Chapter 23

793 134 6
                                    

Unicode
အခန်း ( ၂၃ )
မင်းကို သေအောင်ကိုက်ချင်တယ်

ကျောင်းစာသင်နှစ်အသစ်က စတင်လာလေပြီ။ ထုံးစံအတိုင်း ကျောင်းသားကောင်စီ၏ နှစ်ပတ်လည်အစည်းအဝေးကို စတင်ခဲ့သည်။ ရာထူးသက်တမ်း တစ်နှစ်ခွဲသာကျန်တော့သော တတိယနှစ်စီနီယာများလည်း တက်ရောက်ကြကာ သူတို့ထဲမှတစ်ယောက်ဖြစ်သော ဖုန်းကျယ်သည် တစ်ခုခုကို တိုးတိုးတိတ်တိတ် ပြင်ဆင်နေခဲ့သည်။ အစည်းအဝေးပွဲပြီးတော့ လုချီအပါအဝင် ကျောင်းကောင်စီဝင်အချို့ကို နေခဲ့ဖို့ရန် သီးသန့်ခေါ်ထားခဲ့၏။

လုချီအပါအဝင် လင်းနျန်ခုံး၊ ချောင်ရွှမ်၊ ရှန်ယောင်ယောင်တို့က ကွန်ပျူတာသိပ္ပံဌာန၏ လူတော်များဖြစ်ကြ၏။

“ တကယ်တော့ မင်းတို့ကောင်တွေကို တိုင်ပင်စရာရှိလို့ပါ။ ဒါပေမယ့် မကြုံ​ကြိုက်ဘူးဖြစ်နေလို့။ ဒါ့ကြောင့် မင်းတို့ကို ညစာကျွေးဖို့ လုပ်လိုက်တာ။ ငါ ဒကာခံပါ့မယ်ကွာ။ မင်းတို့ဂျူနီယာတွေအကုန်လုံး ဒီကစီနီယာကြီးကို မျက်နှာသာပေးချင်ရင် ဒီနေ့တော့ လိုက်ခဲ့ကြကွာ။ ”

ဖုန်းကျယ်မှာ အလွန်ကောင်းသောမိသားစုနောက်ခံရှိသလို မိဘပိုက်ဆံနှင့် ထင်ရာစိုင်းတတ်​သော သာမန်ဒုတိယမျိုးဆက်သခင်လေးများနှင့် ကွဲပြားသော ထူးခြားသည့် တာဝန်သိစိတ်ရှိ၏။ သူ့၏အပြင်ပန်းသွင်ပြင်ကလည်း အတော့်ကို စိတ်ရင်းကောင်းသည့်ပုံပေါ်ကာ ‘C’ တက္ကသိုလ်၌ သူ့၏ဆက်သွယ်ရေးကွန်ရက်က လူမှုအသိုင်းအဝိုင်းတွင် ရေထဲငါးလို အတွင်းအပြင် အမြစ်တွယ်နေပြီးဖြစ်၏။ သူတို့ကို ညစာကျွေးတယ်ဆိုကတည်းက နေခဲ့ဖို့ရန်အဖိတ်ခံထားရသောလူများသည် ထိုဖိတ်ကြားမှု၏နောက်ကွယ်တွင် လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုရှိပြီဖြစ်မှန်း သိပြီးကြပြီဖြစ်သည်။ 

၎င်းကို ပုံဖျက်ထားသော သံလွင်ခက်ဟု သတ်မှတ်နိုင်သည်လေ။ လူချမ်းသာတစ်ယောက်နှင့် ပူးပေါင်း၍ အကျိုးကျေးဇူးကြီးကြီးမားမား ရမရကို သူတို့မသိဘူးဆိုလျှင်တောင်မှ ဖုန်းကျယ်၏ မိသားစုနောက်ခံနှင့် ကျောင်းသားကောင်စီဥက္ကဌဆိုသော ရာထူးအရ ပေါင်မုန့်တစ်စနှင့် ဆွဲဆောင်ခံလိုက်ရသောခိုတစ်အုပ်လို ငြင်းဆန်ရဲကြမှာမဟုတ်ပေ။
[ သံလွင်ခက်- ငြိမ်းချမ်းရေးသင်္ကေတ​ ]

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now