အခန်း(၁)

9.7K 385 3
                                    

ဝေတစ်ယောက် ကျောင်းပိတ်ရက်ကို မနက်(၅)နာရီ မနိုးစဖူး နိုးနေသည်။ ညက အစားမှား၍ မနက်ကျ ဗိုက်ကမခံနိုင်တော့။ ကိစ္စရှင်းပြီးနောက် ပြန်အိပ်၍မရသည်နှင့် လေ့ကျင့်ခန်းလုပ်ကာ ရေမိုးချိုးလိုက်သည်။ ဖေဖေကတော့ မနိုးသေး။ မနေ့ညနေကမှ အလုပ်ခရီးက ပြန်ရောက်သဖြင့် ပင်ပန်းနေပေလိမ့်မည်။

မနက်စာစားဖို့ ကြက်ဥမွှေကြော် ကြော်လိုက်သည်။ လမ်းထိပ်က ထမင်းသုပ်နှင့် တွဲစားလိုက်ရရင်ဖြင့်ဟု တွေးမိ၍ ထမင်းသုပ်ဝယ်ရန် ပြင်သည်။

ခြံတံခါးကို အပြင်မှ သော့ခတ်ပြီး ထွက်လာခဲ့သည်။ ဘေးအိမ်ရှေ့ မြတ်လေးပန်းရုံတွင် ပန်းခူးနေသော အန်တီခင်ဖြူစင်ကို တွေ့ရသည်။ အန်တီခင်ဖြူစင်။ မနက်ခင်းတွင် အရုဏ်ဦးနှင့် အပြိုင်လှနေသော အန်တီခင်ဖြူစင်။ အမြဲတမ်း မြန်မာဝတ်စုံနှင့် ကျက်သရေရှိသော အန်တီခင့်ကို ဝေတစ်ယောက် လွန်ခဲ့သော အတိတ်ကာလ နှစ်များဆီကတည်းက မြင်မြင်ချင်း ကြွေခဲ့ရပါသည်။

အန်တီခင့်ကို မြင်လိုက်တိုင်း 'တူနှစ်ကိုယ်တိုင်းပြည်' သီချင်းထဲက စာသားလေးကို သတိရတတ်မြဲ။

'တာဝတိံသာက နတ်သမီးလေးတစ်ပါး နတ်သက်ကြွေကာ ××× မြန်မာပြည်မှာ လူဖြစ်ပြီးတော့ မွေးဖွားလာတယ်××× ဣန္ဒြေပိုင်ရှင် ယဥ်ကျေးမှုနဲ့ သူ့အလှတွေရယ်×××မြင်လျှင်မြင်လျှင် မြင်ချင်းပဲကွယ် ချစ်မိစေတယ်×××ကိုယ့်နှလုံးသားက လက်ညှိုးထိုးပြခဲ့တယ်၊ ရည်မှန်းထားတဲ့ အချစ်ပန်းကောင်းတစ်ပွင့်မို့ကွယ်×××ဆွတ်ခူးလက်ကမ်းလှမ်းကြံရွယ် ကြွေပါတော့ကွယ်'

အန်တီခင်၏ ခြေထောက်နား ပန်းလေးတစ်ပွင့်ကြွေကျသွားသည်။ အဲ့ဒီပန်းလေးဟာ ဝေပါပဲ။ ဝေက မနေနိုင်လို့ ကြွေလိုက်ရတဲ့ ပန်းလေးတစ်ပွင့်ပါပဲ။ ဒီထက်မပိုပါဘူး။ ဝေ့အနေနဲ့ ဒီ့ထက်ပိုကြွေချင်လို့ မဖြစ်ဘူးလေ။ အန်တီခင့်မှာ ကာမပိုင်ယောက်ျား ရှိသည်မဟုတ်လား။ အပိုင်း၁နဲ့ 'ပြီးပါပြီ' စာတန်းထိုးသွားတဲ့ ဇာတ်လမ်းလေးဟာ ဝေရဲ့ တစ်ဖက်သတ်အချစ် ဇာတ်လမ်းလေးပါပဲ။

အန်တီ့ခင်ပွန်းနှင့် ဝေ့ဖေဖေ တို့မှာ အိမ်နီးနားချင်းသူငယ်ချင်းများ။ ဖေဖေနှင့် ရင်းနှီးသော်လည်း ဝေနှင့် မရင်းနှီးပါ။ ဝေ့ကို ဖေဖေ့သမီးအဖြစ်သာ သိထားရုံရပါသည်။ ဝေကလည်း ပေါင်းသင်းဆက်ဆံရေး သိပ်ကောင်းသည်လေ။ မေးတစ်ခွန်း ဖြေတစ်ခွန်းပဲ လုပ်တတ်သည်။ ဖေဖေကတော့ ဝေ့ကိုအားမရပါ။ ဒီထက်ပိုပြီး လူတွေနှင့် ဆက်ဆံစေချင်သည်။ လူတောတိုးစေချင်သည်။ ထိုအခါတိုင်းလည်း ဝေက မထုံတက်သေး နှင့် ပြန်မပြောနားမထောင် လုပ်နေ၍ ကြာတော့ ဖေဖေက လက်မြှောက်ထားတော့သည်။

အချစ်လေတံခွန်Where stories live. Discover now