Chapter 21

783 160 6
                                    

Unicode
အခန်း ( ၂၁ )
အဝေးက တောင်ပေါ်က အရာတွေကို မျှော်ကြည့်နေမယ့်အစား အရှေ့ကရတနာကိုသာ ကြည့်ပါ

နှစ်သစ်၏ ပထမဆုံးနေ့ဖြစ်၏။ မြို့ကြီးများတွင် မီးရှူးမီးပန်းများဖောက်တာကို တားမြစ်ထားသည့်တိုင် သူတို့နေထိုင်ရာ နယ်မြို့လေးတွင်တော့ ပိတ်ပင်ထားခြင်းမရှိတာကြောင့် ဖျောက်အိုးဖောက်တာကိုပင် ရှောင်လွှဲလို့မရပေ။ မိုးမလင်းခင်ကပင် အပြင်ဘက်က ဖျောက်အိုး​ဖောက်သံများက ဆူညံပွက်လောရိုက်လို့နေလေပြီ။ လေထုထဲတွင်ပင် မီးခိုးငွေ့ညှော်နံ့များကိုတောင် ရလို့နေပြီ။

လုမိသားစုက သူတို့ဆွေမျိုးထံသွားရောက်လည်ပတ်ဖို့ရန် မလိုအပ်တာကြောင့် လုယွမ်နှင့် လုချီမှာ နွေဦးပွဲတော်ကဗျာစာခွေများချိတ်ဖို့ရန် စောစောထကြပြီး မားမားလုအား ကန်တော့ကြလေသည်။ နှစ်သစ်အတွက် နှုတ်ဆက်ခြင်းပြီးသွားတော့ စာအိတ်နီထူထူတစ်လုံးစီရကြ၏။

မားမားလုက နုညံ့စွာပြုံးကာ ကလေးနှစ်ယောက်၏ခေါင်းကို ပွတ်သပ်ရင်း မပြောင်းလဲပေမယ့် စိတ်ရင်းမှန်သော ဂုဏ်ပြုနှုတ်ခွန်းဆက်စကားကို ဆိုလာသည်။

“ နှစ်သစ်မှာ အန္တရာယ်ကင်းဘေးရှင်းပြီး အရာရာ အဆင်ပြေချောမွေ့ပါစေကွယ်။ ”

“ ကျေးဇူးပါ အမေ။ အမေလည်း ကျန်းမာရေးကောင်းပြီး အသက်ရာကျော်ရှည်ပါစေ။ အသက်ကြီးလေလေ ပိုပိုလှလာပါစေ !”

လုယွမ်က နှစ်သစ်ဆုတောင်းစကားကို ဘယ်လိုကောင်းအောင် ပြောရမလဲဆိုတာ ကောင်း​ကောင်းသိပြီး စကားနည်းနည်းနှင့် မားမားလုကိုပြုံးအောင်လုပ်နိုင်သည်။ ထိုသို့ပြောပြီးတာနှင့် လုယွမ်က သူမအိတ်ကပ်ထဲမှ စာအိတ်နီနှစ်လုံးကိုထုတ်ကာ မားမားလုကိုတစ်လုံး လုချီကိုတစ်လုံး ပေးလာသည်။

“ အမေ အမေက အလုပ်တွေတအားလုပ်တယ်။ ဒါက သမီးတစ်ယောက်အနေနဲ့ ဝတ်တရားကျေတာပါ။  ”

ထို့နောက် လုချီဘက် လှည့်ကာပြုံးပြလာ၏။

“ အားချီ ပျော်ရွှင်စရာ နှစ်သစ်ကူးပါ။ နင့်ရဲ့ပညာရေးမှာ ဘာအခက်အခဲအ​နှောင့်အယှက်မှမရှိဘဲ အောင်မြင်ပါစေ။ ”

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now