Chapter 24.1

889 137 4
                                    

Unicode
အခန်း ( ၂၄ )
အန္တရာယ်ကို ရှောင်ရှားခြင်း

နွေဦးရာသီရောက်ပြီဖြစ်သော်ငြားလည်း ရာသီဥတုက သိပ်မနွေးထွေးသေးပေ။ မြို့တော်မှာ ဆက်တိုက် မိုးရွာနေဆဲပင်။ လုယွမ်သည် မှန်ပြတင်းမှတစ်ဆင့် အပြင်ဘက်သို့စူးစိုက်ကြည့်နေရင်း မိုးစဲမယ့်ပုံမပေါ်တာကိုတွေ့တော့ သူမမျက်ခုံးများက မှုန်ကုတ်လို့သွားသည်။

ကောခန်က သူမကို အမြဲလိုလို အရိပ်တကြည့်ကြည့်ကြည့်နေတတ်ပြီး လုယွမ်မျက်မှောင်ကြုတ်သွားတာကိုလည်းမြင်ရော စိတ်ဝင်တစားဖြင့် သူမနားကို တိုးကပ်လာသည်။

“ မင်း ထီးမယူခဲ့ဘူးလား။ ကိုယ်က ဒီနေ့ကားမောင်းလာတာ။ မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်လေ။ ”

လုယွမ်သည် နေ့လည်က မိတ္တူကူးဖို့လိုသော စာရွက်စာတမ်းများကိုငုံ့ကြည့်ရင်း တစ်ရွက်စီထပ်လိုက်၏။ ထို့နောက် ခေါင်း​ပင်မော့မလာဘဲ ယဥ်ယဥ်ကျေးကျေးဖြင့် ငြင်းပယ်လိုက်လေသည်။

“ ကျေးဇူးတင်ပါတယ်ရှင် ဒါပေမယ့် ကျွန်မ ဒီနေ့ထီးဝယ်လာခဲ့တယ်။ ”

မိုးရွာသောနေ့များမှာ ထီးသည်တွေက အမြဲလိုလို ရှိတတ်၏။ မရှိလျှင်လည်း အလုပ်အပြန်မှာ ထီးတစ်ချောင်းဝယ်လိုက်တာပဲဖြစ်စေ တက္ကစီငှားပြီးပဲဖြစ်စေ အိမ်ပြန်လို့ရသည်​လေ။

လုယွမ်က အမြဲတစေ အေးတိအေးစက်နှင့် တည်ငြိမ်လွန်းလှသည်။ ကောခန်က သူမအပေါ်မှာ ခံစားချက်တစ်ချို့ရှိတာကို မြင်ရတာကြောင့် လုယွမ်က ပိုပြီးအေးတိအေးစက်ဆက်ဆံလျှင်တောင် အမှားရှာလို့တော့ မရနိုင်ချေ။

နေလည်စာ စားချိန်ရောက်လာလေပြီ။ ကုမ္ပဏီတွင် စားသောက်ဆိုင်လေးတစ်ဆိုင်ရှိ၏။ လုယွမ်က ထိုဆိုင်မှာ စားနေကျပင်။ သို့သော်လည်း လုယွမ် ဓာတ်လှေကားထဲသို့ဝင်ခါနီး၌ လှေကားထောင့်နားမှာ ဝန်ထမ်းမလေးများ တိုးတိုးတိတ်တိတ်ပြောနေကြတာကို မတော်တဆကြားမိသွား၏။

“ အစကလေ ယွမ်ယီဆောက်လုပ်ရေးကို ယွမ်ခယ့်စီပေးဖို့ ပြောနေကြတာပဲ။ ဒါပေမယ့် အခုတော့ ဒုဥက္ကဌဟော်က ဆက်တာဝန်ယူပြီး ဖူဟိုင်နဲ့ စာချုပ်ချုပ်လိုက်တယ်။ နင်မတွေ့လိုက်ဘူးဆိုပေမယ့်ဟယ် ဒီနေ့ဆို ဥက္ကဌရဲ့ မျက်နှာက ဒယ်အိုးဖင်လိုမည်းတူးနေတာပဲ။ ဟူး… ငါဆို ကော်ဖီဖြည့်ပေးဖို့သွားရင်း လက်တွေတုန်နေတာပါဆို။ ”

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now