Extra(1)Zawgyi

810 29 4
                                    

ဧည့်ခန်းထဲတွင် တွေ့လိုက်ရသော မျက်နှာကြောင့် အပြင်မှ ခုန်ပေါက်ပြီး ဝင်လာသော ဝေ ရပ်တန့်သွားသည်။

'သမီး...ဝေလေး'

ဝေသည် မျက်နှာကို ချက်ချင်းလွှဲကာ အိမ်ပေါ်သို့ တက်ရန် ပြင်သည်။

'သမီး'

ဒီတစ်ခါ ခေါ်သူက ဖေဖေ။

'ဒီကို ခဏလာလိုက်ပါဦး'

'သမီး ပင်ပန်းနေပြီ ဖေဖေ'

'ခဏပဲလို့ ဖေဖေပြောတယ်လေ'

'နေပါစေ၊ ကိုနိုင်၊ သမီးကို အတင်းအကျပ် မလုပ်ပါနဲ့၊ ပင်ပန်းနေရင် နားပါစေ၊ သမီး...ဝေလေး ပင်ပန်းရင် နားတော့နော်...မေမေ ဝေလေး မျက်နှာကို တွေ့လိုက်လို့ အလွမ်းပြေပါပြီ'

ဝေ့ကို ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့ ပြောပိုင်ခွင့် သူ့မှာ ရှိလို့လား။ သူနဲ့ ဝေဟာ ဘာပတ်သတ်တော့လို့လဲ။ ဝေ့ကို ထားခဲ့တဲ့နေ့က စပြီး ပတ်သတ်မှု ပြတ်တောက်ခဲ့ပြီပဲ။ ဝေ့ကိုယ့်ထဲမှာ စီးဆင်းနေတဲ့ သွေးတစ်ဝက်ဟာ သူ့သွေး မဟုတ်ဘူး။ သေမလိုဖြစ်ခဲ့ရတဲ့ နေ့တွေ့မှာ ကိုယ်ကိုယ်တိုင် ကြိုးစားရှင်သန်ခဲ့ရလို့ ဆက်ပြီး တည်ရှိနေတဲ့ ဝေ့ကိုယ်ပိုင်သွေးတွေပဲ။ ခုမှ သူအလွမ်းပြေ တွေ့လို့ရအောင် ဝေ့ဘဝကို ဝေ ဆက်ရှင်သန်နေခဲ့တာ မဟုတ်ဘူး။ အမေတစ်ယောက်ကို လိုအပ်ခဲ့တဲ့ အချိန်တွေတုန်းက ဝေ့မှာ ဘယ်ကိုသွားပြီး အလွမ်းပြေဆိုပြီး အမေကို တွေ့ခွင့်ရှိခဲ့လို့လဲ။ သွားစမ်းပါ။ ဒရမ်မာတွေ ဆို ဝေ့သိပ်မုန်းတယ်။

ဝေ့အတွေးများက နာကြည်းနေသယောင်ရှိသော်လည်း ဝေ့မျက်လုံးများက ခံစားချက်မဲ့နေသည်။ ထိုမျက်လုံးများဖြင့် မာတာပိတုတို့ကို ကြည့်ကာ ကျေးဇူးတင်ပါတယ်ဟု နှုတ်ကဆိုသည်။ ထို့နောက် အိမ်ပေါ်သို့ ခပ်သွက်သွက် ပြေးတက်သည်။ ဖေဖေနောက်မှ  ထလိုက်လာသည် ထင်သည်။အခန်းတံခါးကို ဆွဲကာ ပိတ်မည်ပြုတော့ ဖေဖေက သူ့လက်ဖြင့် ခံထားသည်။

'ဝေ နေဦး'
'ဘာလဲ ဖေဖေရာ'
'ဒါ ဒရမ်မာတွေ မဟုတ်ဘူး၊ သူ မကောင်းတိုင်း ဖေဖေတို့ ပြန်မကောင်းစရာ မလိုဘူးလေ၊ သူ ဒီမှာ ခရီးတစ်ထောက်နားဖို့ လိုအပ်နေတယ်'
'ခရီးတစ်ထောက်နားစရာ ဟိုတယ်တွေ အများကြီးရှိတယ်ဖေဖေ၊ ဝေတို့အိမ်က သွားချင်တဲ့အချိန်သွား၊ လာချင်တဲ့ အချိန် လာလို့ရတဲ့ သာလာယံဇရပ် မဟုတ်ဘူး၊ တကယ်လို့  ဖေဖေ သူ့ကို ဒီည လက်ခံမယ်ဆိုရင် ဝေဒီည ဒီမှာ နေမှာ မဟုတ်ဘူး'
'သမီးရယ်'

အချစ်လေတံခွန်Where stories live. Discover now