အတူ ညအိပ်ခဲ့ရသည်။ မနက်မိုးသောက်သော် အကြောင်းပြချက်မရှိ ကုတင်ပေါ်မှကန်ထုတ်ခံရပြီး နောက်ရက်များအထိ ဆိုဖာပေါ်သာအိပ်ခဲ့ရသော်လည်း ယောက်ျားလေးများနှင့် အတူတူအိပ်ခြင်း၌ သူ့တွင် အတွေ့အကြုံအလွန်ပေါများသည်ဟု ထင်သည်။ ထို့အတွက်ကြောင့် ဘာပြဿနာမှမရှိနိုင် !

ဗီလိန်ကိုမှားယွင်းစွာကယ်တင်မိခြင်း ( Myanmar Translation )Where stories live. Discover now